ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များချိတ်ဆက်၍ ပညာသင်ဆုများပိုမိုရရှိရေး ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိအနေဖြင့် အဆင့်မြှင့်ပညာရေး ကဏ္ဍတွင် ပြည်တွင်းတက္ကသိုလ်များသည် ဘွဲ့ကြို၊ ဘွဲ့လွန်နှင့် ပါရဂူအဆင့်အထိ ကောင်းစွာတတ်မြောက် အောင်မြင်အောင်သင်ကြားပေး၍ ဘွဲ့များ အပ်နှင်းချီးမြင့်လျက်ရှိပါကြောင်း၊ ပညာရည်မြင့်မားရေးကို အလေးထား ပြုစုပျိုးထောင်ပေးပါ ကြောင်း၊ ထို့အပြင် ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များ ချိတ်ဆက်၍ နိုင်ငံ တကာ တက္ကသိုလ်များတွင် လေ့လာသင်ယူခွင့်ရအောင် ဖန်တီးပေးခြင်းသည်လည်း ပညာရည် ပိုမိုမြင့်မားရေးအတွက် အထောက်အပံ့ကောင်းများ ဖြစ်နိုင်ပါကြောင်း၊ ထို့ကြောင့် လူငယ်များ အတွက် ပညာသင် ဆုအခွင့်အလမ်းများ ပိုမိုတိုးချဲ့ပေးခြင်းအစီအစဉ် များကိုလည်း ဖော်ဆောင်ပေး ပါလူငယ်များ နိုင်ငံတကာအဆင့်မီပညာရပ်များနှင့် ကျွမ်းကျင်မှုပညာ ရပ်များကို သင်ကြား နိုင်ပြီး နိုင်ငံ၏ လူ့စွမ်း အားအရင်းအမြစ် ပိုမိုဖွံ့ဖြိုးတိုးတက်၍ မိမိနိုင်ငံတွင် ပြန်လည်ပို့ချနိုင်ခြင်းဖြင့် ထိရောက် စွာ အထောက်အကူပြုနိုင်ပါကြောင်း။
သို့ဖြစ်ပါ၍ လူငယ်များအတွက် ပြည်တွင်းတက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များ ချိတ်ဆက်၍ နိုင်ငံတကာအဆင့်မီပညာများ သင်ကြားနိုင်ရေးအတွက် ပညာသင်ဆုများပိုမိုရရှိရေးကို ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးဝင်းမောင်သိန်း က
မိမိတို့ ပညာရေးဝန်ကြီးဌာနအနေဖြင့် ကျောင်းသား ကျောင်းသူများ နိုင်ငံတကာ အဆင့်မီ ပညာသင်ယူနိုင်ရေးအတွက် နိုင်ငံတကာပညာသင်ဆု အခွင့်အလမ်းများ ပိုမိုရရှိ စေရန်အတွက် ပြည်တွင်း တက္ကသိုလ်များနှင့် နိုင်ငံတကာတက္ကသိုလ်များအကြားတွင် ပညာရေး၊ သုတေသနနှင့် လူ့စွမ်းအား အရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ပညာသင် ဆုများသည် နိုင်ငံတကာနှင့်ဒေသဆိုင်ရာ ပညာသင်ဆုအမျိုးအစားအပါအဝင် ရုရှား ဖက်ဒရေးရှင်း နိုင်ငံမှ ချီးမြှင့်သည့် ROSCOSMO, ROSATOM စသည့်ပညာသင်ဆုများ၊ တရုတ်နိုင်ငံတော် ပညာသင် ဆုကောင်စီမှ ပေးအပ်ချီးမြှင့်သည့် China Scholarship Council (CSC) ပညာသင်ဆုများ၊ Chinese Government Scholarship ပညာသင်ဆုများနှင့် တရုတ်နိုင်ငံ၊ စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ် ရေးဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် (MOFCOM) ပညာသင်ဆုများ၊ ကိုရီးယားအစိုးရမှ ထောက်ပံ့ ပေးသည့် Global Korea Scholarship (GKS) ပညာတော်သင်ဆုများ၊ ဂျပန်နိုင်ငံ ပညာရေး၊ ယဉ်ကျေးမှု၊ အားကစား၊ သိပ္ပံနှင့် နည်းပညာ ဝန်ကြီးဌာနမှ ပေးအပ်ချီးမြှင့်သည့် ပညာသင်ဆုများ၊ အခြားသော ASEAN အဖွဲ့အစည်း များမှပေးအပ်သည့် ပညာသင်ဆုများ၊ အရှေ့တောင်အာရှ ပညာရေး ဝန်ကြီးများအဖွဲ့ (SEAMEO)မှ ပေးအပ်သည့် ပညာသင်ဆုများ၊ မြန်မာနိုင်ငံတွင်ရှိသည့် တက္ကသိုလ် များနှင့် နိုင်ငံတကာ တက္ကသိုလ်များ၊ ပညာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ (MoU, MoA)များ ရေးထိုး၍ တက္ကသိုလ်များအချင်းချင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ကျောင်းသား ကျောင်းသူများသည် ပညာသင်စေလွှတ်သကဲ့သို့ ယဉ်ကျေးမှုဖလှယ်ခြင်း၊ ပညာရပ်ဆိုင်ရာ ဖလှယ်ခြင်း၊ သုတေသန ဆိုင်ရာ အတွေ့အကြုံများရရှိစေခြင်းတို့အတွက် Students Exchange, Program Exchange, Research Collaboration တို့ကိုဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့ပြင် နိုင်ငံတကာတက္ကသိုလ်များ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ဖွံ့ဖြိုးရေးမိတ်ဖက် အဖွဲ့အစည်းများမှ ပံ့ပိုးသည့် ပညာသင်ဆုအစီအစဉ်များနှင့်စပ်လျဉ်း၍ သတင်းအချက်အလက် များကို အချိန်နှင့်တစ်ပြေးညီ ဖြန့်ဝေပေးခြင်း၊ အရည်အချင်းပြည့်မီသော ကျောင်းသား ကျောင်းသူ များကို အမည်စာရင်းတင်သွင်းပေးခြင်းနှင့် ပညာသင်ဆုလျှောက်ထားနိုင်ရန်အတွက် လိုအပ်သော အကြံပေး ခြင်းနှင့် လမ်းညွှန်ပံ့ပိုးမှုများ ဆောင်ရွက်လျက်ရှိသည့်အပြင် ကျောင်းသား ကျောင်းသူ များ၏ အင်္ဂလိပ်စာ ဘာသာစွမ်းရည်၊ သုတေသနစွမ်းရည်၊ ဒီဂျစ်တယ်နည်းပညာ အသုံးချ စွမ်းရည်နှင့် နိုင်ငံတကာယှဉ်ပြိုင် နိုင်စွမ်းတို့ကို မြှင့်တင်ပေးနိုင်ရန်သင်တန်းများနှင့် ပညာရပ် ဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်များကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ် အထိ ပညာရေးဝန်ကြီးဌာနမှ ပြည်ပနိုင်ငံများ ကို ထူးချွန် ကျောင်းသား ကျောင်းသူများအတွက် လေ့လာရေးခရီးစဉ်များ၊ အားကစားပြိုင်ပွဲများ၊ မူးယစ် တိုက်ဖျက် အသိပညာ ပေးလေ့လာရေး ခရီးစဉ်များနှင့် အခြားသင်တန်းများအတွက် ကျောင်းသား ကျောင်းသူ စုစုပေါင်း ၄၃၃ ဦး စေလွှတ် ခဲ့ပါကြောင်း။
ပညာရေးဒီဂရီကောလိပ်များတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ဘွဲ့ကြိုသင်တန်းများကို ဖွင့်လှစ် သင်ကြားလျက်ရှိရာ ဘွဲ့ကြိုသင်တန်းများတွင် တက်ရောက်လျက်ရှိသော ကျောင်းသား ကျောင်းသူ ဦးရေ ၁၂,၆၅၂ ဦးဖြစ်ပြီး ဆရာ ဆရာမဦးရေ ၁,၅၆၈ ဦး ဖြစ်ပါကြောင်း၊ ပညာရေးဒီဂရီ ကောလိပ်များတွင် ဆရာ ဆရာမများနှင့် ဘွဲ့ကြိုကျောင်းသား ကျောင်းသူများအတွက် နိုင်ငံတကာ တက္ကသိုလ်များတွင် ပညာသင်ကြားနိုင်ရန်အတွက် ပညာသင်ဆုများသည် လျှောက်ထားနိုင်ရန် အချိန်မီ အကြောင်းကြား ဆောင်ရွက် လျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနသည် ၂၀၂၁-၂၀၂၅ ခုနှစ်အတွင်း ပြည်ပနိုင်ငံများသို့ သင်တန်းများ စေလွှတ်လျက်ရှိရာ ပါရဂူဘွဲ့အတွက် ၈၁ ဦး၊ မဟာဘွဲ့အတွက် ၂၆ ဦး၊ ဒီပလိုမာ သင်တန်းအတွက် ၁၂ ဦးနှင့် အခြားသင်တန်းများအတွက် ၁၃၂ ဦးစေလွှတ်ခဲ့ပြီး စုစုပေါင်း သင်တန်းသား ၂၅၁ ဦး စေလွှတ် ပြီးဖြစ်ပါကြောင်း၊ လက်ရှိအနေဖြင့် ပြည်ပနိုင်ငံများတွင် ပါရဂူဘွဲ့တက်ရောက်ရန် စေလွှတ်ထားသော သင်တန်းသား ၃၂ ဦးရှိ၍ မဟာဘွဲ့တက်ရောက်ရန် စေလွှတ်ထားသော သင်တန်းသား ၃ ဦးရှိပါကြောင်း၊ ပညာရေး ဝန်ကြီး ဌာန သည် လက်ရှိတွင် နိုင်ငံပေါင်း ၉ နိုင်ငံသို့ ပညာတော်သင်သင်တန်းသား စုစုပေါင်း ၆၉ ဦးစေလွှတ်လျက်ရှိပါကြောင်း။
ဆရာအတတ်ပညာဦးစီးဌာနနှင့် ပညာရေးဒီဂရီကောလိပ်များမှ ဆရာ ဆရာမများသည် နိုင်ငံတကာပညာတော်သင်နှင့် နိုင်ငံတကာလေ့လာရေး ခရီး၊ ဆွေးနွေးပွဲ၊ ရက်တိုသင်တန်းများကို ဟန်ဂေရီနိုင်ငံ၊ တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ စင်္ကာပူနိုင်ငံ၊ မလေးရှား နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ စသည့်နိုင်ငံများသို့ သွားရောက်လျက်ရှိပါကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ်တွင် မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ Student Exchange Programနှင့် cholarship Program တို့ကို ဆရာအတတ်ပညာဦးစီးဌာနတွင်ရှိသည့် ပညာရေးဒီဂရီကောလိပ်များနှင့် အင်ဒိုနီးရှားနိုင်ငံ တွင် ရှိသည့် Universities Negeri Jakarta, Universities Negeri Malang တို့ပူးပေါင်း ဆောင်ရွက်နိုင်ရန် စီစဉ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ Naypyitaw State Academy အနေဖြင့် နိုင်ငံတကာအဆင့် မီပညာများ သင်ကြားနိုင်ရန်အတွက် China Scholarship Council (CSC) ၏အစီအစဉ်ဖြင့်် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ နန်ကျင်းမြို့တွင်ရှိသည့် Southeast University, School of Foreign Languages ၏ ပါရဂူဘွဲ့သင်တန်းကို လည်းကောင်း၊ MOFCOM Scholarship ၏အစီအစဉ်ဖြင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Jiangxi University of Finance and Economics (JUFE) International Business Program သည် မဟာဘွဲ့သင်တန်းသို့လည်းကောင်း၊ ရုရှားဖက်ဒ ရေးရှင်းနိုင်ငံ၊ နိုင်ငံပိုင်အဏုမြူစွမ်းအင် ကော်ပိုရေးရှင်း ROSATOM မှ ပေးအပ်သည့် ပညာသင်ဆု ဖြင့် ပါရဂူဘွဲ့သင်တန်းသို့လည်းကောင်း၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဆွန်ချွန်တွင်ရှိသည့် Sunchon National University တွင် 2024 Global Korea Scholarship (GKS) Program ဖြင့် ပါရဂူဘွဲ့သင်တန်းကို ပညာသင်များစေလွှတ် ဆောင်ရွက်လျက် ရှိပါကြောင်း၊ ပြည်တွင်း တက္ကသိုလ် များနှင့် နိုင်ငံတကာတွင် ရှိသည့်တက္ကသိုလ်များချိတ်ဆက်၍ နိုင်ငံတကာ အဆင့်မီ ပညာသင်ကြား နိုင်ရန် ပညာသင်ဆုများရ ရှိရန်အတွက် (MoU) နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုးနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပညာသင်ဆုများ တိုးမြှင့်ရရှိစေရန် ဦးတည်ကြိုးပမ်း ဆောင်ရွက် လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားပါသည်။