အောင်ပန်းဒေသ သစ္စာမြောင် မြနန္ဒာနှင့် အခြားရေဝေရေလဲဒေသများအား ကြီးကြပ်မည့် အစီအစဉ်နှင့် ၎င်းဒေသများ၌ မြေအသုံးချခွင့်ရနေမှုအား အမြန်ဆုံးစိစစ်ပြီး ပြီးပြတ်ရေးဆောင်ရွက်ပေးမည့် ကာလ သတ်မှတ်ချက် အစီစအဉ်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ်၊ ကလောအောင်ပန်းဒေသသည် ထင်းရူးတောလို့ တင်စားခေါ်ဝေါ်ကြသည့် သစ်တောများနှင့် စိမ်းလန်းစိုပြေ သာယာလှပသည့် ဒေသဖြစ်ပါကြောင်း၊ ကလော၊ အောင်ပန်း၊ ဟဲဟိုးဒေသများသည် သဘာဝတရားကြီးက ပေးအပ်ထားသည့် စိမ့်စမ်းရေကို အဓိကထားပြီး အသုံးပြုနေရသည့် ဒေသများဖြစ်သည့်အလျောက် ဒေသတွင်းသောက်သုံးရေပြတ်လပ် မှု မရှိစေရေးအတွက် ရေဝင်ရေလွှဲဧရိယာများကို အစဉ်တစိုက် ထိန်းသိမ်းစောင့်ရှောက်ဆောင်ရွက် ခဲ့ရခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတော်သမ္မတကြီး ဦးမင်းအောင်လှိုင်က ကစထမှူးတာဝန်ထမ်းဆောင်ခဲ့စဉ် ၉-၅-၂၀၁၀ ရက်နေ့တွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ယခုကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးရာပြည့်နှင့် အဖွဲ့ဝင်များလိုက်ပါပြီး အောင်ပန်းမြို့မှာရှိသည့် ရေဝင်ရေလွှဲဒေသဧရိယာများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး လမ်းညွှန်မှုများပြုခဲ့ခြင်းများရှိပါကြောင်း ၎င်းလမ်းညွှန်မှုများမှာ-
ပြည်သူများအနေနဲ့ သဘာဝရေထွက်တွေရှိတဲ့ ရေထွက်ဦးမြေမှန်သမျှကို ထိန်းသိမ်းပေးကြပါ။ ကျူးကျော်ချဲ့ထွင်တာတွေကို ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး တားမြစ်ကြပါ။ အဲ့ဒီလို မထိန်းသိမ်း ဘူးဆိုလျှင် နောင် ၁၀ နှစ်ကြာတဲ့အခါမှာ အောင်ပန်းမြို့ သောက်သုံးရေ ပြတ်လပ်မှုသည် ယခုထက် ပိုမိုဆိုးရွားစွာတွေ့ကြုံရပါလိမ့်မယ်။ လိုအပ်လျှင် တိုင်းမှူးကြီးအနီးကပ်ရှိနေတာပဲ ကူညီပေးပါလိမ့်မယ်လို့ အဲ့ဒီကာလက နိုင်ငံတော်အကြီးအကဲကိုယ်တိုင်က လမ်းညွှန်မှုပြုခဲ့တာ ဖြစ်ပါတယ်။ အောင်ပန်းမြို့မှာလည်း မြို့ပေါ်မှာ လက်ရှိနေထိုင်တဲ့သူ လူဦးရေ ၄၅,၀၀၀ ခန့် ရှိပြီး နေ့စဉ် ရေဂါလန် လိုအပ်ချက်က ဂါလန် ၉၀၀,၀၀၀ လောက်လိုတာဖြစ်ပါတယ်။ သို့သော်လည်း ယနေ့အချိန်မှာ ရေပေးဝေနိုင်မှုက ဂါလန် ၃၀၀,၀၀၀၊ ၄၀၀,၀၀၀ လောက်ရှိတာ ဖြစ်တဲ့အတွက် ရေလိုအပ်ချက်ကြီးမားပြီးတော့ ပြည်သူအများစုက ရေကိုဝယ်ယူပြီးတော့ ဖြည့်တင်းဆောင်ရွက်နေရတာဖြစ်ပါတယ်။
ထို့အပြင် နိုင်ငံတော်အကြီးအကဲအဆက်ဆက်က လမ်းညွှန်ခဲ့ပြီးကလောမြို့နယ်၊ သစ်တောဦးစီး ဌာနမှ ၁၄-၆-၁၉၉၄ ရက်နေ့တွင် အောင်ပန်းဒေသ သစ်တောကြိုးဝိုင်း ၁ မိုင်ပတ်လည် ဧကအတွင်းရှိ သစ္စာမြောင် မြနန္ဒာရေထွက်ဦး စတုရန်းမိုင် ၁ မိုင်ပတ်လည် ဧက ၆၄၀ နေရာကို ရေဝင်ရေလဲ ဧရိယာ အဖြစ် အောင်ပန်းမြို့ရှိ အောင်ချမ်းသာဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်အဖွဲ့များကို ထိန်းသိမ်း စောင့်ရှောက်ရန်အတွက် ဆက်ကပ်လှူဒါန်းခဲ့ပါကြောင်း၊ သစ်တောမြေ ဧက ၆၄၀ ဆက်ကပ်ခဲ့ သော် လည်း ယခုအချိန်တွင် ၆၄၀ အပြည့် မရှိတော့ဘဲ အစိုးရစီမံခန့်ခွဲမှု ရှိသည့် မြေ ဆိုပြီး အိမ်များ၊ အကွက် များ၊ စိုက်ပျိုးမြေများ ဆောက်လုပ်ပြီး ကျူးကျော်ဆောင်ရွက်လာသည်များကို တွေ့ရနေပါကြောင်း၊ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်းတွင် ၎င်းနေရာများတွင် ဌာနဆိုင်ရာအချို့၏ ခွင့်ပြုချက်အရ ဒေသခံ အိမ်ခြံ မြေ ရောင်းဝယ်ရေးစီးပွားရေးသမားများသည် မြေများရောင်းချခြင်း၊ အဆောက်အဦ ဆောက်လုပ်ခြင်း၊ ယာမြေအဖြစ် ချဲ့ထွင်ခြင်းများကို ပြုလုပ်ခဲ့သည့်အတွက် အကျိုးတော်ဆောင်အဖွဲ့ နှင့် စီးပွားရေး မြေ ပွဲစားများကြားတွင် ပြဿနာကြီးထွားလာခဲ့ပြီး ဆရာတော်ကြီးနှင့် အကျိုးတော်ဆောင်အဖွဲ့များကို စာရွက်စာတမ်းအတုပြုလုပ်မှု၊ အသရေဖျက်မှုဆိုသည့် အကြောင်းပြချက်များနှင့် တရားစွဲဆိုပြုလုပ်ခဲ့ သည့် အတွက် ယနေ့တိုင် ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များ တရားရင်ဆိုင်နေရသည့် အခြေအနေ ဖြစ်ပါကြောင်း။
ဗုဒ္ဓဘာသာအများစုကိုးကွယ်သည့် မိမိတို့နိုင်ငံအတွက် ဘယ်လိုမှ မဖြစ်သင့်သည့် မသင့်လျော် သည့် ကိစ္စဖြစ်ပါကြောင်း၊ ယခုလိုပြုလုပ်ခဲ့အတွက်ကြောင့် ယခု ကလောမြို့နယ်အတွင်းရှိ ကလော၊ အောင်ပန်း၊ ဟဲဟိုးဒေသများမှာ သောက်သုံးရေရှားပါးမှုအခက်အခဲများကို စတင်ရင်ဆိုင်နေရပြီ ဖြစ်ပါကြောင်း၊ သစ်တောများထိန်းသိမ်းပြီး ရေဝင်ရေလဲဧရိယာများအချိန်မီမကာကွယ်ပါက ဒေသခံ ပြည်သူများအနေဖြင့် သောက်သုံးရေပြတ်လပ်မှုများနှင့် ရင်ဆိုင် ကြုံတွေ့လာရခြင်းဖြစ်ပါကြောင်း၊ မိမိ အနေဖြင့် သိလိုသည်မှာ ကလောမြို့နယ်၊ အောင်ပန်းဒေသ သစ္စာမြောင်မြနန္ဒာရေထွက်ဦး ရေဝင် ရေလဲ နေရာအားပုဂ္ဂလိကများ၏ မြေအသုံးချခွင့်ရနေမှုအပေါ် သက်ဆိုင်ရာဝန်ကြီးဌာနများက ပြန်လည်စိစစ်ပေးရန်အစီအစဉ် ရှိ /မရှိ၊ ၎င်းဒေသများနည်းတူ အခြားရေဝေရေလဲဒေသများ ကြီးကြပ် ပေးမည့်အစီအစဉ် ရှိ /မရှိနှင့် ရေဝင်ရေလဲဒေသအတွင်း မြေအသုံးချမှုအား အမြန်ဆုံးစိစစ်ရန် လိုအပ်ချက်ရှိနေသည့်အတွက် သက်ဆိုင်ရာဌာနများမှ အမြန်ဆုံးဆုံးဖြတ်ပြီး ပြီးပြတ်အောင် ဆောင်ရွက်ပေးမည့်ကာလကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဒေါက်တာသောင်းနိုင်ဦး က
ရှမ်းပြည်နယ်၊ ကလောမြို့နယ်၊ အောင်ပန်းဒေသ သစ္စာမြောင် မြနန္ဒာ ရေဦးရေထွက် စတုရန်း ၁ မိုင် ပတ်လည်ရေဝေရေလဲ ဧရိယာ ၆၄၀ ဧကသည် လယ်ယာနှင့်သစ်တောဝန်ကြီးဌာန၏ ၂၉-၁၂-၁၉၈၇ ရက်နေ့စွဲပါ အမိန့်ကြော်ငြာစာ အမှတ် (၃၂၂) အရ အောင်ပန်းသစ်တော ကြိုးဝိုင်း အဖြစ် သတ်မှတ်ခဲ့သည့် ဧရိယာ ၁၂,၂၆၈ ဧကအတွင်း မြေဧရိယာ ၅၂၂ ဧက ပါဝင်ပြီး ကျန်မြေဧရိယာ ၁၁၈ ဧက သည် လွယ်မောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၁) အတွင်း လယ်ယာမြေ ဧရိယာ ၄၉.၅၅ ဧကနှင့် မြေလွတ်၊ မြေရိုင်းဧရိယာ ၆၈.၄၅ ဧက ပါဝင်ပါကြောင်း၊ လယ်ယာမြေဧရိယာ ၄၉.၅၅ ဧက မှာ ဦးပိုင်ပေါင်း ၂၃ ခု၊ တောင်သူပေါင်း ၁၉ ဦး တို့ လုပ်ကိုင်လျက်ရှိပြီး ဦးပိုင်ပေါင်း ၁၈ ခု၊ တောင်သူ ပေါင်း ၁၇ ဦး၊ မြေဧရိယာ ၃၇.၈၉ ဧကအား မြေစာရင်းဦးစီးဌာနက လယ်ယာမြေ လုပ်ပိုင်ခွင့်ပြု လက်မှတ် (ပုံစံ-၇) ထုတ်ပေးထားပြီး ဖြစ်ပါကြောင်း၊ ဦးပိုင်ပေါင်း ၃ ခု၊ တောင်သူ ၁ ဦး၊ မြေဧရိယာ ၉.၆၆ ဧက သည့် မြေယာအငြင်းပွားမှုများရှိနေသည့်အတွက် (ပုံစံ-၇) ထုတ်ပေးထားခြင်း မရှိသေးပါကြောင်း၊ ဦးပိုင်ပေါင်း ၂ ခု၊ တောင်သူ ၁ ဦး၊ မြေဧရိယာ ၂ ဧကရှိ ယာမြေကို ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ၁၇-၂-၁၉ ရက်နေ့ပါ အမိန့်အမှတ် (၁၀/၂၀၁၉) အရ ဦးရာဇာရှိန်းအမည်ဖြင့် လူနေထိုင်ရန်နှင့် စားသောက်ဆိုင် အဆောက်အဦ ဆောက်လုပ်ရန်အတွက် အခြားနည်းအသုံးပြုခွင့်ကို ခွင့်ပြုမိန့်ပေးထားပါကြောင်းနှင့် လက်ရှိမြေပြင်တွင် လူနေအိမ်အဆောက်အဦ ၃ လုံး ဆောက်လုပ်ထားပါကြောင်း၊ အခြားနည်း ဖြင့် ခွင့်ပြုမိန့်ရရှိထားသည့် မြေဧရိယာ ၂.၀၀ ဧက အနက် ၁ ဧက ကို ဂရန် အမှုတွဲအမှတ် (၉၁/ ၂၀၂၀)ဖြင့် ၂၁-၄-၂၀၂၀ မှ ၂၀-၄-၂၀၅၀ ထိလည်းကောင်း၊ ကျန်မြေ ၁ ဧကကို ဂရန်အမှုတွဲအမှတ် (၁၇၁/၂၀၂၀)ဖြင့် ၇-၇-၂၀၂၀ မှ ၆-၇-၂၀၅၀ ထိလည်းကောင်း နှစ် ၃၀ မြေငှားဂရန်များကို တောင်ကြီး ခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဦးရာဇာရှိန်းအမည်ဖြင့် မြေငှားဂရန် ချပေးထားခဲ့ပါ ကြောင်း။
လွယ်မောကျေးရွာအုပ်စု၊ ကွင်းအမှတ် (၃၁) အတွင်းမှာရှိ မြေလွတ်၊ မြေရိုင်း ၆၈.၄၅ ဧက၌ ရေစက်ဆုံ ဘုန်းတော်ကြီးကျောင်းတွင် မြေဧရိယာ ၁ ဧက ခန့်ကို ကျူးကျော်တည်ဆောက် အသုံးပြု ထားသည်ကို စိစစ်တွေ့ရှိရပြီး ကျန်မြေနေရာများတွင် သဘာဝထင်းရှူးပင်များ ပေါက်ရောက်လျက် ရှိပါကြောင်း၊ အောင်ပန်းကြိုးဝိုင်းတွင် ရှိသည့် ၅၂၂ ဧကမှာ ၃၆ ဧကကို ၈-၁၁-၂၀၂၅ ရက်စွဲပါ အမိန့် ကြော်ငြာစာအမှတ် (၉၉/၂၀၂၅) ဖြင့် သာသနာ့နယ်မြေအဖြစ်ပယ်ဖျက်ပေးခဲ့ပြီး သစ်တောဦးစီး ဌာနမှ ၁၉၉၅ ခုနှစ်တွင် စီးပွားရေးထင်းရှူးစိုက်ခင်း ၆၅ ဧက၊ ၂၀၀၄ ခုနှစ်၌ စီးပွားရေးထင်းရှူး စိုက်ခင်း ၁၀၀ ဧကကို စိုက်ပျိုးတည်ထောင်ပြီး ၂၀၀၅ ခုနှစ်တွင် ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တော ၃၂ ဧကကို တည်ထောင်ခွင့်ပြုထားခဲ့ပြီး သဘာဝတောကျန် ဧရိယာ ၃၁၇.၁၃ ဧကရှိပါကြောင်း၊ အဆိုပါ ဧရိယာများအတွင်း မြေဧရိယာ ၃.၈၇ ဧကပေါ်မှာ ကျူးကျော်နေထိုင်သူ ၁၇ ဦး ရှိကြောင်း စိစစ်တွေ့ရှိရပါကြောင်း။
သစ်တောနယ်မြေအတွင်း ကျူးကျော်နေထိုင်သူ ၁၇ ဦးနှင့်စပ်လျဉ်းပြီး သစ်တောဦးစီးဌာနက အောက်ပါအတိုင်း အရေးယူဆောင်ရွက်လျက်ရှိပါတယ်-
(က) ဦးခွန်ထွန်းမောင် ပါ ကျူးကျော်နေထိုင်သူ ၁၅ ဦး မြေဧရိယာ ၂.၂ ဧကမှာ ၂၀၁၃ ခုနှစ်၊ကြိုးဝိုင်းကျူးကျော်စာရင်းကောက်ယူစဉ်က စာရင်းထဲမှာပါဝင်ခဲ့သည့်အတွက် ထပ်မံတိုးချဲ့ လုပ်ကိုင်ဆောင်ရွက်မှုမရှိစေရေးကို သတိပေးကြီးကြပ်ဆောင်ရွက်လျက်ရှိပါတယ်။
(ခ) ဒေါ်တာ အမည်ဖြင့် ကျူးကျော်ဧရိယာ ၀.၁၇ ဧက သည် ၂၀၁၃ ခုနှစ်၊ ကြိုးဝိုင်း ကျူးကျော်စာရင်းကောက်စဉ်က ပါဝင်ခဲ့သော်လည်း နေအိမ် ၁ လုံး တိုးချဲ့ ဆောက်လုပ် ခဲ့သည့်အတွက် တရားစွဲဆိုထားပြီးအဆိုပါ အဆောက်အဦ ၁ လုံးကိုလည်း ပြန်လည် ဖျက်သိမ်းထားရှိပြီးဖြစ်ပါတယ်။
(ဂ) ဒေါ်ခင်မေရီက သစ်တောမြေမှာ တောင်ယာ ၁.၅ ဧက ကျူးကျော် လုပ်ကိုင်ခဲ့တဲ့ အတွက် ကလောမြို့နယ် တရားရုံးမှာတရားစွဲဆိုခဲ့သော်လည်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေး ကောင်စီရဲ့ ၂၀-၇-၂၀၂၁ ရက်စွဲပါ အမိန့်အမှတ် (၁၄၇/၂၀၂၁) အပိုဒ် (၂)(ခ) အရ အကျုံးဝင်တဲ့အတွက် အမှုပိတ်သိမ်းပြီး တရားခံအားအမှုမှ ကင်းလွတ်စေခဲ့ပါတယ်။
ရေဝင်ရေလဲဒေသများကို ကြီးကြပ်ပေးမည့် အစီအစဉ်နှင့် စပ်လျဉ်းပြီး ၁၉၉၅ ခုနှစ်၊ မြန်မာ့ သစ်တောမူဝါဒနှင့်အညီ အဓိကရေဝေရေလဲဒေသများ ထိန်းသိမ်းကာကွယ်ရန်အတွက် မြန်မာနိုင်ငံ သစ်တောများ ပြန်လည်တည်ထောင်ရေးစီမံကိန်း ၂၀၁၇-၂၀၁၈ မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်အထိ ၁၀ နှစ်တာကာလအတွင်း အင်းလေးကန် ရေဝေရေလဲ ဧရိယာအတွင်း ပါဝင်သည့် မြို့နယ် ၁၀ မြို့နယ်တွင် ရေဝေရေလဲစိုက်ခင်း၊ ဂေဟစနစ်ဖြည့်တင်းရေးစိုက်ခင်း၊ အထူးစိမ်းလန်း စိုပြည်ရေးစိုက်ခင်းများ အပါအဝင် စိုက်ခင်းမျိုးစုံ ဧရိယာဧကပေါင်း ၇,၇၁၇ ဧက အပင်ပေါင်း ၃,၀၇၁,၆၂၆ ပင်ကို စိုက်ပျိုးခဲ့ပါကြောင်း၊ ရေဝေရေလဲဒေသဂေဟစနစ်များ ရေရှည်တည်တံ့စေရန် အတွက် ရေ၊ မြေ ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်မှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် အထိ သဘာဝရေထွက်တော၊ ရေထိန်းတောများ ထိန်းသိမ်းကာကွယ်ခြင်း ၇၆ ခု၊ ကမ်းပါးပြို ထိန်းသိမ်းခြင်း ၂၂၆ ခု၊ ကျောက်စီနုန်းထိန်းတမံငယ် ၆၁၆ ခု၊ အမာခံကွန်ကရစ် နုန်းထိန်းတမံ ၁၁ ခု၊ သဘာဝရေထွက် ထိန်းသိမ်းခြင်း ၃၈ ခုနှင့် ဇီဝအင်ဂျင်နီယာနည်းဖြင့် ထိန်းသိမ်းခြင်း ၄,၁၁၁ ခု၊ ရေလွှဲမြောင်း၊ ရေစိမ့်မြောင်း ၈ဝ,၈၄ဝ ပေ၊ ကွန်တိုကန်သင်းကန့် ၂၂၆,၇၄၅ ပေ ကိုလည်း ဆောင်ရွက် ခဲ့ပါကြောင်း။
ရှမ်းပြည်နယ်အတွင်းမှာရှိ သဘာဝရေအရင်းအမြစ်များ ရေရှည်တည်တံ့စေရေး၊ စနစ်တကျ ထိန်းသိမ်းကာကွယ်ရေးတို့အတွက် ရှမ်းပြည်နယ် သဘာဝရေထွက်တော၊ ရေထိန်းတော ထိန်းသိမ်း ကာကွယ်ရေးဥပဒေကို ၁၆.၁၂. ၂၀၁၉ ရက်နေ့တွင် ရှမ်းပြည်နယ်လွှတ်တော် ဥပဒေအမှတ် ၅ ဖြင့် ပြဋ္ဌာန်းထားရှိခဲ့ပြီး ဥပဒေနှင့်အညီ ရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိ ပါကြောင်း နှင့် ရေဝေရေလဲဒေသများ ကာကွယ်ထိန်းသိမ်းရေး၊ တရားမဝင် မြေအသုံးချမှုများ မဖြစ် ပေါ်စေရေးအတွက် ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း ဖြေကြားခဲ့ပါသည်။
ဒေါက်တာနန္ဒာလှမြင့်(ကလောမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းပါသည်။ နိုင်ငံတော်အကြီးအကဲများက ဆရာတော်ကြီးကို ရေဝေရေလဲဧရိယာ ၁ မိုင်ပတ်လည် ဧက ၆၄၀ ကို မိမိတို့ ထိန်းသိမ်းခွင့်ဆက်လက်ခဲ့တာက ၁၉၉၄ ခုနှစ် လွန်ခဲ့သည့် နှစ်ပေါင်း ၃၂ နှစ် က ဖြစ် ပြီး ၎င်းအချိန်တွင် ၎င်းဧရိယာသည် သစ်တောများ ဖုံးလွှမ်းပြီး ထင်းရှူးတောများနှင့် စိမ်းလန်း စိုပြည်နေပြီး ရေထွက်များကိုထိန်းသိမ်းထားသည့် နေရာဖြစ်ပါကြောင်း၊ ခုနောက်ပိုင်း အချိန်တွင် အကျင့်ပျက်ဝန်ထမ်း တစ်ချို့နှင့် ဒေသခံအကျိုးစီးပွားသမားများပူးပေါင်းပြီး ၎င်းအပေါ်တွင် တစ်ခြားနည်းသုံးစွဲခွင့်၊ မြို့မြေ လျှောက်ထားခြင်းများ ၊ ဂရန်များလုပ်ပြီး ကျူးကျော်ချဲ့ထွင်လာပြီး ဆောင်ရွက်လာခြင်းဖြစ်ပါကြောင်း၊ တရားမဝင်ကျူးကျော်ပြီး လိုင်းပေါ် မှာ ကွက်စိတ်ရောင်းချပြီး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ယခုလိုရောင်းချသည့်အတွက် ရှိသည့်သစ်တော များခုတ်ထွင်ပြီး အိမ်၊ ခြံမြေအကွက်များ လုပ်ရသည့်အတွက် သစ်တောများပြုန်းတီးပြီး သဘာဝရေထွက်များ ဖြစ်လာခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိ အနေဖြင့် ၁၉၉၄ ခုနှစ်၊ လွန်ခဲ့သည့် ၃၂ နှစ်ကတည်းက ဆရာတော်ကြီး ထိန်းသိမ်းစောင့်ရှောက်ခဲ့သည့် ဧရိယာများတွင် ခေတ်အဆက်ဆက်က အကျင့်ပျက် ဝန်ထမ်းအချို့ ဒေသခံအကျိုး စီးပွားသမားများကြောင့် ယခုလိုသဘာဝရေထွက်များခမ်းခြောက်ပြီး အများပြည်သူဒုက္ခရောက်မည့် ကိစ္စကို ပြန်လည်စိစစ်စစ်ဆေးပြီး သစ်ပင်၊ သစ်တောများ ကို ထိထိ ရောက်ရောက်ထိန်းသိမ်းရန်နှင့် ဥပဒေမဲ့ ပေါင်းစပ်နေသည့်ကိစ္စများကို ဖော်ထုတ် ပြီး အရေးယူ ဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ/ မရှိကို သိလိုပါကြောင်းဖြင့်ဆက်လက်မေးမြန်းပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာ သောင်းနိုင်ဦး က
ဆက်စပ်မေးခွန်း မေးမြန်းသည့်အတွက် လွှတ်တော်ကိုယ်စားလှယ်ကြီးအား အထူးကျေးဇူးတင် ရှိပါ ကြောင်း၊ စောစောကမိမိ ဖြေကြားခဲ့သလို အောင်ပန်းသစ်တော ကြိုးဝိုင်းသည် လယ်ယာနှင့် သစ်တောဝန်ကြီးဌာန၏ ၂၉-၁၂-၁၉၈၇ နေ့စွဲ့ပါ အမိန့်ကြော်ငြာစာနှင့် အောင်ပန်းသစ်တောကြိုးဝိုင်း အဖြစ် ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါကြောင်း၊ ဒုတိယတစ်ချက်အနေဖြင့် ကြိုးဝိုင်းတော၊ ကြိုးပြင်ကာကွယ် တောများ ဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်းများနှင့်စပ်လျဉ်းပြီး သစ်တောဥပဒေအရ ၂၀၁၈ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သည့် ဥပဒေပုဒ်မ ၄၊ ပုဒ်မ ၅၊ ပုဒ်မ ၆ နှင့် ပုဒ်မ ၇ တို့တွင် ကြိုးဝိုင်းတော ဖွဲ့စည်းခြင်း၊ ကြိုးပြင် ကာကွယ်တောဖွဲ့စည်းခြင်း၊ ကြိုးဝိုင်းတောနှင့်ကြိုးပြင်ကာကွယ်တောများ ပယ်ဖျက်ခြင်းနှင့် စပ်လျဉ်းသည့် လုပ်ထုံးလုပ်နည်းများ ဖော်ပြထားခြင်းဖြစ်ပါကြောင်း။
မိမိတို့ဝန်ကြီးဌာနအနေဖြင့် ကြိုးဝိုင်းတော ကြိုးပြင်ကာကွယ်တောများဖွဲ့စည်းခြင်း၊ ပယ်ဖျက်ခြင်း လုပ်ငန်းများကို ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ကြိုးဝိုင်းကျူးကျော်မှု များကိုလည်း ဥပဒေနှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ရေဝေရေလဲ ထိန်းသိမ်းခြင်းနှင့်ပတ်သက်၍ မြန်မာနိုင်ငံသစ်တောများ ပြန်လည်တည်ထောင်ရေး လုပ်ငန်းစဉ်များ အောက်တွင် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည့် အပြင် ကလော မြို့နယ်တွင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့် အညီ၊ ကလောမြို့နယ် ထင်းရှူးမြို့တော် ဖြစ်စေ ရေး ဆိုသည့် လမ်းညွှန်ချက်နှင့်အညီ ကလောမြို့နယ်ကိုလည်း ထင်းရှူးစိုက်ခင်းများကို ဦးစားပေးပြီး တည်ထောင်စိုက်ပျိုးလျက်ရှိရာ ၂၀၂၂ ခုနှစ်မှ ၂၀၂၆ ခုနှစ် မိုးရာသီအထိ ဧကပေါင်း ၇၅၂ ဧက၊ ထင်းရှူးပင်ပေါင်း ၄၃၇,၉၀၀ ပင်ကို စိုက်ပျိုးခဲ့ပါကြောင်း၊ ထို့အပြင် ၂၀၂၆ ခုနှစ် မိုးရာသီတွင် နိုင်ငံအဝန်းရေဝေရေလဲ ထိန်းသိမ်းရေးလုပ်ငန်းများတွင် နိုင်ငံ၏ရေအရင်းအမြစ်များအတွက် အလွန်အရေး ကြီးသည့်ကိစ္စလို့ ယုံကြည်သည့် အတွက် စီမံချက်များကိုချပြီး နှစ်စဉ်ဆောင်ရွက်လျက်ရှိရာ ၂၀၂၆ ခုနှစ် မိုးရာသီတွင် ရေဝေရေလဲ ဧရိယာ ဧကပေါင်း ၂,၇၁၀ ဧက၊ အပင်ပေါင်း ၆၅၃,၆၅၀ ပင်ကိုလည်း စိုက်ပျိုးခဲ့ပါကြောင်းနှင့် ရေဝေရေလဲထိန်းသိမ်းရေးလုပ်ငန်းတွေကို အင်တိုက်အားတိုက် ကြိုးပမ်း ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ၎င်းသစ်တောမြေတွင် ကျူးကျော်မှုများ မရှိစေရေးအတွက်ကို လည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်စပ်ဌာနများနှင့် ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။