MY EN

(ဂ)- ဦးအောင်ဇော်မိုး(ခ)အောင်ဇော်မိုးထွန်း(မူဆယ်မဲဆန္ဒနယ်)

2026-10-15
တတိယအကြိမ်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်ဇော်မိုး(ခ) အောင်ဇော်မိုးထွန်း (မူဆယ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မူဆယ်မြို့ပေါ်ရှိ နယ်စပ်ဂိတ်များ၌ ပစ္စည်းသယ်ယူမှုကို တန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန် ကောက်ခံ ပေးရန်နှင့် လူတစ်ဦးလျှင် ပစ္စည်းတန်ဖိုး ကျပ်သိန်း ၅၀ သယ်ယူခွင့်ပြုရန် အစီအစဉ် ရှိ မရှိ သိရှိ လိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဂိတ်များဖြစ်သော ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ် တို့မှ နယ်စပ်ဖြတ်သန်းခအခွန် ၃ ရာခိုင်နှုန်းကောက်ခံ၍ ခွင့်ပြုပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ မေးမြန်း သွား မည်ဖြစ်ပါကြောင်း။

မူဆယ်မြို့ရှိ တရုတ်နိုင်ငံနယ်စပ်ဂိတ်ဖြစ်သည့် ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့တွင် ဒေသသုံး တစ်စွဲတစ်နိုင်တစ်ပိုင်သယ်ဆောင်သောစားသောက်ကုန်နှင့်လူသုံးကုန်ပစ္စည်းများအပေါ်တွင်နယ်စပ် ဖြတ်သန်းခ အခွန် ၃ ရာခိုင်နှုန်း ကောက်ခံပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ရန်ပုံငွေပေးသွင်းခြင်းကို ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်တွင် စတင်ခဲ့ပါကြောင်း၊ မူဆယ်မြို့၊ ဆင်ဖြူဂိတ်တွင် တင်ပြပါဌာန ဆိုင်ရာများပါဝင်သည့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့ဖြင့်စတင်စိစစ်ကြပ်မတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အထိ နှစ်အလိုက် ကောက်ခံ ရရှိမှုမှာ တင်ပြပါအတိုင်းဖြစ်ပါကြောင်း၊ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ကျပ်သန်းပေါင်း ၁,၂၅၀ ကျော်ရ ရှိခဲ့ပြီး အခွန် ၃ ရာခိုင်နှုန်း ကောက်ခံရရှိငွေများကိုလအလိုက် လချုပ်စာရင်းပြုစု၍ ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ ငွေစာရင်းသို့ လစဉ်လွှဲပြောင်းပေးခဲ့ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁၅ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ညွှန်ကြားချက်ဖြစ်သော လောလောဆယ်ဆိုင်းငံ့ထားပြီး နောက် အသေးစိတ် ဆွေးနွေးပြီးမှ ညွှန်ကြားပါမည်ဆိုသည့် ညွှန်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်မှစ၍ အခွန် ၃ ရာခိုင်နှုန်း ကောက်ခံခြင်းမရှိဘဲ ယနေ့အချိန်အထိ ရပ်ဆိုင်းထား ရှိခဲ့ပါကြောင်း။

လောလောဆယ် ဆိုင်းငံ့ထားပြီး နောက် အသေးစိတ်ဆွေးနွေးပြီးမှ ညွှန်ကြားပါမည်ဆိုသည့် ညွှန်ကြားချက်သည်လုံးဝခွင့်မပြုဟူသော ညွှန်ကြားချက်မဟုတ်ဟုနားလည်မိပါကြောင်း၊ မူဆယ်မြို့ ၏ အခြေအနေသည် သာမန်အခြေအနေ မဟုတ်ပါကြောင်း၊ ပတ်ပတ်လည်ဝိုင်းခံထားရပြီး အန္တရာယ်နှင့်ရင်ဆိုင်နေရသည့်အခြေအနေဖြစ်ပါကြောင်း၊ မူဆယ်မြို့တွင်နေထိုင်သည့်လူတိုင်း သည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလကုန် ကတည်းကနေ့စဉ်ဘဝ အတွက်လိုအပ်သည့် စားသောက် ကုန်၊ လူသုံးကုန် များကို တရုတ်နိုင်ငံ၊ ရွှေလီမြို့မှ ဝယ်ယူသုံးစွဲ နေရတာဖြစ်ပါကြောင်း၊ အခွန် ၃ ရာခိုင်နှုန်းကောက်ခံခြင်းကို ရပ်ဆိုင်းလိုက်သော်လည်း မူဆယ်မြို့အတွက် မဖြစ်မနေ လိုအပ်သည့် စားသောက်ကုန်နှင့် လူသုံးကုန်များသည် တခြားဒေသမှ လာရောက်ရန် ခက်ခဲနေသည့် အတွက် တရုတ်နိုင်ငံ၊ ရွှေလီမြို့မှပင် ဝယ်ယူသုံးစွဲနေရဆဲဖြစ်ရာ နိုင်ငံတော်မှ ပုံမှန်ရရှိနေသော အခွန် ဘဏ္ဍာငွေရရှိခြင်းမရှိဘဲ နစ်နာဆုံးရှုံးနေရပါကြောင်း၊ တင်ပြပါပုံ များမှာ မူဆယ်မြို့ပေါ် ဆင်ဖြူဂိတ်တွင် စားသောက်ကုန်များ ဝယ်ယူလာမှုကို စစ်ဆေးနေခြင်း ဖြစ်ပါကြောင်း၊ တင်ပြပါပုံ များမှာ တရုတ်နိုင်ငံ၊ ရွှေလီမြို့ဘက်ခြမ်းမှမူဆယ်မြို့ကို ဝင်ရောက်ရန် အတွက် တန်းစီနေကြ ပုံများဖြစ်ပါကြောင်း၊ နယ်စပ်ဂိတ်တစ်ခုမှ နေ့စဉ် လူအဝင်/အထွက် ၁,၅၀၀ လောက်ရှိပြီး မြို့ပေါ်ရှိ ဈေးများ၊ ကုန်စုံဆိုင်များ၊ စားသောက်ဆိုင်များအတွက် လိုအပ်သည့် နေ့စဉ်သုံး ပစ္စည်းများ ဝယ်ယူ ထား မှုကို သွားရောက်သယ်ယူကြခြင်းဖြစ်ပါကြောင်း။

ထိုသို့ သွားရောက်သယ်ယူပြီးလျှင် လုပ်အားခအဖြစ်နှင့် မြန်မာကျပ်ငွေ ၂၀,၀၀၀၊ ၃၀,၀၀၀ ကျပ်ခန့် ရရှိပါကြောင်း၊ ထို့ကြောင့် နေ့စဉ်လူဦးရေ ၃,၀၀၀ ခန့်အတွက် အလုပ်အကိုင်အခွင့်အလမ်း ရနေခြင်းဖြစ်ပါကြောင်း၊ တစ်ဖက်တွင်လည်း စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများဈေးနှုန်း ကြီးမြင့်မှု မရှိစေရန်အတွက်လည်း အထောက်အကူဖြစ်ပါကြောင်း၊ သို့သော် အခွန်ကောက်ခံခြင်း မရှိသည့် အတွက် နိုင်ငံတော်မှ အခွန်ငွေဆုံးရှုံးမှုသာ ဖြစ်ပေါ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ မူဆယ် ဒေသခံပြည်သူလူထုအကျိုးနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဆုံးရှုံးနေသောအခွန်ဘဏ္ဍာငွေ ရရှိရေး အတွက် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေပြီး သာမန်အခြေအနေမဟုတ်သော ယခုလို ကာလမျိုးတွက် မူဆယ် မြို့ပေါ်ရှိ နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့မှ ဒေသသုံးပစ္စည်းများ သယ်ယူမှုကို ပစ္စည်းတန်ဖိုး၏ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံ ဆောင်ရွက်ပေး ရန်အတွက် မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးဝင်းမြင့်ခိုင် က

နယ်စပ်ဒေသများတွင် ဒေသသုံးပစ္စည်းများ တစ်ပိုင်တစ်နိုင်တင်သွင်း/တင်ပို့မှုများနှင့် စပ်လျဉ်း၍ ၂၀၁၂ ခုနှစ်မှစတင်၍ ဝန်ကြီးဌာနအချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး အစည်း အဝေးဆုံးဖြတ်ချက်များအရ နယ်စပ်ဂိတ်မှ ဖြတ်သန်းဝင်ရောက်လာသော ဒေသသုံး၊ လူသုံး ကုန်ပစ္စည်းများကို ဖြတ်သန်းခ၊ အခွန်အခ၊ ဝန်ဆောင်ခအဖြစ် ၃ ရာခိုင်နှုန်း ကောက်ခံဆောင်ရွက် နိုင်ရေး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ ၂၀၁၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်တွင် ပြုလုပ်ခဲ့သော နယ်စပ်ဒေသများတွင် ဒေသသုံးပစ္စည်းများအား တစ်နိုင်တစ်ပိုင် တင်သွင်း/တင်ပို့မှုများအပါအဝင် တရားဝင်ကုန်စည်များစီးဆင်းရေး၊ အခွန်အကောက်ဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်အရ ဒေသသုံးကုန်ပစ္စည်းများ တင်သွင်းလာသည့်တန်ဖိုးအပေါ် ၃ ရာခိုင်နှုန်းအခွန်အခများ ကောက်ခံဆောင်ရွက်ခဲ့ပါကြောင်း၊ ဒေသသုံးပစ္စည်းများအဖြစ် ကုန်ပစ္စည်း ၁၄၆ မျိုးအား ခွင့်ပြုခဲ့ပြီး အဆိုပါပစ္စည်းစာရင်းတွင် ပါဝင်မှု မရှိသော ပစ္စည်းများ တင်သွင်းခြင်း၊ အကောက်ခွန်ဦးစီးဌာန၏ သတ်မှတ်ထားသော လုပ်ထုံး လုပ်နည်း များနှင့် အညီ အခွန်အခများပေးဆောင်၍ တရားဝင်တင်သွင်း ဆောင်ရွက်ခဲ့ပါကြောင်း။

တရုတ်နိုင်ငံနှင့် နယ်စပ်ဂိတ်ဖြစ်သော ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့ရှိ ဆင်ဖြူဂိတ်တွင် ဒေသသုံးပစ္စည်းများအဖြစ် ကုန်ပစ္စည်း ၁၄၆ မျိုး တင်သွင်းခွင့်ပြုခြင်းအား ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်ချက်များနှင့်အညီ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်မှစ၍ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနက အဖွဲ့ခေါင်းဆောင်အဖြစ် ဆောင်ရွက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် စည်ပင်သာယာရေး အဖွဲ့တို့မှ အဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးဆောင်ရွက်ခဲ့ပါကြောင်း၊ အဆိုပါဂိတ် များတွင် တစ်နိုင်တစ်ပိုင်သယ်ဆောင်သော လူသုံးကုန်ပစ္စည်း(ဆေးဝါးပစ္စည်းမပါ)၊ အိမ်သုံးကုန် ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများအပါအဝင် အခွန် ၃ ရာခိုင်နှုန်းကောက်ခံပြီး ရှမ်းပြည်နယ် အစိုးရအဖွဲ့ရန်ပုံငွေသို့ ပေးသွင်းခဲ့ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း နယ်စပ်ဖြတ်သန်းခ ၃ ရာခိုင်နှုန်းကောက်ခံခြင်းအား ၂၀၂၁ ခုနှစ်၊ ဧပြီလ ၁ ရက်မှစတင်၍ ကောက်ခံခြင်းမရှိဘဲ ရပ်နားထားခဲ့ရာ ကိုဗစ်ကာလပြီးဆုံး၍ နယ်စပ်ဂိတ်များ ပြန်လည်ဖွင့်လှစ်သည့်အချိန်တွင် ၃ ရာခိုင်နှုန်း ကောက်ခံခြင်း အား ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်မှစတင်၍ ပြန်လည် ကောက်ခံခဲ့ သော်လည်း နယ်မြေ အခြေအနေကြောင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ညွှန်ကြားချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက် မှစ၍ ကောက်ခံခြင်းမရှိဘဲ ယနေ့အချိန်အထိ ရပ်နားထားခဲ့ပါကြောင်း။

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကုန်သွယ်မှုလုပ်ငန်းများစနစ် တကျဆောင်ရွက်နိုင်ရန်အတွက် ပြည်ပမှတင်သွင်းမည့်ကုန်ပစ္စည်းများကိုMyanmar Tradenet 2.0 တွင် Automatic Licensing စနစ်နှင့် Non-Automatic Licensing စနစ်တို့ဖြင့် ခွင့်ပြုလျက်ရှိရာ ပို့ကုန်သွင်းကုန်နှင့်စပ်လျဉ်းသည့် သတင်းလွှာ(၄/၂ဝ၂၄)ဖြင့် ပြင်ဆင်ထုတ်ပြန်ချက်အရ Automatic Licensing စနစ်ဖြင့်ခွင့်ပြုမည့်ကုန်စည် ၇၂ လိုင်းမှအပ ကျန်ကုန်စည်များမှာ Non-Automatic Licensing စနစ်ဖြင့် ခွင့်ပြုလျက်ရှိပါကြောင်း၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် ယခင်က သွင်းကုန်များနှင့်စပ်လျဉ်း၍ လိုင်စင်လျှောက်ထားရယူရန် လိုအပ်သော ကုန်ပစ္စည်းစာရင်း၊ လိုင်စင်လျှောက်ထားရယူရန် မလိုအပ်သောကုန်စည်စာရင်းဟူ၍ သတ်မှတ်ထားသော်လည်း လက်ရှိ ချမှတ်ထားသောမူဝါဒအရ တင်ပြပါကုန်စည်လိုင်း၇၂လိုင်းမှအပ ကျန်သွင်းကုန်များအားလုံး လိုင်စင် လျှောက်ထားရယူရမည်ဖြစ်ပါကြောင်း၊ မူဆယ်မြို့နယ်၏ နယ်စပ်ဂိတ်ဖြစ်သောဆင်ဖြူ စစ်ဆေးရေး ဂိတ်၌ တရားမဝင်ကုန်သွယ်မှုတိုက်ဖျက်ရေးအထူးအဖွဲ့အနေဖြင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အကောက်ခွန် ဦးစီးဌာနနှင့် သက်ဆိုင်ရာဌာနများပါဝင်သည့် ပူးပေါင်းအဖွဲ့များအား တာဝန်ချထားပြီး တရားမဝင် ကုန်သွယ်မှုများမရှိစေရေး ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး မူဆယ်မြို့ရှိ ဒေသခံပြည်သူများ စားသုံးရန် တစ်ပိုင်တစ်နိုင်ကုန်ပစ္စည်းတင်သွင်းမှုအပေါ် သတ်မှတ်ချက်များထက် ကျော်လွန်မှု မရှိစေရေး စစ်ဆေးဆောင်ရွက်လျက်ရှိပါကြောင်း။

ယခင် ၃ ရာခိုင်နှုန်း ကောက်ခံ၍ တင်သွင်းခွင့်ပြုထားသည့် သွင်းကုန်ပစ္စည်း ၁၄၆ မျိုးသည် Non-Automatic Licensing စနစ်ဖြင့် သွင်းကုန်လိုင်စင်လျှောက်ထားရမည့် ကုန်စည်များ စာရင်း တွင်ပါရှိနေပြီး ပြည်ပမှကုန်ပစ္စည်းများ တင်သွင်းမှုအတွက် စိစစ်ဆောင်ရွက်နေရသည့် အချိန် ဖြစ်သည့်အတွက်လည်းကောင်း၊ ပြည်တွင်းအထိ တင်သွင်းဆောင်ရွက်လာနိုင်သည့် အတွက် လည်းကောင်း၊ ၃ ရာခိုင်နှုန်း ဒေသသုံးအခွန်ကောက်ခံသည့်အဖွဲ့များအနေဖြင့် အခွန်ပါရှိ ပစ္စည်းနှင့် တန်ဖိုးကို စိစစ်ရန်အခက်အခဲရှိ၍လည်းကောင်း နှစ်နိုင်ငံ ကုန်သွယ်မှုစာရင်းကွာဟမှုကို ပိုမိုဖြစ်စေ နိုင်သည့် အတွက် အဆိုပါကုန်ပစ္စည်းများကိုလည်း Myanmar Tradenet 2.0 တွင် သွင်းကုန်လိုင်စင် လျှောက်ထားရယူပြီးမှသာတင်သွင်းခွင့်ပြုလျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံတွင် အခွန်အကောက်ကောက်ခံမှုများနှင့်စပ်လျဉ်း၍ ၂၀၂၆ ခုနှစ်၊ ပြည်ထောင်စု၏အခွန်အကောက်ဥပဒေပါအတိုင်း ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်ကို ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနကလည်းကောင်း၊ သွင်းကုန်အတွက် လိုင်စင်ကြေး၊ ပါမစ်ကြေးများ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ကြေးရငွေနှင့် မူပိုင်ခွင့်မှတ်ပုံတင်ကြေးရငွေများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန က လည်းကောင်း ကောက်ခံဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) ၏ ဇယား ၁ ပါ ပြည်ထောင်စုဥပဒေပြု စာရင်းအရဘဏ္ဍာရေးနှင့်စီမံကိန်းကဏ္ဍအောက်တွင် ပါဝင်သောအချက်များအနက်အခွန် အကောက် နှင့် စပ်လျဉ်း၍ ကုန်သွယ်လုပ်ငန်းခွန်နှင့် အကောက်ခွန်တို့ကို ပြည်ထောင်စု ဗဟိုအစိုးရ အဖွဲ့ကသာ ကောက်ခံနိုင်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အပြင် ဇယား ၅ ပါတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် များက ကောက်ခံရမည့်အခွန်အခများတွင် ကုန်သွယ်မှုနှင့်စပ်လျဉ်းသည့် ကောက်ခံနိုင်သည့် အခွန် အကောက်မပါဝင် သည်ကို တွေ့ရှိရပါကြောင်း၊ နိုင်ငံတကာအလေ့အထများကို လေ့လာကြည့် ပါက တစ်နိုင်ငံလုံး အတိုင်းအတာအရမဟုတ်ဘဲ နေရာဒေသတစ်ခုတည်း၌သာ ခွဲခြား၍ အခွန်အကောက် ကောက်ခံခြင်းမှာ နိုင်ငံတကာစံနှုန်း၊ စည်းမျဉ်းမူဘောင်နဲ့ ကိုက်ညီမှုမရှိ သည်ကို တွေ့ရှိရပါကြောင်း၊ အိန္ဒိယနိုင်ငံနှင့် အာဆီယံနိုင်ငံများဖြစ်သော ထိုင်း၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နိုင်ငံတို့တွင်လည်း ဒေသအလိုက်၊ ပြည်နယ်၊ တိုင်းဒေသကြီး၊ မြို့နယ်အဆင့် သွင်းကုန်ဆိုင်ရာ အခွန်အကောက်များကို နယ်မြေဒေသ အလိုက် သီးခြားခွဲခြား၍ ကောက်ခံခြင်းမရှိသည်ကိုတွေ့ရှိရပါကြောင်း၊ အာဆီယံ အဖွဲ့ဝင်နိုင်ငံများ အကြားတွင် (ASEAN Trade in Goods Agreement - ATIGA) အရ သက်ဆိုင်ရာ ပင်ရင်း နိုင်ငံ သက်သေခံလက်မှတ် (Form D) ပါရှိပါက သွင်းကုန်ခွန်အခွင့်အရေး ၀ ရာခိုင်နှုန်းအထိ အကောက်ခွန်ကင်းလွတ်ခွင့် သို့မဟုတ် လျှော့ပေါ့ခွင့်ကို ဗဟိုအဆင့်အကောက်ခွန်ဌာနများမှ တိုက်ရိုက်ခွင့်ပြုပေးသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ မူဆယ်မြို့ပေါ်ရှိ တရုတ်နိုင်ငံ နယ်စပ် ဂိတ်များဖြစ်သည့် ဆင်ဖြူဂိတ်နှင့် မန့်ဝိန်းဂိတ်တို့မှ ဒေသသုံးပစ္စည်းများ သယ်ယူမှုကိုပစ္စည်း တန်ဖိုး ၏ ၃ ရာခိုင်နှုန်း အခွန်ကောက်ခံ ဆောင်ရွက်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ မူဆယ်မြို့နှင့် အလားတူ တခြားနယ်စပ်ဒေသများတွင်လည်း လတ်တလောခွင့်ပြုထားခြင်းမရှိသေးပါကြောင်း ပြန်လည် ဖြေကြား ခဲ့ပါသည်။