သာစည်မြို့နယ်၊ ဘုရားငါးဆူ အ.ထ.က(ခွဲ)နှင့် မယ်ဇလီကန် အ.ထ.ကကျောင်းများအတွက် RCC နှစ်ထပ် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
သာစည်မြို့နယ်အရှေ့ဘက် ကျွဲတပ်ဆုံကျေးရွာအုပ်စုအတွင်းရှိ ဘုရားငါးဆူကျေးရွာသည် သာစည်မြို့နယ်နှင့် ၁၄ မိုင်ကွာဝေးပြီး လှိုင်းတက်ကျေးရွာ အုပ်စုအတွင်းရှိ မယ်ဇလီကန် ကျေးရွာ သည် ရှစ်မိုင်ကျော်ကွာဝေးပါကြောင်း၊ ၎င်းကျေးရွာအုပ်စုနှစ်စုသည် သာစည်မြို့တွင် ကျေးရွာခွဲ အများဆုံးနှင့် လူဦးရေအများဆုံး အုပ်စုထဲတွင် ပါဝင်ပါကြောင်း၊ ဘုရားငါးဆူ အ.ထ.က(ခွဲ)နှင့် မယ်ဇလီကန် အ.ထ.ကကျောင်းသည် မိတ္ထီလာ-တောင်ကြီးကားလမ်းမ၏ ဘေးတွင် တည်ရှိပါကြောင်း၊ ဘုရားငါးဆူကျေးရွာရှိ ဘုရားငါးဆူ အ.ထ.က(ခွဲ)သို့ အကျဉ်းဦးစီးဌာနနှင့် အခြားဌာနဆိုင်ရာဝန်ထမ်း မိသားစုမှ ကျောင်းသား ကျောင်းသူများ၊ ကျေးရွာအတွင်းရှိ ကျောင်းသား ကျောင်းသူများအပြင် ပတ်ဝန်းကျင်ကျေးရွာမှ ကျောင်းသား ကျောင်းသူများ လာရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ ဘုရားငါးဆူ အ.ထ.က(ခွဲ)တွင် ပညာသင်ကြားနေသော ကျောင်းသားအင်အားစာရင်းတွင် အထက်တန်း ၁၁၃ ဦး၊ အလယ်တန်း ၃၃၂ ဦး၊ မူလတန်း ၃၀၃ ဦး စုစုပေါင်း ၇၄၈ ဦးရှိပါကြောင်း၊ ကျောင်းများ အနေဖြင့် ပြင်ပကျောင်းဆောင်နှစ်ထပ်ဆောင်သည် နှစ်ကာလကြာပြီး ငလျင်ဒဏ်ကြောင့် ဖျက်သိမ်း ထားပြီးဖြစ်ပါကြောင်း၊ လက်ရှိ မန္တလာဆောင်၊ အင်းဝဆောင်၊ မိဘမေတ္တာဆောင် သုံးဆောင်နှင့် ယာယီအဆောက်အဦနှစ်ဆောင် စုစုပေါင်းငါးဆောင်ရှိရာ ထပ်မံ၍ စာသင်ခန်းများလိုအပ် လျက်ရှိပါ ကြောင်း၊ လိုအပ်သော စာသင်ခန်းများအတွက် (၁၇၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ပေးပါက ကျောင်းသားဦးရေနှင့် စာသင်ခန်း မျှတမှုမရှိဖြစ်နေသော အခက်အခဲမှ အဆင်ပြေစေနိုင်မည်ဖြစ်ပါကြောင်း၊ ဆောက်လုပ်ရန်မြေနေရာလည်းရှိပြီးဖြစ်ပါကြောင်း။
မယ်ဇလီကန်ကျေးရွာရှိ မယ်ဇလီကန် အ.ထ.ကသို့ တပ်မတော်ဖိနပ်စက်ရုံနှင့် တခြားဌာနဆိုင်ရာ ဝန်ထမ်းမိသားစုမှ ကျောင်းသားကျောင်းသူများ၊ ကျေးရွာမှ ကျောင်းသားကျောင်းသူများအပြင် ပတ်ဝန်း ကျင်ကျေးရွာမှ ကျောင်းသားကျောင်းသူများ လာရောက်ပညာသင်ကြားလျက်ရှိပါကြောင်း၊ မယ်ဇလီ ကန် အ.ထ.ကတွင် ပညာသင်ကြားနေသော ကျောင်းသားအင်အားစာရင်းတွင် အထက်တန်း ၁၇၂ ဦး၊ အလယ်တန်း ၇၁၁ ဦး၊ မူလတန်း ၆၅၁ ဦး စုစုပေါင်း ၁,၅၃၄ ဦးရှိပါကြောင်း၊ ကျောင်းဆောင် များအနေဖြင့် ကံ့ကော်ဆောင်၊ သရဖီဆောင်၊ ခရေဆောင်၊ နှင်းဆီဆောင်၊ သဇင်ဆောင်၊ ခတ္တာဆောင် စသည်ဖြင့်အဆောင်ခြောက်ဆောင်တွင် စာသင်ခန်း ၂၆ ခန်းရှိသည့်အနက် ထပ်မံ၍ စာသင်ခန်း ၁၀ ခန်းလိုအပ်လျက်ရှိပါကြောင်း၊ (၁၇၀ x ၃၀)ပေ RCC နှစ်ထပ် ကျောင်းဆောင်သစ် ဆောက်လုပ်ပေးပါက ကျောင်းသားဦးရေနှင့် စာသင်ခန်းမျှတမှု မရှိဖြစ်နေသော အခက်အခဲမှ အဆင်ပြေ စေနိုင်မည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ ဘုရားငါးဆူ အ.ထ.က(ခွဲ)နှင့် မယ်ဇလီကန် အ.ထ.ကသို့ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူကလေးများ သက်တောင့်သက်သာနှင့် ကျောင်းဥပဓိရုပ်ကောင်းမွန်စွာ ပညာ သင်ကြားရေးအတွက် အမှန်တကယ်လိုအပ်လျက်ရှိသော ကျောင်းဆောင်သစ် (၁၇၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်အား ဆောက်လုပ်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးနေမျိုးလှိုင် က
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနအနေဖြင့် မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၌ ငွေလုံးငွေရင်းတည်ဆောက်ရေး ခွင့်ပြုရန်ပုံငွေ ကျပ် ၈၆.၆၈ ဘီလီယံနှင့် စုစုပေါင်းလုပ်ငန်း ၄၀၂ ခုကို လက်ရှိဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ အဆိုပါ တည်ဆောက်ရေး လုပ်ငန်းများတွင် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်အတွက် မန္တလေးငလျင်ကြောင့် ပျက်စီး သွားသည့် ကျောင်းဆောင်အစား အသစ်ဆောက်လုပ်ခြင်းလုပ်ငန်း ၁၀ ခု အပါအဝင် စုစုပေါင်းလုပ်ငန်း ၃၁ ခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၅၂၃၃.၅၆ သန်းဖြင့် ပါဝင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ သာစည် မြို့နယ်၊ဘုရားငါးဆူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၏ မြေဧကသည် ၈.၅၂ ဧက ကျယ်ဝန်းပါကြောင်း။
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ဘုရားငါးဆူ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင် မူလတန်းအဆင့်ကျောင်းသား ၃၀၂ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၃၂၉ ဦး၊ အထက် တန်းအဆင့် ကျောင်းသား ၁၁၄ ဦး စုစုပေါင်း ကျောင်းသားဦးရေ ၇၄၅ ဦးရှိပြီး ကျောင်းဆောင်များ အနေဖြင့် အင်းဝဆောင်၊ မိဘမေတ္တာဆောင်၊ မန္တလာဆောင်၊ မြဂုဏ်ရည်ဆောင် စုစုပေါင်း ကျောင်းဆောင် လေးဆောင်တွင် စာသင်ခန်း ၁၇ ခန်းနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက် လျက်ရှိပြီး တန်းခွဲဦးရေအရ စာသင်ခန်းခြောက်ခန်း လိုအပ်လျက်ရှိကြောင်း၊ အဆိုပါကျောင်းသည် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးသွားသော (၁၈၈ x ၂၆)ပေ အုတ်ညှပ်နှစ်ထပ်ဆောင်ကို ဖျက်သိမ်း ပြီးဖြစ်ပါကြောင်း၊ တန်းခွဲဦးရေအရ စာသင်ခန်းခြောက်ခန်းလိုနေသည့်အတွက် (၁၀၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်နိုင်ရန်အတွက် နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေးအလိုက် ဖြည့်ဆည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း။
နောက်တစ်ကျောင်းဖြစ်သည့် သာစည်မြို့နယ်၊ မယ်ဇလီကန် အခြေခံပညာအထက်တန်းကျောင်း၏ မြေဧကသည် ၉.၂၇ ဧကကျယ်ဝန်းပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ မယ်ဇလီ ကန် အခြေခံပညာအထက်တန်းကျောင်းတွင် မူလတန်းအဆင့် ကျောင်းသား ၆၅၃ ဦး၊ အလယ်တန်း အဆင့် ကျောင်းသား ၇၂၂ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ၂၀၄ ဦး၊ စုစုပေါင်း ကျောင်းသား ကျောင်းသူဦးရေ ၁,၅၇၉ ဦးရှိပါကြောင်း၊ စုစုပေါင်း ကျောင်းဆောင်ငါးဆောင်တွင် စာသင်ခန်း ၂၈ ခန်းနှင့် သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တန်းခွဲဦးရေအရ စာသင်ခန်း ၁၀ ခန်း လိုအပ်နေသည့်အတွက် တိုးချဲ့ကျောင်းဆောင်သစ်ဆောက်လုပ်နိုင်ရန် (၁၇၀ x ၃၀)ပေ RCC နှစ်ထပ်ကျောင်းဆောင်ကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံးငွေရင်း တည်ဆောက်ရေးဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေးအလိုက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။