MY EN

(ဃ)-စိုင်းဝန်းဆမ်(မိုင်းခတ်မဲဆန္ဒနယ်)

2026-10-14
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
စိုင်းဝန်းဆမ် (မိုင်းခတ် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းခတ်မြို့နယ် ၂၅ ဆံ့ဆေးရုံတွင် လစ်လပ်လျက်ရှိသောသွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး ခန့်ထား ပေးရန်အစီအစဉ် ရှိမရှိ၊ရှိလျှင်မည်သည့်အချိန်တွင်ခန့်ထားပေးမည်ကိုသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

          မိုင်းခတ်မြို့တွင် မြို့နယ်ပြည်သူ့ဆေးရုံတစ်ရုံ၊ တိုက်နယ်ဆေးရုံတစ်ရုံ၊ မိခင်နှင့်ကလေး ကျန်းမာရေးဌာနတစ်ခုနှင့် ကျေးလက်ကျန်းမာရေးဌာနသုံးခုဖြင့် မိုင်းခတ်မြို့နယ်ပြည်သူများအား ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိပါကြောင်း၊ မိုင်းခတ်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် ကုသရေးဦးစီးဌာန၏ တစ်မြို့နယ်လုံးဝန်ထမ်းအင်အားစာရင်းကို ကြည့်မည်ဆိုလျှင် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနတွင် ခွင့်ပြုတွင် အရာရှိ ၁၃ ဦး၊ အခြားအဆင့် ၁၁၁ ဦး စုစုပေါင်း ၁၂၄ ဦး၊ ခန့်ထားရာတွင် အရာရှိအဆင့်ခန့်ထားနိုင်ခြင်းမရှိသေးကြောင်း၊ အခြားအဆင့် ၂၄ ဦး စုစုပေါင်း ၂၄ ဦး၊ လစ်လပ်တွင် အရာရှိအဆင့် ၁၃ ဦး၊ အခြားအဆင့် ၈၇ ဦး စုစုပေါင်း ၁၀၀ ဦးဖြင့် လည်းကောင်း၊ မြို့နယ်ကုသရေးဦးစီးဌာနတွင် ခွင့်ပြုရာတွင် အရာရှိအဆင့်ခြောက်ဦး၊ အခြားအဆင့် ၆၈ ဦး စုစုပေါင်း ၇၄ ဦး၊ ခန့်ထားရာတွင် အရာရှိအဆင့်တစ်ဦး၊ အခြားအဆင့် ၂၃ ဦး စုစုပေါင်း ၂၄ ဦး၊ လစ်လပ်တွင် အရာရှိအဆင့်ငါးဦး၊ အခြားအဆင့် ၄၅ ဦး စုစုပေါင်း ၅၀ ဦးရှိသည်ကို သိရပါကြောင်း၊ မြို့နယ်ပြည်သူ့ဆေးရုံကိုပြန်ကြည့်မည်ဆိုလျှင် မြို့နယ်ဆရာဝန်တစ်ဦး၊ သူနာပြုဆရာမ ၈ ဦးနှင့် အခြားဝန်ထမ်းများသာခန့်နိုင်ပြီး သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦး လစ်လပ်လျက်ရှိသည်ကို တွေ့ရှိ ရပါကြောင်း၊ ထို့ကြောင့်မြို့နယ်ပြည်သူများ၏ သွားကျန်းမာရေးနှင့်ပတ်သက်လာလျှင် ကုသပေးနိုင်

ခြင်းမရှိသေးသည့်အတွက်ကြောင့် ကျိုင်းတုံမြို့သို့ သွားရောက်ကုသမှုခံယူရကြောင်း ၊ ထိုသို့သွား ရောက် ခြင်း သည် ကျိုင်းတုံ-မိုင်းခတ် ကားခအသွားအပြန်စရိတ်နှင့် တည်းခိုနေထိုင်စားသောက် စရိတ် များစွာကုန်ကျသည့်အတွက်ကြောင့် ငွေကြေးတတ်နိုင်သည့်သူများသာ သွားရောက်ကုသ နိုင်ပြီး ငွေကြေးမတတ်နိုင်သည့်သူများ မသွားရောက်နိုင်ကြောင်း ၊

သို့ဖြစ်ပါ၍ လစ်လပ်လျက်ရှိ‌သော သွားဘက်ဆိုင်ရာဆရာဝန်တစ်ဦးအား ခန့်ထားပေးမည် ဆိုပါက သွားရောဂါနှင့်ပတ်သက်သောဝေဒနာများ ကုသပေးနိုင်မည်ဖြစ်ပါကြောင်းနှင့် ပြည်သူလူထု အနေနှင့်လည်း မျှော်လင့်တောင့်တလျက်ရှိကြောင်း ၊ ကျန်းမာခြင်းသည်လာဘ် တစ်ပါးဆိုသည့် အတိုင်း လူတိုင်းကျန်းမာရန်လိုအပ်ပါကြောင်း၊ လူတိုင်းကျန်းမာမှ အလုပ်လုပ်နိုင်မည်ဖြစ်ကြောင်း၊ အလုပ်လုပ်နိုင်မှ ကုန်ထုတ်စွမ်းအားများ မြင့်မားလာမည် ဖြစ်ပါကြောင်း၊ မိုင်းခတ်မြို့နယ်၊ ၂၅ ခုတင်ဆံ့ဆေးရုံတွင် လစ်လပ်လျက်ရှိသော သွားဘက် ဆိုင်ရာဆရာဝန်တစ်ဦးအား ခန့်ထားပေးရန် အစီအစဉ် ရှိ မရှိ၊ ရှိလျှင် မည်သည့်အချိန်တွင်ခန့်ထား ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းခတ်မြို့နယ်ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာစိုးထက်အောင်နှင့်အတူ သူနာပြုကိုးဦးနှင့် တခြားကျန်းမာရေးဝန်ထမ်း ၁၂ ဦးတို့က ကျန်းမာရေးစောင့်ရှောက်မှုပေးအပ်လျက်ရှိပါကြောင်း၊ နေ့စဉ်ပျမ်းမျှအတွင်းလူနာခြောက်ဦးနှင့် ပြင်ပလူနာ ၂၀ ဦးခန့် ရှိပါကြောင်း၊ လိုအပ်လျက်ရှိသော သွားနှင့်ခံတွင်းဆိုင်ရာဆရာဝန်ကို လုပ်ငန်း လိုအပ်ချက်ပေါ်တွင် မူတည်၍ ၂၀၂၆ ခုနှစ်အတွင်း စိစစ်ခန့်ထားပေးမည်ဖြစ်ပါကြောင်း ပြန်လည် ဖြေကြားခဲ့ပါသည်။