MY EN

(က)- ဦးနိုင်ဝင်း(ဓနုဖြူမဲဆန္ဒနယ်) အစား ဦးကျော်မင်းသန်း(ပန်းတနော်မဲဆန္ဒနယ်)

2026-10-14
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးကျော်မင်းသန်း (ပန်းတနော် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဓနုဖြူမြို့နယ်၊ ကျူတောရိုး-ကျီးချောင်း-ခနောင်ရိုက် ရွာချင်းဆက်လမ်းအား အဆင့်မြှင့်တင်ပေးနိုင် ခြင်း အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဓနုဖြူမြို့နယ်၊ အကျော်တိုက်နယ်တွင် ကျူတောရိုးကျေးရွာ-ကျီးချောင်းကျေးရွာ-ခနောက် ရိုက်ကျေးရွာ တို့ကို ဆက်သွယ်ထားသော ကျေးရွာချင်းဆက်မြေသားလမ်းရှိပါကြောင်း၊ ထိုကျေးရွာ ချင်းဆက်မြေသားလမ်းကို အသုံးပြုလာခဲ့ရာ ၁၀ နှစ်ကျော်မျှကြာမြင့်ခဲ့ပြီဖြစ်ပါကြောင်း၊ ထို ကျေးရွာချင်းဆက်မြေသားလမ်းသည် ဒေသခံ ပြည်သူများ၏ အားထားရာလမ်းဖြစ်ပြီး ဒေသတွင်း တောင်သူလယ်သမားများ၏ သွင်းကုန်၊ ထုတ်ကုန်များ သယ်ယူရာလမ်းကြောင်းလည်းဖြစ်ပါ ကြောင်း၊  ကျေးရွာနေပြည်သူများ၏ ကျန်းမာရေး၊ ပညာရေး အတွက်လည်း အားကိုးအားထားရာ လမ်းဖြစ်သည့်အပြင် ထိုမြေသားလမ်းမှတစ်ဆင့် ကျောင်းသား ကျောင်းသူ ၁,၀၀၀ ကျော်က မိုးသပြု အ.ထ.က(ခွဲ)၊ ပြင်ကသာအထက်တန်းကျောင်းများသို့ သွားရောက် ပညာသင်ကြား လျက်ရှိ ပါကြောင်း၊ နွေကာလတွင် သွားလာရလွယ်ကူသော်လည်း မိုးတွင်းကာလရောက်သည့် အခါ ရွှံ့နွံများ အပေါ်တွင် သွားလာရအခက်အခဲများနှင့် နှစ်စဉ်ကြုံတွေ့နေရပါကြောင်း။

အထက်ဖော်ပြပါ မြေသားလမ်း ဖြစ်သော ကျူတောရိုး၊ ကျီးချောင်း၊ ခနောက်ရိုက် ကျေးရွာ တို့ကို ဆက်သွယ်သွားသော ကျေးရွာချင်းဆက် မြေသားလမ်းမှာ အရှည် ၈ မိုင်၊ ၃ ဖာလုံနှင့် အကျယ် ၂၀‌ ပေရှိ မြေသားလမ်းဖြစ်ပါကြောင်း၊ ထိုကျေးရွာ ချင်းဆက်မြေသားလမ်းကို အဆင့်မြှင့်တင် ပြုပြင် ပေးနိုင်ပါက ကျေးရွာခွဲပေါင်း ၂၅ ရွာ၊ လူဦးရေပေါင်း ၁၂,၇၅၀ ကျော်နှင့် ကျောင်းသား ကျောင်းသူ များ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးများ အစစအရာရာ အဆင်ပြေတိုးတက် လာမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ဓနုဖြူမြို့နယ်ရှိ ကျူတောရိုး-ကျီးချောင်း-ခနောင်ရိုက် ကျေးရွာ ချင်းဆက်မြေသားလမ်းအား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့် တင်ပေးနိုင်ပါရန် ဓနုဖြူမြို့နယ် ပြည်သူများ၏ကိုယ်စား မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး  က

ယခု တင်ပြသည့် ပုံမှာ ဓနုဖြူမြို့နယ်၊ ခနောင်ရိုက် -ဆင်လူး -လမန်း -ကျီးချောင်း၏ တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ တင်ပြပါ ဘယ်ဘက်အခြမ်းသည်မြေပုံတွင်ပါသည့် လမ်းကြောင်း ဖြစ်ပါကြောင်း၊ ညာဘက်အခြမ်းလမ်းကြောင်း မှာ ဆောက်လုပ်ရေးဝန်ကြီးဌာနက သက်ဆိုင်သည့် အကျော် - ကျူတောရိုး - ကျီးချောင်း တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ ပထမဦးဆုံး ခနောင်ရိုက် - ဆင်လူး - လမန်း- ကျီးချောင်းကျေးရွာ၏ ကျေးရွာချင်းဆက်လမ်းကို ရှင်းလင်းတင်ပြသွား မည် ဖြစ်ပါကြောင်း၊ တင်ပြပါပုံမှာ ဆင်လူး - လမန်း -ကျီးချောင်းလမ်း၏ ကွင်းဆင်းမှတ်တမ်း ဓာတ်ပုံ များဖြစ်ပါကြောင်း၊ ဓနုဖြူ မြို့နယ်၊ ခနောင်ရိုက် - ဆင်လူး - လမန်း - ကျီးချောင်းကျေးရွာချင်း ဆက်လမ်းသည် အရှည် ၃ မိုင်  ၁ ဖာလုံ၊ အကျယ် ၁၇ ပေရှိသည့် မြေသား လမ်းဖြစ်ပါကြောင်း၊ လမ်းတာဘောင်ချဲ့ခြင်းနှင့် ကျောက်ချော လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ၃ မိုင် ၁ ဖာလုံကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဖြည့်စွက်ရန်ပုံငွေနှင့် လျာထားဆောင်ရွက်ပြီး ဖြစ်ပါကြောင်း၊ ယခု တင်ပြပါပုံမှာ ဓနုဖြူမြို့နယ်၊ အကျော် - ကျူတောရိုး ကျီးချောင်းကျေးရွာ၏ ကျေးရွာချင်းဆက်တည်နေရာပြမြေပုံဖြစ်ပါကြောင်း၊ အဆိုပါ ကျေးရွာချင်းဆက် လမ်းသည် ဆောက်လုပ်ရေးဝန်ကြီးဌာနပိုင်လမ်းဖြစ်ပါကြောင်း၊မြေပြင်ကျောက်ခင်းလမ်းခင်းထားသည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် မြေသားလမ်း ၃ ဖာလုံကို ကျောက်ခင်းလမ်းအဖြစ် ဆောင်ရွက်ထားရှိမှု မှတ်တမ်းဓာတ်ပုံများဖြစ်ပါကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၏ ဖြေကြားချက်အရ ဧရာဝတီ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့် လမ်းဖြစ်သည့် အကျော် - ကျူတောရိုး - ကျီးချောင်း ကျေးရွာချင်းဆက်လမ်းသည် ၅ မိုင် ၃ ဖာလုံရှိပြီး ကျောက်ခင်းလမ်း ၂ မိုင် ၂ ဖာလုံနှင့် မြေသားလမ်း ၃ မိုင် ၁ ဖာလုံ ဖြစ်ပါကြောင်း၊ မြေသားလမ်း ၃ ဖာလုံကို ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့်တင် ခြင်းကို ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေး နှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရရန်ပုံငွေဖြင့် ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်းနှင့် ကျန်လမ်း မြေအား ကျောက်ခင်းလမ်းအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ရန် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှ စတင်ပြီး တိုင်းဒေသကြီးရန်ပုံငွေတွင် လျာထားပေးသွားမည်ဖြစ်ကြောင်းနှင့် ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။