အောင်လံမြို့နယ်ရှိ ခုတင် ၁၀၀ ဆံ့ပြည်သူ့ဆေးရုံ၌ ဝန်ထမ်းများ အမြန်ဆုံးခန့်ထားပေးရန်နှင့် ခွဲစိတ်ခန်း ပြင်ဆင်ရေးရန်ပုံငွေ ခွင့်ပြုပေးရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
အောင်လံမြို့နယ်သည် အကျယ်အဝန်းအားဖြင့် ၂၆၇၇.၁ စတုရန်းမိုင်ကျယ်ဝန်းပြီး ရပ်ကွက် ၁၂ ခု၊ ကျေးရွာ ၉၁ ခု၊ အိမ်ထောင်စုဝင် ၅၇,၆၁၉ စု ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ မတ်လအထိ လူဦးရေ စာရင်းအရ ၂၅၁,၃၂၁ ဦးရှိပြီး အများစုသည် ကျေးလက်ဒေသတွင် နေထိုင်၍ ၆၆.၆၉ ရာခိုင်နှုန်းနှင့် မြို့ပေါ်နေ ရာခိုင်နှုန်းသည် ၂၃.၃၁ ရာခိုင်နှုန်းသာ ရှိပါကြောင်း၊ဒေသခံ များ၏ ပညာရေး၊ ကျန်းမာရေး ဆိုင်ရာလိုအပ်ချက် များကို နိုင်ငံတော်အစိုးရနှင့် သက်ဆိုင်ရာ ဝန်ကြီး ဌာနများ၏ ဖြည့်ဆည်းပံ့ပိုးမှုနှင့် ပြုစုစောင့်ရှောက်မှုကို အားကိုးနေထိုင်ရသည့် မြို့တစ်မြို့ဖြစ် သည်ကို တင်ပြ အပ်ပါကြောင်း၊ အောင်လံမြို့ တွင်ရှိသည့် အမျိုးသမီးတစ်ဦး၏ ကလေးမွေးဖွားနှုန်းမှာဆိုလျှင်၂.၁ ဦးရှိပြီး ပြည်ထောင်စုအဆင့် ကလေးမွေးဖွားနှုန်း ၂.၅ ဦးအောက်တွင် ကျဆင်းလျက်ရှိပြီး ကနဦး မျှော်မှန်းသက်တမ်းသည်လည်း ၆၂.၃ နှစ်သာရှိပြီး ပြည်ထောင်စုအဆင့်မျှော်မှန်းသက်တမ်း၏ ၆၄.၇၂ နှစ်အောက်လျော့နည်းလျက် ရှိပါကြောင်း၊ အရှင်မွေးကလေး ၁,၀၀၀ တွင် တစ်နှစ်အောက် ၆၉ ဦးနှင့် ၅ နှစ်အောက် ၈၄ ဦး သေဆုံးလျက်ရှိပြီး ကိုယ်ဝန်ဆောင်မိခင်သေဆုံးမှုနှုန်း ကလည်း ပြည်ထောင်စုအဆင့်ထက် မြင့်မားလျက်ရှိသည်ကို တွေ့ရှိရသည့်အတွက်ကြောင့် မကွေးတိုင်း ဒေသကြီးတွင်ရှိသည့် မြို့များသည် နိုင်ငံတော်၏ အထူးကြပ်မတ်စောင့်ရှောက်ပေးရန်လိုအပ် သည့် မြို့တစ်မြို့လည်းဖြစ်ကြောင်း ။
၂၀၂၅ ခုနှစ်၊ နိုင်ငံတော်အကြီးအကဲ ယာယီသမ္မတကြီး၏ လမ်းညွှန်ချက်အရ အောင်လံမြို့ နယ် ခုတင် ၅၀ ဆံ့ဆေးရုံကို ခုတင် ၁၀၀ ဆံ့ ဆေးရုံအဖြစ် ဆောင်ရွက်ပေးရန် လမ်းညွှန်ခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၏ ၂၀-၁-၂၀၂၆ ရက်စွဲပါ တင်ပြပါစာအမှတ်နှင့် တိုးမြှင့်ပေးခဲ့ပြီး လိုအပ် သည့်အခြေခံအဆောက်အဦများကိုလည်းဖြည့်ဆည်းပေးခဲ့ပါကြောင်း၊သို့ပါသော်လည်း ကျန်းမာရေး စောင့်ရှောက်မှုပေးရမည့် အရာထမ်းအဖွဲ့အစည်းဝင် ၃၄ ဦးမှာ ဆေးရုံအုပ်တစ်ဦးနှင့် လက်ထောက် ဆရာဝန် ငါးဦး အပါအဝင် လက်ထောက်ဆရာဝန် လေးဦး၊ သူနာပြုအကူမှူးအပါအဝင်ခြောက်ဦး ရှိ သော်လည်း လက်ရှိတွင် ဆေးရုံအုပ်မပါ လက်ထောက် ဆရာဝန်လေးဦးနှင့်ဆောင်ရွက်နေပြီး တစ်ဦးသည် ဆေးပညာသိပ္ပံတက်ရောက်လျက်ရှိပါကြောင်း၊ အရာထမ်း၊ အမှုထမ်းဖွဲ့စည်းပုံ ကို ကြည့်လျှင် အရေအတွက်အားဖြင့် ၁၅၉ ဦး ရှိရ မှာဖြစ်ပြီး အနည်းဆုံးလိုအပ်ချက်မှာ ၆၆ ဦးဖြစ်ပါ ကြောင်း၊ လက်ရှိ ခန့်ထားနိုင်သည့် အရေအတွက်မှာ ဆေးရုံအုပ်မပါ အရာထမ်း ငါးဦးနှင့် အမှုထမ်း ၂၇ ဦး၊ ၃၃ ဦး၊ ၂၀.၁၃ ရာခိုင်နှုန်းသာရှိ သည်ကို လေ့လာတွေ့ရှိရပါကြောင်း။
အောင်လံမြို့ရှိဆေးရုံတက်ရောက်ကုသမှုအနေနှင့်ဆိုလျှင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအတွင်း အောင်လံခုတင် ၁၀၀ ဆံ့တွင်တက်ရောက်သည့် ဆေးကုသမှုမှတ်တမ်းသည် တင်ပြပါအတိုင်းဖြစ်ပါကြောင်း၊ ဖြစ်ပွားမှုရောဂါအများဆုံးမှာ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ မှ စက်တင်ဘာ လအတွင်း ကြည့်လျှင်ဖြစ်ပွားမှုအများဆုံးသည် တင်ပြပါရောဂါ ၁၀ မျိုးကို တွေ့ရှိ ရပါ ကြောင်း၊ ထို့ကြောင့် ဆေးရုံအုပ်ကြီးဦးဆောင်ပြီး ၂၁-၄-၂၀၂၆ ရက်တွင် ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ရောဂါအမျိုးအစား၊ လူနာအခြေအနေအပေါ် လိုအပ်သည့် အရာထမ်း၊ အမှုထမ်းများကို တွက်ချက်ရာတွင် လတ်တလောအားဖြင့် ပြည်သူ့ကျန်းမာမှုကို စောင့်ရှောက်ပေးနိုင်ရန်အတွက် အထူးကုဆရာဝန်(ခွဲစိတ်)တစ်ဦး၊ အထူးကုဆရာဝန်(ဆေးပညာ)တစ်ဦး၊ အထူးကု ဆရာဝန် (ကလေး) တစ်ဦး၊ အထူးကုဆရာဝန်(ဓာတ်မှန်) တစ်ဦး၊ အထူးကုဆရာဝန်(သွားနှင့်ခံတွင်း) တစ်ဦးနှင့် လက်ထောက်ဆရာဝန်အပါအဝင် အရာထမ်း ၁၅ ဦးနှင့် အမှုထမ်း ၃၂ ဦး ဖြည့်ဆည်း ပေးရန်လိုအပ်သည်ကို တွေ့ရှိရပါကြောင်း၊ ထို့အတူ အောင်လံမြို့ရှိ ခွဲစိတ်ခန်းကိုလည်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် တွင်ပြုပြင် ပေးခဲ့သော်လည်း ထပ်မံပြုပြင်ရန် လိုအပ်လျက်ရှိသည့် ခွဲစိတ်ခန်း
ဝရန်တာ ကျောက်ပြားကာရံခြင်း၊ မျက်နှာကြက်တပ်ဆင်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်ရန် အတွက်ကို ရန်ပုံငွေတောင်းခံတင်ပြထားရှိပါကြောင်း။
မိမိတို့ရွေးချယ်ခံဒီမိုကရေစီအစိုးရသစ်၏ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဉ်များကို ထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ အောင်လံမြို့နယ် ခုတင် ၁၀၀ ဆံ့ ပြည်သူ့ဆေးရုံအတွက် ပြည်သူများ၏ လိုလားချက်၊ မျှော်လင့်ချက်နှင့်အညီ အရေးပေါ်လိုအပ်လျက်ရှိသည့် အရာထမ်း၊ အမှုထမ်းများကို အမြန်ဆုံးခန့်ထားပေးရန် အစီအစဉ် ရှိ မရှိနှင့် ထပ်မံပြုပြင်ရန်လိုအပ်သည့် ခွဲစိတ်ခန်းအတွက် ပြင်ဆင် ရေးရန်ပုံငွေကိုလည်းခွင့်ပြုပေးရန် အစီအစဉ် ရှိ မရှိ မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က
မိမိအနေဖြင့်ယခုမေးခွန်းကိုဖြေကြားပြီးသည့်အခါတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ကြီးများအားလုံးကို ၂ မိနစ်၊ ၃ မိနစ်ခန့် လက်ရှိကို တင်ပြလိုပါကြောင်း၊ ဦးစွာ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ကြီးဦးတင်အောင်ချစ်၏ မေးခွန်းကိုဖြေကြားရမည်ဆိုလျှင် အောင်လံခရိုင်၊ အောင်လံ မြို့နယ် ခုတင် ၁၀၀ ဆံ့ပြည်သူ့ ဆေးရုံတွင် ဆေးရုံအုပ်ဒေါက်တာထွန်းလင်းအောင် နှင့်အတူ သားဖွားမီးယပ်အထူးကုဆရာဝန် တစ်ဦးနှင့် လက်ထောက်ဆရာဝန် နှစ်ဦးတို့ တာဝန် ထမ်းဆောင် လျက်ရှိပါကြောင်း၊ တာဝန်ထမ်းဆောင် လျက်ရှိသော ဆရာဝန်များသည် ခွဲစိတ်ကုသမှု များနှင့် သမားရိုးကျကုသမှုများကို ကောင်းမွန်စွာ စီမံဆောင်ရွက်ကုသနိုင်သော အတွေ့အကြုံရင့်ကျက် သည့် လုပ်သက်ရင့် ဆရာဝန်များဖြစ်ပါကြောင်း၊ ဆေးရုံလုပ်ငန်း ဆောင်ရွက်ချက်အနေဖြင့် လတ်တလော ကာလတွင် ပျမ်းမျှအတွင်းလူနာ ၅၃ ဦးနှင့် ပြင်ပလူနာ ၄၅ ဦးတို့ကို ကျန်းမာရေး စောင့်ရှောက်မှုပေးအပ်လျက်ရှိပါကြောင်း၊ကျန်းမာရေးဝန်ကြီးဌာနသည်ပြည်သူလူထုကိုကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်စွာပေးအပ်နိုင်ရန်အတွက် အရည်အသွေးပြည့်ဝသော အထူးကုဆရာဝန် များကိုနှစ်စဉ်လေ့ကျင့်သင်ကြားခန့်ထားပေးလျက်ရှိပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ဦးစား ပေးအစီအစဉ်သတ်မှတ်ချက်နှင့်အညီ ပြည်သူလူထု၏ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်ချက် အပေါ် မူတည်၍ အောင်လံပြည်သူ့ဆေးရုံသို့ လိုအပ်သော ဆရာဝန်များ စိစစ်ပြီး ခန့်ထားပေးမည် ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်တော်ကြီးတို့ကို လေးစားစွာ တင်ပြလိုသည်မှာ ဦးစားပေးအစီအစဉ်နှင့် ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့် Data အားလုံးကို မှတ်သားထားမည်ဖြစ်ကြောင်း၊ မိမိတို့ပြည်သူ့ကျန်းမာရေးဦးစီးဌာန မှလည်း တင်ပြသွားသည်များကို Seriously Consider လုပ်ပြီး ဦးစားပေးအစီအစဉ်နှင့် အောင်လံပြည်သူ့ဆေးရုံကို ဆက်ပြီးဆောင်ရွက်ပေးသွားမည်ဆိုသည်ကို လေးစားစွာတင်ပြလိုပါကြောင်း၊ အောင်လံခရိုင်၊ အောင်လံပြည်သူ့ဆေးရုံတွင် ခွဲစိတ်ခန်း၏ လိုအပ်ချက်များအား ဆေးရုံကြီးကြပ်ရေးကော်မတီ၏ အစီအစဉ်နှင့် ပြင်ဆင်ပြီးဖြစ်ပါ၍ ယခု အခါ တွင် ခွဲစိတ်ခန်းကို ပြောင်းရွှေ့ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် ခွဲစိတ်ကုသမှုလုပ်ငန်း များအတွက် ဖြည့်ဆည်းဆောင်ရွက်ရန် လိုအပ်သည့်ပစ္စည်းကိရိယာများ၊ ဆေးပစ္စည်းများ အားလုံးကိုစိစစ်ပြီး ဆောင်ရွက်ဖြည့်ဆည်းပေးသွားမည်ဖြစ်ပါကြောင်း ။
ပြီးခဲ့သည့်နှစ်များတွင် ဆရာဝန်၊ သူနာပြု အပါအဝင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် ဆုံးရှုံးမှုများ ရှိသည်ကို ကိုယ်စားလှယ်တော်ကြီးများ သိရှိပြီးဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ဖြည့်ဆည်းဆောင်ရွက်ရန်အတွက် နည်းမျိုးစုံသောဗျူဟာ (Strategy) များနှင့်လုပ်ခဲ့ပါကြောင်း၊ တစ်ဘက်တွင်လည်း ဆေးရုံ များတွင် ဆုံးရှုံးမှုရှိသကဲ့သို့၊ ဆရာဝန်၊ သူနာပြုဆုံးရှုံးမှုရှိသကဲ့သို့၊ Training Institution များ၊ ဆေးတက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်များ၊ သူနာပြု တက္ကသိုလ်များနှင့် သူနာပြုသိပ္ပံသင်တန်းကျောင်းများအစရှိသည့်Training Institution များတွင် လည်းဆရာဆုံးရှုံးမှုများရှိပါကြောင်း၊ ယခုကာလအတွင်းတွင် အခက်အခဲပေါင်းများစွာနှင့် Strategy ပေါင်းများစွာသုံးပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ်ကို မူလအခြေအနေရောက်အောင် ဆောင်ရွက် ထားပါကြောင်း၊ မိမိတို့အနေဖြင့် ဆရာဝန်လိုအပ်ချက်၊ သူနာပြုလိုအပ်ချက်၊ အထူးကုလိုအပ် ခြင်းများကို စီမံချက်များနှင့်ဆောင်ရွက်ထားပြီး ယခုထိုလူများကို တိုးမြှင့်ခေါ်ယူကာ ယခုသင်တန်း တက်ရောက်နေပြီဖြစ်ပါကြောင်း၊ သို့သော် အချိန်ကာလတစ်ခုလိုမည်ဖြစ်ကြောင်း၊ ယခုနှစ်ဆိုလျှင် ဆေးတက္ကသိုလ်ဝင်ခွင့် ယခင်ပုံမှန်ဆို ၁,၂၀၀ ဦး ခေါ်ခြင်းမှ ယခုနှစ် ၁,၄၀၀ ဦးခေါ်မည်ဖြစ်ကြောင်း၊ ရှေ့နှစ်ဆိုလျှင် ၁,၅၅၀၊ ၁,၇၀၀ ထိုနည်းနှင့် တက္ကသိုလ်များ၏ဆရာအင်အားအပေါ်တွင် မူတည်ပြီး ဆောင်ရွက်သွား မည်ဖြစ်ပါကြောင်း၊ သို့သော် Issues အနေဖြင့် ယခုနှစ်စခေါ်သည့် တိုးမြှင့်ခေါ်ခြင်း များက မနက်ဖြန်၊ သန်ဘက်ခါ ဆရာဝန် ဖြစ်မလာပါကြောင်း၊ ၆ နှစ်တန်သည်၊ ၇ နှစ် တန်သည် အချိန်ယူရသကဲ့သို့ ဘွဲ့လွန် Specialist များကိုလည်း ၃ နှစ်၊ ၄ နှစ် ထိုသို့ Training ယူပြီးမှ ပေါ်ထွက်လာမည် ဖြစ်ပါကြောင်း၊ ထိုဆရာဝန်များ ၊ အထူးကုဆရာဝန် များအားလုံးသည် နောင် ၃ နှစ်၊ ၄ နှစ်တွင် ရလာမှာများရှိသကဲ့သို့ ဘွဲ့ရဆရာဝန်များ၊ သူနာပြုများ အပါအဝင် ဆေးဝါး ပညာရှင်များ၊ ဆေးဘက်ဆိုင်ရာနည်းပညာရှင်များနှင့် အခြေခံကျန်းမာရေးဝန်ထမ်း များသည်လည်း နောင် ၄ နှစ် လောက် တွင်၊ ဆရာဝန် များဆိုလျှင် နောက် ၇ နှစ်လောက်မှ မွေးထုတ်နိုင်မည် ဖြစ်ပါကြောင်း၊ထို့ကြောင့် အဆိုပါကာလတွင်လည်း ဆရာဝန် ၁,၂၃၇ ဦးနှင့် သွားဘက်ဆိုင်ရာ ဆရာဝန် ၁၆ ဦး၊ ၁၆ ဦးဆို သည်မှာ Regular အတန်းမဟုတ်၍ Regular အတန်းဆိုလျှင် ၂၀၀ ဦး လောက်ထွက်ကြောင်း၊ မနေ့က နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ခန့်အပ်ပြီး ဖြစ်ပါကြောင်း၊ ပုံမှန်အားဖြင့် ထွက်တာတွေကိုလည်း လိုအပ်ချက်ရှိ သည့်နေရာ များတွင် ဆက်၍ ဦးစားပေး အစီအစဉ်အလိုက်ခန့်ထားပေးသွား မည်ဖြစ်ပါကြောင်း၊ ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ် မွေးထုတ်သည့်နေရာတွင် နေ့ချင်း၊ ညချင်း မွေးထုတ်၍မရသည်ကို မိမိအနေဖြင့် တင်ပြ လိုပါကြောင်း၊ တစ်ဖက်ကလည်း ဆရာအင်အားကို ဖြည့်တင်းမည်ဆိုလျှင် ဆေးရုံအင်အားဘက်က လိုအပ်သည့် အင်အားများလည်း ထိခိုက်မှုမရှိအောင် ချိန်ဆပြီး ဆောင်ရွက်ရပါကြောင်း၊ ထို့ကြောင့် ဖွဲ့စည်းပုံအင်ပြည့် အားပြည့်နှင့် မဖြစ်နိုင်ပါကြောင်း၊ နိုင်ငံတော်၏ လမ်းညွှန်ချက်ကလည်း ဖွဲ့စည်းပုံ ၆၀ ရာခိုင်နှုန်း လောက်ရှိလျှင် အဆင်ပြေပါကြောင်း၊ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ရန်၊ နေရာချထား ခြင်းများ၊ Development and Recuritment ခန့်အပ်မှုများရော၊ နေရာချထားမှု များ အားလုံးကို ရေရှည်စီမံကိန်း၊ ရေတိုစီမံကိန်းများ ချမှတ်ပြီး ဆောင်ရွက်လျက်ရှိ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးတင်အောင်ချစ်(အောင်လံမဲဆန္ဒနယ်)ကဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
သို့ပါ သော်လည်း မိမိ၏တင်ပြချက်ထဲတွင် လက်ရှိ အောင်လံဆေးရုံအတွက် အင်အားပြည့် တောင်းခံ ခြင်း မဟုတ်ဘဲ လက်ရှိ PowerPoint တွင် တင်ပြသွားသည့် အတိုင်း မိမိတို့၏ မြို့နယ်သည် ခန့်အပ်အင်အား၏ ၂၀.၁၃ ရာခိုင်နှုန်းသာရှိပါကြောင်း၊ ပွင့်ပွင့်လင်းလင်း ပြောရလျှင် အထူးကုအနေဖြင့် OG တစ်ယောက်သာလျှင်ရှိပြီး ကျန်တာသည် ယခင် တင်ပြပါ လက်ထောက် ဆရာဝန်များနှင့် ဆေးရုံအုပ်ကြီးနှင့် ဆောင်ရွက်နေရသည့် အနေအထားဖြစ်ပါကြောင်း၊ မြို့တွင် ကျန်းမာရေးအရ အထူးကုမရှိသည့်အတွက်ကြောင့် ပြည်ကိုသော်လည်းကောင်း၊ မကွေးကို သော်လည်းကောင်း သွားရောက်၍ ဆေးကုသရ သည့်အတွက်ကြောင့် မလိုလားအပ်သော သေဆုံးမှုများ လည်း ဖြစ်ပွားရသည့် မြို့တစ်မြို့ ဖြစ်ပါကြောင်း၊ အများစု၏ ၆၆ ရာခိုင်နှုန်း ကျော်သည် ကျေးလက် ဒေသတွင် နေကြသည့်အတွက်ကြောင့် ပြည်သူ့ဆေးရုံကိုသာ အားကိုး အားထားပြုရသည့် မြို့တစ်မြို့လည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့် သွေးတိုး၊ အရက်စွဲ၊ ဆီးချို၊ အသက်ရှုလမ်းကြောင်းပိုးဝင်၊ အစာအိမ်၊ နာတာရှည်၊ အဆုတ် များသည် ရာဂဏန်း နှင့် ချီပြီး တင်ပြပါ ၁ လပိုင်းမှ ၉ လပိုင်း အတွင်းတွင် ဖြစ်ပွားနေသည်ကိုလည်း တွေ့ရှိရမည် ဖြစ်ပါကြောင်း၊ အနည်းဆုံးဖြည့်ဆည်းပေးနိုင်မည့် အထူးကုကို တင်ပြတောင်းခံခြင်းဖြစ် သည့်အတွက်ကြောင့် တင်ပြခဲ့သည့် အထူးကုဆရာဝန်ထဲကအနည်းဆုံးမည်မျှ၊အရာထမ်းမည်မျှကိုမည်သည့်ခုနှစ်၊မည်သည့်ကာလလောက်အတွင်းထဲတွင် ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်မလဲ ဆိုသည်ကို ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က
အထူးကု များကို မွေးထုတ် လျက်ရှိပါကြောင်း၊ အထူးကုများက ပုံမှန်အားဖြင့်ဆိုလျှင် ဒီဇင်ဘာလလောက် တွင် စာမေးပွဲ များ စစ်ကြောင်း၊ ကျမ်းနှင့်စပ်လျဉ်းပြီး ဖြေဆိုရ ခြင်းများလည်း ရှိပါကြောင်း၊ ၃၀ ရာခိုင်နှုန်းလောက်ကို ပြည့်မီရန်ပင် မနည်းကို ရုန်းကန်ပြီး လူ့စွမ်းအားအရင်း အမြစ်ကို ဖြည့်ဆည်းနေရပါကြောင်း၊ ဆုံးရှုံးမှုက ပြီးခဲ့သည့် အပတ်က တော်တော်များပါကြောင်း၊ အထူးကုများရော၊ Generalist ရော၊ Specialist ရော များပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီး တင်ပြသည့် ဆေးရုံတွင် ၂၁.၅ ရာခိုင်နှုန်း သာ ရှိ သည်ကိုလည်း သိပါကြောင်း၊ ထို့ကြောင့် မိမိအနေဖြင့် ဦးစားပေး၊ ယခု ဘွဲ့လွန်များ အောင်မြင်ပြီဆိုလျှင် ယခုရှိတာသည် သားဖွား၊ မီးယပ်၊ တတ်နိုင်သလောက် ဆေးပညာ၊ ခွဲစိတ်ကု။ ယခု လက်ထောက်ဆရာဝန်လေး များနှင့် ဆေးရုံအုပ် သည် လည်း သာမန်ခွဲစိတ်သည့် ကိစ္စများ ကို ဆောင်ရွက်နိုင်ပါကြောင်း။
သို့သော်ကိုယ်စားလှယ်တော်ကြီးပြော သည့် အတိုင်း ခွဲစိတ်ကုနှင့် ဆေးပညာ၊ သမားတော် ရှိလျှင် ပိုကောင်းကြောင်း၊ မွေးထုတ်နိုင်မည့် အခြေအနေအပေါ်တွင် မူတည်၍ ဦးစားပေး ဆောင်ရွက်သွားနိုင်မည်ကို ဖြေကြားလိုပါကြောင်း၊ ကလေးအထူးကုဆိုလျှင် သမားတော်သည် ကလေးလည်း ကု၍ရပါကြောင်း၊ ယခင် ခေတ်ကဆိုလျှင် ကလေး ဆေးပညာမပေါ်ပေါက်ခင်တုန်း သမားတော်သာ ကုခဲ့ကြောင်း၊ ခွဲစိတ်ဆရာဝန်နှင့် ဆေးပညာသမားတော် လိုအပ်မည့်အခြေ အနေအား ဒီဇင်ဘာလ၊ ဇန်နဝါရီလတွင် ထွက်ရှိလာမည့် အထူးကုမွေးထုတ်နိုင်မှု အခြေအနေ အပေါ်တွင် မူတည်ပြီး မိမိ အနေဖြင့် ဦးစားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဆောင်ရွက်သွားရန်ကို မိမိအနေနဲ့ဖြင့် ကုသရေးဦးစီးဌာနနှင့် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။