ဟဲဟိုးမြို့၊ တိုက်နယ်ဆေးရုံ၌ ခွဲစိတ်ခန်းဆောက်လုပ်ပေးရန်နှင့် Type C Laboratory Set တစ်စုံ ထောက်ပံ့ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကလောမြို့နယ်၊ ဟဲဟိုးမြို့သည် ရှမ်းပြည်နယ် (တောင်ပိုင်း)၏ လေဆိပ်ရှိသည့် မြို့တစ်မြို့ ဖြစ်ပြီး မြန်မာနိုင်ငံ၏ ၇၀ ရာခိုင်နှုန်းကျော် သီးနှံစိုက်ပျိုးထုတ်လုပ်သည့် ဧရိယာလည်း ဖြစ်ပါကြောင်း၊ ဟဲဟိုးမြို့သည် ရှမ်းပြည်နယ်မြို့တော် တောင်ကြီးမြို့နှင့် ၂၁ မိုင်၊ ခရိုင်မြို့တော် ကလောမြို့ နှင့် ၂၁ မိုင်ကွာဝေးသည့် နေရာတွင်ရှိပြီး ပြည်နယ်မြို့တော်တောင်ကြီးတွင်လည်း ကျန်းမာရေးဝန်ဆောင်မှု များစွာဆောင်ရွက်ပေးနေရပြီး ခရိုင်ကလောဆေးရုံမှာလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို ထိရောက်စွာဆောင်ရွက်ပေးနေသည်များရှိပါကြောင်း၊ သို့သော် ဟဲဟိုးအနီးတစ်ဝိုက်ရှိ ဟဲဟိုးမြို့ပေါ်တွင် ရပ်ကွက် ၅ ရပ်ကွက်၊ ကျောက်ထပ်ကျေးရွာအုပ်စု၊ ဘော်နင်း ကျေးရွာအုပ်စု၊ ဝါးရုံပင်ကျေးရွာအုပ်စု၊ စကားအင်းကျေးရွာအုပ်စု၊ သီခေါင်ကျေးရွာအုပ်စုတို့မှ ဒေသခံ ပြည်သူလူထုသောင်းကျော်သည် ဟဲဟိုးတိုက်နယ်ဆေးရုံများကို အမှီပြုပြီး ဆေးဝါးကုသမှုခံယူနေရခြင်း ဖြစ်ပါကြောင်း၊ ယခုနေထိုင် သည့် လူဦးရေ ၄၂,၅၀၀ ကျော်သည် ဆေးရုံကို အမှီပြုပြီး ကျန်းမာရေးကုသစောင့်ရှောက်မှု ခံယူနေရ ခြင်းဖြစ်ပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလမှ ဇွန်လအတွင်းမှာ အတွင်းလူနာ ၃၅၂ ဦး၊ ပြင်ပလူနာ ၂,၄၈၄ ဦး၊ ကုသမှုခံယူနေပြီး အကြီးစားခွဲစိတ်မှု ၇ ကြိမ်နှင့် အသေးစားခွဲစိတ်မှု ၉၆ ကြိမ်၊ ခါးရိုးထုံဆေး ၅၆ ကြိမ် ကုသဆောင်ရွက်ပေးနိုင်ခဲ့ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းတွင် အဓိကအရေးပါသည့် တိုက်နယ်ဆေးရုံ၏ ခွဲစိတ်ဆောင်သည် ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထား သည့် တိုက်နယ်အဆင့် ခွဲစိတ်စံနှင့်ကိုက်ညီမှုမရှိပဲ အဆောက်အဦရော ခွဲစိတ်ခန်းပါ ယိုယွင်းပျက်စီး နေသည့် အနေအထားဖြစ်ပါကြောင်း၊ ယခုလိုဟောင်းနွမ်းဆွေးမြည့်နေသည့် အခြေအနေကြောင့် ရောဂါ ပိုးမွှားကူးစက်ဝင်ရောက်နိုင်လောက်အောင် တံခါးများကယိုယွင်းပျက်စီးနေပြီး ခွဲစိတ်ခန်း ကာထား သည့် တိုက်ခန်းတွင်ခေါင်ကမလုံသည့်အတွက် ရောဂါပိုးမွှားများ ခွဲစိတ်ခန်းထဲကို အလွယ် တကူဝင်နိုင်သည့် အခြေအနေရှိပါကြောင်း၊ ယခုလို ခွဲစိတ်ကုသမှုဆောင်ရွက်ရာတွင် ကုသပေးသည့် သူနာပြု ၁၀ ဦး၊ ကျန်းမာရေးဝန်ထမ်းများနှင့် ခွဲစိတ်ကုသခံမည့် လူနာတွေအတွက်လည်း စိုးရိမ် ဖွယ်ရာ အခြေအနေရှိနေသည့် အဆောက်အဦဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျန်းမာရေး ဝန်ထမ်းများ၊ လူနာများ အခြားကူးစက်ရောဂါပိုးမွှားအန္တရာယ်မှ ကာကွယ်နိုင်ပြီး ဟဲဟိုးတိုက်နယ် ဆေးရုံခွဲစိတ် ခန်းမ ဆောင်ကို ကျန်းမာရေးဦးစီးဌာနမှ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီ ခွဲစိတ် အဆောက်အဦတစ်လုံး ဆောက်လုပ်ပေးရန်နှင့် Type C Laboratory စက်တစ်လုံးထောက်ပံ့ပေးရန် အစီအစဉ် ရှိ /မရှိ မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာတင်ထွန်း က
ကလောမြို့နယ်၊ ဟဲဟိုးတိုက်နယ်ဆေးရုံ ခွဲစိတ်ဆောင် အဆောက်အဦ ဆောက်လုပ်ခြင်း လုပ်ငန်းကို ယခု ၂ဝ၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်ငွေလုံးငွေရင်း အသုံးစရိတ် ရန်ပုံငွေဖြင့် ကနဦးလျာထား ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ ဟဲဟိုးတိုက်နယ်ဆေးရုံအတွက် Type C Laboratory Set ထောက်ပံ့ပေးရန် ကလောခရိုင် ပြည်သူ့ဆေးရုံကြီး၏ ၇-၅-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၁၀၇၂/ ဆေး ပစ္စည်း/ ၂၀၂၆ ဖြင့် တင်ပြတောင်းခံလာမှုအပေါ် ကုသရေးဦးစီးဌာနအနေဖြင့် ၂၅-၈-၂၀၂၆ ရက်နေ့တွင် Type C Laboratory Set ကို ထောက်ပံ့ပေးအပ်ပြီးဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။