MY EN

(ည)- ဦးမိုးမင်းဦး(ငဖဲမဲဆန္ဒနယ်)

2026-10-09
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမိုးမင်းဦး (ငဖဲ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဓာတုကင်းလွတ် စိုက်ပျိုးရေးဇုန်များ တည်ထောင်ပေးရန်နှင့် နည်းပညာများသင်တန်းပေးရန်၊ အခြေခံအဆောက်အအုံများပံ့ပိုးပေးရန်၊ ထွက်ကုန်များအတွက် အသိအမှတ်ပြုလက်မှတ်များ ရရှိ ရန်နှင့် ဈေးကွက်တင်ပို့နိုင်ရန်တို့အား ကူညီပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့် မေးခွန်း

          မြန်မာနိုင်ငံ၏ အဓိအသက် သွေးကြောဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်ရှိသော တောင်သူလယ်သမားများ၏ ရေရှည်စီးပွားရေးနှင့် ပြည်သူလူထုတစ်ရပ်လုံး ၏ ကျန်းမာရေးအတွက်လွန်စွာအရေးကြီးပါကြောင်း၊ ယနေ့ခေတ်တွင် ရေတိုအကျိုးအမြတ်နှင့် အထွက်တိုးရန်ကိုဦးတည်၍ ဓာတုမြေဩဇာနှင့် ပိုးသတ်ဆေးများကို စည်းကမ်းမဲ့လွန်ကဲစွာ အသုံးပြုနေခြင်းကြောင့် မြေဆီလွှာအတွင်းရှိ သဘာဝအာဟာရဓာတ်များနှင့် အကျိုးပြု ဇီဝရုပ်များ ပျက်ဆီးကာမြေများမှာကျစ်လာခြင်း၊ အချဉ်ဓာတ်များကဲလာခြင်း၊ ရေရှည်တွင် စိုက်ပျိုးမရသော ကန္တာရဆန်သည့်မြေများ ဖြစ်လာလိမ့်မည်ဖြစ်ပါကြောင်း၊ ထိုမြေများမှ ထွက်လာသည့်သီးနှံများကို စားသုံးခြင်းဖြင့် အာဟာရချို့တဲ့ခြင်းနှင့် ကိုယ်ခံအားကျဆင်းလာခြင်းအပြင် ဓာတုဓာတ်ကြွင်း များ ကြောင့် ကင်ဆာရောဂါ၊ ကျောက်ကပ်ရောဂါစ သည့်နာတာရှည်ရောဂါများ ခံစားရ မည်ဖြစ်ပြီး သဘာဝလေထု၊ ရေထုတို့ကို ညစ်ညမ်းစေပြီး ဂေဟစနစ်ကိုပါ ပြင်းထန်စွာ ထိခိုက်စေ မည်ဖြစ်ပါ ကြောင်း။

          မြန်မာနိုင်ငံသည် စိုက်ပျိုးရေးနိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးအတွက်အသုံးပြုသည့် ဓာတ်မြေဩဇာ နှင့်ပိုးသတ်ဆေးအားလုံးနည်းပါးကို ပြည်ပမှအလုံးအရင်းဖြင့် တင်သွင်းနေရသည့် အတွက် နှစ်စဉ် နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာသန်းပေါင်းများစွာကို ပြည်ပသို့ ပေးချေနေရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၏ ကုန်သွယ်မှုလိုငွေကို ပိုမိုပြီးများစေပြီး နိုင်ငံခြားငွေလဲလှယ်မှုနှုန်းကို မတည်မငြိမ် ဖြစ်စေကာ မိမိတို့နိုင်ငံ၏ GTP တိုးတက်မှုကို တိုက်ရိုက်ဆွဲချနေသည့် ဘဏ္ဏာရေး ပေါက်ပြဲမှုကြီး တစ်ခုဖြစ်ပါကြောင်း၊ ပြည်ပသွင်းအားစုအပေါ် ၁၀၀ ရာခိုင်နှုန်း မှီခိုနေရသ၍ တောင်သူ လယ်သမား များသည် စိုက်ပျိုးစရိတ်မြင့်မားမှုဒဏ်ကိုအမြဲခံရမည်ဖြစ်ပြီး ရရှိသမျှအကျိုးအမြတ်သည်လည်း ပြည်ပကုမ္ပဏီများသို့သာ စီးဆင်းသွားမည်ဖြစ်ပါကြောင်း၊ ဓာတုကင်းလွတ်သည့် အော်ဂဲနစ် စိုက်ပျိုးရေး စနစ်ကို ကူးပြောင်းခြင်းသည် စိတ်ကူးယဉ်သက်သက်မဟုတ်ဘဲ အလွန်တွက်ချေကိုက် သည့် မဟာဗျူဟာမြောက်စီးပွားရေးအတွေးအခေါ်ဖြစ်ပါကြောင်း။

ထို့ကြောင့် ဓာတုဗေဒအဆိပ်အတောက်များအဖြစ် မိမိတို့မြေကိုဖျက်ဆီးမည့်အစားဓာတု ကင်းလွတ် စိုက်ပျိုးရေးဇုန်များထူထောင်ပြီး မြန်မာ့လယ်ယာကဏ္ဍာကို ကမ္ဘာ့အဆင့်မီ Organic Farm တစ်ခုအဖြစ် ပြောင်းလဲပြစ်ရန်လိုအပ်ပါကြောင်း၊ ဓာတုကင်းလွတ်သည့် စိုက်ပျိုးရေးဇုန်များ တည်ထောင်ခြင်းဖြင့် ပြည်ပဓာတုပစ္စည်းများအတွက် ကုန်ကျစရိတ်ကို သုည အထိ လျှော့ချနိုင် မည် ဖြစ်ပါကြောင်း၊ ယနေ့ ကမ္ဘာ့ဈေးကွက်နှင့် ပြည်တွင်းဈေးကွက်အတွင်း သဘာဝအော်ဂဲနစ် အစား အစာများ၏ ဝယ်လိုအားသည် အဆမတန်မြင့်တက်နေပြီး ရိုးရိုးသီးနှံများထက် ဈေးနှုန်း ပိုမို ရရှိနိုင်သဖြင့် တောင်သူများ၏ဝင်ငွေကို  တိုက်ရိုက်တိုးတက်မြင့်မားစေမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြေဆီလွှာပိုမိုကောင်းမွန်လာပြီး ဝင်ငွေလည်းကောင်းလာမည်ဖြစ်၍ သားစဉ်မြေးဆက် လက်ဆင့် ကမ်း နိုင်မည့် ရေရှည်တည်တံ့သော ချမ်းသာကြွယ်ဝမှုကို ဖန်တီးပေးနိုင်မည် ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံတစ်ဝန်းရှိ  ဒေသအသီးသီးတွင် ဒေသရာသီဥတု နှင့်ကိုက်ညီသည့် ဓာတုကင်းလွတ် စိုက်ပျိုးရေးဇုန်များစနစ်တကျ တည်ထောင်ပေးရန် အစီအစဉ် ရှိ မရှိ၊ မိမိ အစီ အစဉ်ဖြင့် တစ်နိုင်တစ်ပိုင် ဆောင်ရွက်နေကြသည့် တောင်သူများ အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာ နှင့် သဘာဝမြေဩဇာ ထုတ်လုပ်နည်းများကို အခမဲ့ထိရောက်စွာသင်တန်းပေးရန်၊မတည် ရင်းနှီး ငွေ၊  မြေ၊ စက်ကိရိယာစသည့် အခြေခံလိုအပ်ချက်များအား ပံ့ပိုးကူညီပေးရန် အစီ အစဉ် ရှိ မရှိ အော်ဂဲနစ်ထွက်ကုန်များအတွက် ကမ္ဘာ့အဆင့်မီအသိအမှတ်ပြုလက်မှတ်များ၊ လွယ်ကူ လျှင်မြန်စွာ ရရှိနိုင်ရေးနှင့် ပြည်ပဈေးကွက်များသို့ တိုက်ရိုက်ချိတ်ဆက်တင်ပို့နိုင်ရေး ကူညီပံ့ပိုးပေးနိုင်ခြင်းရှိ မရှိ၊ ရှိပါက မည်ကဲ့သို့ဆောင်ရွက်ရမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း

ယခုမေးခွန်းကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သမဝါယမနှင့် ကျေးလက်ဝန်ကြီးဌာန၊ စက်မှုနှင့် အသေးစား၊  အငယ်စား၊ အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန၊ စီးပွားကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့၏ ဖြေကြားချက်များ နှင့်အတူ ပေါင်းစပ်ဖြေကြားသွားမည် ဖြစ်ပါကြောင်း။

မြန်မာနိုင်ငံတွင် အော်ဂဲနစ် စိုက်ပျိုးထုတ်လုပ်မှု နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် အော်ဂဲနစ် ထောက်ခံချက်ပေးသည့်အဖွဲ့များ၊ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှု ကွင်းဆက်တောက်လျှောက်ရှိ သည့် တောင်သူများနှင့် ထုတ်လုပ်သူများ လိုက်နာရမည့် မြန်မာ့ အော်ဂဲနစ် စံချိန်စံညွှန်းအား အာစီယံအော်ဂဲနစ်စံချိန်စံညွှန်းများကို အခြေခံပြီး ရေးဆွဲခဲ့ပြီးသည့်အခါ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်တွင် အများပြည်သူများထံကို စတင်အသိပေးကြေညာခဲ့ပြီးဖြစ်ပါကြောင်း၊ ၂၀၁၄ ခုနှစ်တွင် စံချိန်စံညွှန်းဆိုင်ရာဥပဒေအရ ဖွဲ့စည်းထားရှိသည့် အမျိုးသားစံချိန်စံညွှန်းကောင်စီမှ ၉-၁၁-၂၀၂၂ ရက်တွင် မြန်မာ ့အော်ဂဲနစ်စံချိန်စံညွှန်း MMS 33:2022 Myanmar Standard for Organic Agriculture ကိုလည်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါကြောင်း။

အော်ဂဲနစ် ထောက်ခံချက်ပေးရေးဆိုင်ရာလုပ်ငန်းများတွင် ကိုးကားအသုံးပြုနိုင်မည့် အော်ဂဲနစ်ထောက်ခံချက်ပေးရေးဆိုင်ရာ လမ်းညွှန်ချက်များ၊ အော်ဂဲနစ်စိုက်ပျိုးရေး စစ်ဆေးရေး ဆိုင်ရာလမ်းညွှန်ချက်များနှင့် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်သူများ လိုက်နာရမည့် လမ်းညွှန်ချက် များကိုရေးဆွဲပြီး ၂၀၂၃ ခုနှစ်တွင် ထုတ်ပြန်အသိပေးထားရှိပြီးဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနသည် အော်ဂဲနစ်စိုက်ပျိုးရေးဆိုင်ရာ အခွင့်အာဏာပိုင်အဖွဲ့ Regulatory Body အဖြစ် ပုဂ္ဂလိက အော်ဂဲနစ် ထောက်ခံချက်ပေးသည့် အဖွဲ့များကို ကြပ်မတ်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ ၎င်းတို့လိုအပ်သည့် စံချိန်စံညွှန်းများ ကိုရေးဆွဲပေးခြင်း၊ ကွင်းဆင်းစစ်ဆေးရာတွင် ဌာနပညာရှင်များနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခြင်း စသည့် လုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း။

မြန်မာနိုင်ငံတွင် အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုနည်းပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် တိုင်း ဒေသကြီး ပြည်နယ်အသီးသီးတွင်တည်ရှိသည့် ဥယျာဉ်ခြံ၊ သုတေသနစင်တာ ၃၁ ခုမှာ ဓာတုကင်း လွတ်အော်ဂဲနစ်စံပြစိုက်ကွက်များကို သီးသန့်ထားရှိပြီး အော်ဂဲနစ်စိုက်ပျိုးလိုသူများ လေ့လာနိုင်ရန် စီမံဆောင်ရွက်ထားရှိတာဖြစ်ပါကြောင်း၊ ဓာတုကင်းလွတ်ဇုန်များ စနစ်တကျ တည်ထောင်ပေးရေး ကိစ္စနှင့် စပ်လျဉ်း၍ ဆန္ဒအလျောက် တောင်သူများအစုအဖွဲ့ဖြင့် ဆောင်ရွက်လိုမှုအပေါ် နည်းပညာ ပိုင်းဆိုင်ရာပံ့ပိုးကူညီခြင်း၊ အသိအမှတ်ပြုလက်မှတ်များ လွယ်ကူလျှင်မြန်စွာရရှိရေး ပေါင်းစပ် ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း။

တစ်ပိုင်တစ်နိုင်ဆောင်ရွက်နေကြသည့် တောင်သူများကို အော်ဂဲနစ်စိုက်ပျိုးရေး နည်းပညာ ဖြန့်ဖြူးမှု အနေဖြင့် အော်ဂဲနစ်မြေဩဇာ၊ သဘာဝသွင်းအားစုများ၊ သဘာဝပိုးသတ်ဆေးများ၊ မှိုသတ်ဆေးများ တီကောင်မွေးမြူရေးစ သည့် ပညာရပ်ပိုင်းဆိုင်ရာ သုတေသနလုပ်ငန်းများကို လည်း ဟင်းသီးဟင်းရွက် သစ်သီးဝလံ သုတေသနနှင့် ဖွံ့ဖြိုးရေးဗဟိုဌာန၊ လှည်းကူးတွင် တည်ရှိသည့် VFRDC ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံသုတေသနဌာနနှင့် သာစည်ရှိ  VFDC တို့တွင် စမ်းသပ်ဆောင်ရွက်လျက်ရှိပြီး အော်ဂဲနစ် စိုက်ပျိုးသူများနှင့် ပြည်သူများကို နည်းပညာပေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိတာဖြစ်ပါကြောင်း၊ ထို့အပြင် ဥယျာဉ်ခြံ၊ ဟင်းသီးဟင်းရွက်နှင့် အပင်ဇီဝ နည်းပညာဌာနခွဲအောက်တွင်ရှိသည့် ဥယျာဉ်ခြံများ ပြည်နယ် တိုင်းဒေသကြီး အသီးသီးရှိ စိုက်ပျိုးပညာပေးရေး ရှေ့တန်းစခန်း Knowledge Center  များတွင် အော်ဂဲနစ်မြေဩဇာနှင့် သွင်းအားစုများကို လက်တွေ့ပြုလုပ်ပြီး အော်ဂဲနစ်တောင်သူများကိုလည်း စာတွေ့လက်တွေ့ အခမဲ့ သင်ကြားပေးလျက်ရှိပါကြောင်း။

မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းအနေဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်သည့် လုပ်ငန်းများ အပါအဝင် မြေဩဇာထုတ်လုပ်ခြင်းလုပ်ငန်းများကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ ၂၅ ရက်တွင် ဦးစားပေးရင်းနှီးမြှုပ်နှံရန် ဖိတ်ခေါ်ဆောင်ရွက်လျက်ရှိကြောင်း အသိပေးထုတ်ပြန်ခဲ့သည့်အခါတွင် အော်ဂဲနစ်စိုက်ပျိုးရေးအထောက်အကူပြု သဘာဝမြေဩဇာ ထုတ်လုပ်ခြင်းလုပ်ငန်းများ အတွက် အဆိုပြုတင်ပြလာပါက မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က လိုအပ်သည်များကို ပံ့ပိုးကူညီဆောင်ရွက်လျက်ရှိပါကြောင်း၊ အော်ဂဲနစ်စိုက်ပျိုးထုတ်လုပ်မှုဆိုင်ရာ သဘာဝမြေဩဇာ၊ ဇီဝမြေဩဇာများ တည်ထောင်ရင်းနှီးမြှုပ်နှံဆောင်ရွက်ခြင်းလုပ်ငန်းသည် နိုင်ငံတော်မှ ဦးစားပေး မြှင့်တင်မယ့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်း အမျိုးအစားဖြစ်သည်နှင့်အညီ မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၅၊ ပုဒ်မ ၇၇၊ ပုဒ်မ ၇၈ တို့အရ လိုအပ်သည့် စက်ကိရိယာ တင်သွင်း ခြင်းအပါအဝင် အခွန်ဆိုင်ရာကင်းလွတ်ခွင့်၊ သက်သာခွင့်များ စသည့် အခွင့်အရေးများကို ရရှိနိုင်မည် ဖြစ်သည့် အပြင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေနှင့် လည်း မြေအသုံးချ မှုအတွက် ဥပဒေနှင့်အညီ ခွင့်ပြုကူညီနိုင်ပြီး နည်းပညာလိုအပ်ပါက ပံ့ပိုးကူညီ ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။

အလားတူ တောင်သူတစ်နိုင်တစ်ပိုင် သဘာဝမြေဩဇာထုတ်လုပ်မှုလုပ်ငန်းများအကျိုးရှိ ထိရောက်စေရေးအတွက် သဘာဝမြေဩဇာထုတ်လုပ်မှုဆိုင်ရာ နည်းပညာပေးလုပ်ငန်းများကို စိုက်ပျိုးရေးဦးစီးဌာန၊ ရုံးချုပ်နှင့်တိုင်းဒေသကြီး ပြည်နယ်များ တွင်ရှိသည့် ပညာရှင်ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိတာဖြစ်ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်းတွင် တိုင်းဒေသကြီး ပြည်နယ် များတွင် သဘာဝ မြေဩဇာထုတ်လုပ်မှုဆိုင်ရာပညာပေးပွဲ အကြိမ် ၆၀၀၊ ပညာပေး သင်တန်း ၇၀ နှင့် ကွင်းသရုပ်ပြပွဲ အကြိမ် ၉၀ တို့ကိုလည်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီးဖြစ်ပါကြောင်း၊ သဘာဝ မြေဩဇာပြုလုပ် သုံးစွဲရေး၊ သစ်စိမ်းမြေဩဇာစိုက်ပျိုးနိုင်ရေးအတွက် ပညာပေး လက်ကမ်း စာစောင်ပေါင်း ၃,၀၀၀ ကိုလည်း ဖြန့်ဝေပေးနိုင်ခဲ့တာဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် သဘာဝမြေဩဇာထုတ်လုပ်မှုဆိုင်ရာ နည်းပညာ ပေးလုပ်ငန်းများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ပေးနိုင်ရန်အတွက်လည်း  ပညာပေးဆွေးနွေးပွဲ ပေါင်း ၈၄၀၊ ပညာပေးသင်တန်းပေါင်း ၁၂၁ ကြိမ်နှင့် ကွင်းသရုပ်ပြပွဲ ၁၅၇ ကြိမ်တို့ကို အခမဲ့ ဆောင်ရွက်ပေးသွားရန် စီမံ ဆောင်ရွက် ထားရှိပါကြောင်း။

ကနဦးစတင်ဆောင်ရွက်သူများကို မတည်ရင်းနှီးငွေများ ထုတ်ပေးနိုင်ရေးနှင့်စပ်လျဉ်းပြီး သမဝါယမအသင်းများဖြစ်ပါက သမဝါယမနှင့်ကျေးလက်ဒေသဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ သမဝါယမ ဦးစီးဌာနမှလည်းကောင်း၊သမဝါယမအစုအဖွဲ့မဟုတ်ဘဲကျေးလက်အစုအဖွဲ့များဖြစ်ပါကကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှလည်းကောင်းသတ်မှတ်ချက်နှင့်အညီ စီမံကိန်းလုပ်ထုံး လုပ်နည်း နှင့် ညီညွတ်ပါက ကူညီဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ စိုက်ပျိုးရေး ဦးစီးဌာနနှင့် ပဲတင်ပို့သူအစုအဖွဲ့တို့ပူးပေါင်းပြီး ပဲတီစိမ်း GAP နည်းစနစ် များအတိုင်း စိုက်ပျိုးနိုင်ရေး တောင်သူပညာပေးသင်တန်းများကိုလည်း ရန်ကုန်တိုင်း‌ဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးများတွင် ၂၀၁၄ မှ ၂၀၁၅ ခုနှစ်အတွင်း တောင်သူ ၆,၃၂၆ ဦးနှင့် စီမံ ဆောင်ရွက် ထားရှိခဲ့ပြီးဖြစ်ပါကြောင်း။

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဝန်ကြီးဌာနအနေဖြင့် အင်းလေးဒေသမှထွက်ရှိသည့် သဘာဝဗေဒါမြေဆွေး ထုတ်ကုန်များ ဈေးကွက်ရရှိနိုင်ရေးဆိုင်ရာဆွေးနွေးပွဲ၊ သဘာဝမြေဩဇာနှင့်စပ်လျဉ်းသည့် အသိပညာများ၊ ကော်ဖီ စိုက်ပျိုးရာတွင် Good Agricultural Practices (GAP) နှင့်စပ်လျဉ်းသည့် အသိပညာပေးလုပ်ငန်း များ၊ ဝါးအခြေပြုတန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်နိုင်ရေးအသိပညာပေးလုပ်ငန်းများ၊ နည်းပညာ ဆွေးနွေးပွဲများ၊ ဝဥကုန်ကြမ်းစိုက်ပျိုးမှုမှ တန်ဖိုးမြင့်ထုတ်ကုန်ဖြစ်သည့် ဝဥကြာဇံ၊ ဝဥဆန် အပါအဝင် ဝဥကုန်ချော ထုတ်လုပ်မှုနှင့်ဆိုင်ရာဆွေးနွေးပွဲ၊ ပြည်ပဈေးကွက်မှလက်ခံနိုင်သည့် စံချိန်စံညွှန်းမီ ကုန်ပစ္စည်းများ ထုတ်လုပ်နိုင်ရန်အတွက် အဆင့်မြှင့်တင်ပေးသည့် အသိပညာပေး ဆွေးနွေးပွဲများကို တိုင်းဒေသကြီး ပြည်နယ်နှင့် ပြည်ထောင်စုနယ်မြေများတွင် MSMEs လုပ်ငန်းရှင်များကို အသိပညာမျှဝေပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း။

စက်မှုနှင့် အသေးစား၊ အငယ်စား၊ အလတ်စားနှင့် စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနအနေနှင့် MSMEs လုပ်ငန်းများဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေဖြင့် နိုင်ငံတော်မှထောက်ပံ့ငွေ ၁၇၀ ဘီလီယံကျပ်ကို MSMEs ချေးငွေအတွက် ငွေကျပ် ၁၅၀ ဘီလီယံသုံးစွဲရန်နှင့် ငွေကျပ် ၂၀ ကို MSMEs ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်း ဆောင်ရွက်ရန် အသုံးပြုမည်ဖြစ်ပြီး ချေးငွေထုတ်ချေးရာတွင် ရန်ပုံငွေစီမံခန့်ခွဲမှုအဖွဲ့မှ ထုတ်ပြန် ထားသည့် MSMEs ချေးငွေထုတ်ချေးခြင်း လုပ်ငန်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက် ပေးလျက်ရှိပါကြောင်း၊  ထို့အတွက်ကြောင့် MSMEs လုပ်ငန်းများကို အနီးကပ်ကြီးကြပ်ပံ့ပိုးပေးရန် ဥပဒေအရ ဖွဲ့စည်းထားပြီးသားဖြစသည့် ဒေသ ဆိုင်ရာ MSMEs Agency ကိုဖွဲ့စည်းထားရှိပြီး ထိထိ ရောက်ရောက် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းမှာ ဌာနဆိုင်ရာ ၁၂ ခုပါသည့် One Stop Service ရုံးများကို ၁၇-၇-၂၀၂၆ ရက်တွင် ဖွင့်လှစ်ထားရှိပြီးဖြစ်သည့် အတွက်ကြောင့် အဆိုပါလုပ်ငန်းများတွင် အော်ဂဲနစ်နှင့်စပ်လျဉ်းသည့် သဘာဝမြေဩဇာ ထုတ်လုပ် သည့် လုပ်ငန်းများ၊ အခြားဝန်ဆောင်မှုလုပ်ငန်းများကို ရယူနိုင်ပါကြောင်း ။

ဆက်လက်၍ အော်ဂဲနစ်လက်မှတ်ထုတ်ပေးရေး နှင့်စပ်လျဉ်းပြီး တင်ပြလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် အော်ဂဲနစ်ထောက်ခံချက်လက်မှတ်ပေးသည့် ပုဂ္ဂလိကအဖွဲ့ ၄ ဖွဲ့ရှိပါကြောင်း၊ IFOAM  နှင့် USDA ကဲ့သို့သော နိုင်ငံတကာထောက်ခံချက်များပေးတာဖြစ်ပါကြောင်း၊ အဆိုပါ အော်ဂဲနစ် ထောက်ခံချက်လက်မှတ်များ လျှောက်ထားရယူလိုပါတောင်သူများအနေဖြင့် Control Union ကဲ့သို့သော ကုမ္ပဏီများမှတစ်ဆင့်ရရှိနိုင်ရေးကို လိုအပ်သည့် ကူညီချိတ်ဆက်မှုများ ပံ့ပိုး ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း။

တစ်ပိုင်းကလည်းလေ့လာကြည့်မည်ဆိုလျှင် ကမ္ဘာတွင် ပြောင်း၊ ဆန်စိုက်ပျိုးထုတ်လုပ်မှု၏ ၁၀ ရာခိုင်နှုန်း အထိ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ်မှု၏ ၂၀ ရာခိုင်နှုန်း မှ ၃၀ ရာခိုင်နှုန်း အထိကို စိုက်ပျိုးရေး ဆိုင်ရာအလေ့အကျင့်ကောင်းများ GAP ဖြင့် ဓာတုကင်းလွတ် ထုတ်ကုန်များအဖြစ် ထောက်ခံချက်ရယူပြီး စိုက်ပျိုးထုတ်လုပ်လျက်ရှိသည် ကိုတွေ့ရပါကြောင်း၊ အော်ဂဲနစ်စိုက်ပျိုး ထောက်ခံချက်ရယူပြီး စိုက်ပျိုးထုတ်လုပ်မှုအနေဖြင့် ပြောင်းသီးနှံတွင် ၀.၁ ရာခိုင်နှုန်း မှ ၀.၅ ရာခိုင်နှုန်း၊ ဆန်၊ စပါးတွင်  ၀.၅ ရာခိုင်နှုန်း မှ ၀.၁ ရာခိုင်နှုန်း၊ ပဲမျိုးစုံတွင် ၁ ရာခိုင်နှုန်း မှ ၃ ရာခိုင်နှုန်း၊ သစ်သီးဝလံတွင် ၅ ရာခိုင်နှုန်း မှ ၈ ရာခိုင်နှုန်းသာ ရှိသည်ကို လေ့လာ တွေ့ရှိရပါကြောင်း၊ အော်ဂဲနစ် စိုက်ပျိုးရေးအတွက် လွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသကဲ့သို့ ပတ်ဝန်းကျင်၊ မြေသယံဇာတကို အားပေး သောစနစ်ဖြစ်သည့် အတွက် အားပေးဆောင်ရွက်ရမည် ဖြစ်သော်လည်းလက်ရှိမြန်မာနိုင်ငံ၏အခြေအနေတွင် စိုက်ပျိုးရေးဆိုင်ရာအလေ့အကျင့်ကောင်းများ GAP စနစ်နှင့်အညီ စိုက်ပျိုးထုတ်လုပ်ပြီး ဓာတုဓာတ်ကြွင်း ကင်းစင်သည့် သီးနှံများပေါ်ထွက် လာရေး တိုးတက်ဆောင်ရွက်အောင်တွန်းအားပေးဆောင်ရွက်သင့်ကြောင်း။ 

မြန်မာနိုင်ငံအနေဖြင့် အော်ဂဲနစ်စိုက်ပျိုးရေးလုပ်ငန်းများကို ဆက်လက်အားပေး ဆောင်ရွက် သွားမည် ဖြစ်ပြီး စိုက်ပျိုးရေးထုတ်ကုန်များအပါအဝင် မြန်မာ့ထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးအတွက် နိုင်ငံ ၁၂ နိုင်ငံတွင် စီးပွားရေးသံမှူး ၁၇ ဦး  စေလွှတ် ထားရှိပြီး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့နောက် မြန်မာ့ထွက်ကုန်ပစ္စည်းများကို နိုင်ငံတကာ ဝယ်လက်များမှ  သိရှိအောင်မိတ်ဆက်ဆောင်ရွက်ပေးခြင်းအနေဖြင့် မြန်မာ့ထွက်ကုန် ပစ္စည်းများကို နိုင်ငံတကာကုန်စည်ပြပွဲများတွင် ပါဝင်ပြသနိုင်ရေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့်လွှတ်တော်ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ဓာတုကင်းလွတ်စိုက်ပျိုးရေးလုပ်ငန်း များ ဆောင်ရွက်ပေးနိုင်မှုအခြေအနေများကို တင်ပြလိုပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။