ပုသိမ်မြို့နယ်၊ လယ်ယာမြေများ၌ ခရုအန္တရာယ်မှ လွတ်မြောက်နိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
မြန်မာနိုင်ငံ၏ စပါးကျီလို့တင်စားခံရသော စပါးအများဆုံးထွက်သည့် ဧရာဝတီတိုင်းဒေသ ကြီးရှိ မြို့နယ်များတွင် စိုက်ပျိုးရာသီချိန် စပါးစိုက်ခင်းများ၌ စတင်စိုက်ပျိုးချိန်မှ အပင်ကြီးထွားရင့် မှည့်ချိန်အထိ ကျရောက်တတ်သော အပင်ဖျက်ပိုး အမျိုးမျိုးရှိသည့်အနက် စပါးစိုက် တောင်သူများ နှစ်စဉ်နီးပါးကြုံတွေ့ရလေ့ရှိသည့် အန္တရာယ်မှာ စပါးစိုက်ခင်းများကို ဆိုးရွားစွာထိခိုက် ပျက်စီး စေသော ခရု(ရွှေခရု)အန္တရာယ်ဖြစ်ပါကြောင်း၊ ရွှေခရု(Golden Apple Snail) ဟုခေါ်သည့်ခရုများ၏မူရင်းဒေသမှာ တောင်အမေရိကဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့ ပင်လယ်အစားအစာအဖြစ် ရောက်ရှိလာခဲ့ပါ ကြောင်း၊ ၁၉၇၉-၁၉၈၀ ပြည့်နှစ်များတွင် ထိုင်ဝမ်မှ ဖိလစ်ပိုင်၊ ဂျပန်နှင့်ထိုင်းနိုင်ငံများသို့ ပျံ့နှံ့ဝင်ရောက်လျက် ရှိပြီး ယခုအခါ စပါးစိုက်သောနိုင်ငံအနှံ့အပြားသို့ ပျံ့နှံ့လျက်ရှိကြောင်း လေ့လာသိရှိရ ပါကြောင်း။
အကောင်ပေါက်ပြီး နှစ်လ၊ သုံးလအတွင်း အရွယ်ရောက်ပြီး အမတစ်ကောင်သည် တစ်ကြိမ် လျှင် ဥပေါင်း ၁၀၀ မှ ၁၀၀၀ အထိ အတွဲလိုက်ဥ ဥပြီး တစ်နှစ်လျှင် သုံးကြိမ် အထိမျိုးပွားကြောင်း၊ ရွှေခရု တစ်ကောင်သည် ပတ်ဝန်းကျင်အပူချိန်နှင့် အစာရေစာအပေါ်မူတည်ပြီး ၅ နှစ်မှ ၁၀ နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါကြောင်း၊ ရွှေခရုအမများသည် ဥတွဲများကို နေရာအနှံ့ ဥ ဥလေ့ရှိပြီး အထူး သဖြင့် ရေနှင့်နီးစပ်သောနေရာများတွင် ပိုမိုဥလေ့ ရှိပြီး ရှစ်ရက်မှ နှစ်ပတ်အတွင်း အကောင်များ ပေါက်လေ့ရှိပါကြောင်း၊ အကောင်ငယ်ဘဝမှာ ရေညှိ၊ ရေမှော်ရွက်နုများကို စားသောက်လေ့ရှိပြီး အကောင်ကြီးလာသည့်အခါ သီးနှံပင်များ၊ အစိတ်အပိုင်းများအားလုံးကို စားသောက်ဖျက်ဆီးသည်ကို တွေ့ရှိရပြီး မြေကြီးထဲတွင် သုံးလခန့် ခိုအောင်းနိုင်ပြီး စိုက်ခင်းများအတွင်း ရေရှိနေချိန်တွင် ရွှေခရုများကျရောက်နိုင်သည်ကို လေ့လာတွေ့ရှိ ရပါကြောင်း။
ရွှေခရုများသည် ခြောက်သွေ့သောရာသီချိန်များတွင် ငြိမ်သက်စွာနေထိုင်အသက်ရှင်နိုင်စွမ်း ရှိပြီး စပါးခင်းများအတွင်း ရေရှိသည့်အခါ ပြန်လည်သက်ဝင်လှုပ်ရှားဖျက်ဆီးတတ်ပါကြောင်း၊ ရွှေခရု များ အန္တရာယ်အား တောင်သူများ နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်ခြင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးသီးနှံစိုက်ပျိုးမှုတွင် အရေးကြီးသော ရွှေခရု ကြိုတင်ကာကွယ်နိုင်ရန် သတိပေးချက် (Early Warning) ထုတ်ပြန်ထားသည်ကိုလည်း တွေ့ရ သည့် အပြင် ဘက်စုံကာကွယ်ရေးနည်းလမ်းများလည်း ထုတ်ပြန်ထားသည်ကို တွေ့ရှိရပါကြောင်း။
ရွှေခရုအန္တရာယ်သည် သာမန်မဟုတ်ဘဲ အလွန် ကြီးမားသည့်အန္တရာယ်တစ်ခုဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် ဆန်စားသုံးသောနိုင်ငံဖြစ်ပြီး တောင်သူလယ်သမားများ၏ အန္တရာယ်သည် နိုင်ငံတော်နှင့်နိုင်ငံသားများ၏ အန္တရာယ်ဖြစ်ပါကြောင်း၊ ရွှေခရုအန္တရာယ်ကြောင့် တောင်သူ လယ်သမားများ၏ သွင်းအားစု၊ အချိန်၊ လုပ်ငန်းပေါင်းများစွာ ဆုံးရှုံးရသလို တောင်သူလယ်သမား များသည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို အဓိက စီးပွားရေးလုပ်ငန်းအဖြစ် ဆောင်ရွက်နေသော လုပ်ငန်းဖြစ်သည့်အပြင် ဘဝနှင့်ရင်းရသည့်လုပ်ငန်းလည်း ဖြစ်ပါကြောင်း၊ စပါးသည် မြန်မာနိုင်ငံသူ နိုင်ငံသားများ၏ အဓိကစားနပ်ရိက္ခာဖြစ်တဲ့အပြင် လယ်ယာထွက်ကုန်မှ တစ်ဆင့် နိုင်ငံ့စီးပွားရေး ကိုပါ ထိခိုက်နိုင်တာဖြစ်လို့ တောင်သူလယ်သမားများ စိုက်ပျိုးရာသီချိန်တွင် ခရုအန္တရာယ်မှ လွတ်မြောက်နိုင်ရေး မည်ကဲ့သို့ ဆောင်ရွက်ပေးနိုင်မည့် အစီအစဉ် ရှိ/ မရှိ သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း က
လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသွားသည့်အထဲမှာလည်း ပါဝင်ပြီး တော်တော် များများ ရွှေခရု အကြောင်းကို တင်ပြထားပြီးဖြစ်ပါကြောင်း၊ ရွှေခရုသည် အာရှနိုင်ငံများတွင် စတင်ခဲ့သည့် မျိုးစိတ်မဟုတ်ဘဲ တောင်အမေရိကနိုင်ငံမှနေပြီး တည်ရှိခဲ့သည့် မျိုးစိတ်တစ်ခုဖြစ်ပါ ကြောင်း၊ ၁၉၈၀ ပြည့်နှစ် ပတ်ဝန်းကျင်တွင် အာရှနိုင်ငံများမှာ ရွှေခရုကို စားသုံးရန် ယူလာ ရာမှာ အရှေ့တောင်အာရှအပါအဝင် မြန်မာနိုင်ငံသို့ ကူးစက်ပျံ့နှံ့လာခဲ့သည့် အနေအထားရှိသည်ကို တွေ့ရှိရ ပါကြောင်း၊ ထို့ကြောင့် ရွှေခရုပေါက်ဖွားသည့် တရုတ်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံ အစရှိသဖြင့် နိုင်ငံများတွင်လည်း ရွှေခရုပြဿနာကို နှစ်စဉ်ကာကွယ်နှိမ်နင်း ဆောင်ရွက်လျက်ရှိ သည်ကိုလည်း လေ့လာသိရှိရပါကြောင်း။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင် အလိုက် တာဝန်ပေးအပ်ထားသည့် သီးနှံကာကွယ်ရေးကျွမ်းကျင်ပညာရှင်များနှင့်ပူးပေါင်းပြီး ရွှေခရု အပါအဝင် စပါးသီးနှံများတွင် ကျရောက်လျက်ရှိသည့် ပိုးမွှားရောဂါကာကွယ်နှိမ်နင်းနည်းများ၊ ပိုးသတ်ဆေးစနစ်တကျသုံးစွဲနည်းနှင့် သုံးစွဲသင့်သည့်ဆေးအမျိုးအစားကို အကြံပြုချက်များပေးပြီး ကူညီဆောင်ရွက်ခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်ရေးနှင့် အရည်အသွေးကောင်းသီးနှံများ ထုတ်လုပ်နိုင်ရေးအတွက် ဘက်စုံပိုးမွှားကာကွယ်ရေးနည်းစနစ်များနှင့် စာတွေ့၊ လက်တွေ့ သင်ကြားပြသ ဆောင်ရွက်လျက်ရှိခြင်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ခုနှစ်တွင် ဧရာဝတီတိုင်း ဒေသကြီး ၊ ပုသိမ်၊ ဟင်္သာတ၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံ၊ လပွတ္တာမြို့နယ်များတွင်ရှိသည့် မြို့နယ် ၂၆ မြို့နယ်တွင် မိုးစပါးသီးနှံ ရွှေခရုဖျက်ပိုး တောင်သူပညာပေးလုပ်ငန်း ၆၉၀ ကြိမ်၊ တောင်သူ ၂၃,၈၁၂ ဦးကို လည်းကောင်း၊ မိုးစပါးသီးနှံ ရွှေခရုဖျက်ပိုး အသံဖိုင်ဖြင့် နှိုးဆော်သတိပေးခြင်း ၉၅၀ ကျော်ကို တောင်သူ ၁၂,၀၀၀ ကျော်ကိုလည်းကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ခြင်းဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင် ၂၀၂၆-၂၀၂၇ ခုနှစ်၌ မိုးစပါး ဧက ၉၀,၀၀၀ ကျော်စိုက်ပျိုးထားရှိပြီးဖြစ်ပါကြောင်း၊၂၀၂၆ ခုနှစ် မိုးစပါးရာသီမှာ စိုက်ပျိုးရေးဦးစီးဌာနမှ ရွှေခရု နှိမ်နင်းရေးအတွက် ပညာပေးရေးဆွေးနွေးခြင်းလုပ်ငန်းကို ၂၅-၄-၂၀၂၆ ရက်နေ့မှ ၈-၁၀-၂၀၂၆ ရက်နေ့အထိ ရပ်ကွက်/ကျေးရွာအုပ်စု ၁၈ ခုတွင် တောင်သူ ၅၈၁ ဦးဖြင့်လည်းကောင်း၊ ကျေးရွာ အုပ်စုနှစ်ခုတွင် အသံဖိုင်နှင့် နှိုးဆော်ခြင်းလုပ်ငန်းကိုလည်းကောင်း ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ ရွှေခရု အကောင်ကြီး၊ အကောင်ငယ်များကို လူထုအင်အားအသုံးပြုပြီး လက်ဖြင့်ကောက်ယူ ဖျက်ဆီး သရုပ်ပြပွဲကိုလည်း ကျေးရွာအုပ်စုနှစ်စု၌ တောင်သူပေါင်း ၉၇ ဦးနှင့် ဆောင်ရွက်ပြီးဖြစ်ပါကြောင်း၊ မိုးစပါး၊ နွေစပါးအဓိကစိုက်ပျိုးလျက်ရှိသည့် မိုးရာသီကာလတွင် စဉ်ဆက်မပြတ်မိုးရွာသွန်းခြင်း နှင့်အတူ မိုးရေချိန်လက်မ များပြားစွာရွာသွန်းခြင်းတို့ကြောင့် ရေသွင်းရေထုတ်ဆောင်ရွက်ရာတွင် အခက်အခဲတွေ့ကြုံရခြင်းဖြစ်ပါကြောင်း။
ရွှေခရုဖျက်ပိုးကျရောက်မှုကို ထိရောက်စွာကာကွယ်နှိမ်နင်းနိုင်ရန်အတွက် ရေသွင်းရေထုတ် ကောင်းမွန်ရန် တာပတ်ခြင်း၊ ရေသွင်းရေထုတ်မြောင်းများကို စနစ်တကျ ပြင်ဆင်ရှင်းလင်းခြင်း တို့ကို ဆောင်ရွက်ပေးရန် လိုအပ်ခြင်းဖြစ်ပါကြောင်း၊ ရွှေခရုသည် စပါးပင်သက်တမ်းငယ်ချိန်တွင် ပြင်းထန်စွာ ဖျက်ဆီးမှုရှိပြီး တောင်သူဦးကြီးများအနေဖြင့် ရွှေခရုဖျက်ပိုးကျရောက်မှုကို အချိန်မီ ကွင်းဆင်းခြင်းနှင့်အတူ လူထုအင်အားသုံးပြီး ဥမြုံများ၊ ခရုများ ကောက်ယူဖျက်ဆီးခြင်းကို မဖြစ် မနေဆောင်ရွက်ရမည်ဖြစ်ပြီး စိုက်ပျိုးရေးဦးစီးဌာနနှင့် ကျေးရွာတောင်သူများပူးပေါင်းပြီး ရွှေခရု ကောက်ပွဲများကိုလည်း ဆောင်ရွက်ထားရှိခြင်းဖြစ်ပါကြောင်း၊ ရွှေခရု အန္တရာယ်ကာကွယ်နှိမ်နင်းရေး အတွက် အထိရောက်ဆုံးနည်းလမ်းကတော့ တောင်သူများကိုယ်တိုင် ပါဝင်သည့် လူထုအင်အားဖြင့် ဆောင်ရွက်ရသည့် ဥမြုံများ၊ ခရုများကို ကောက်ယူဖျက်ဆီးခြင်း၊ မျှားစာနှင့် ခရုများကို ဆွဲဆောင် ကောက်ယူဖျက်ဆီးခြင်းတို့ကို ကွင်းအလိုက်ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်တွင်ကျန်ရှိသသည့် မိုးစပါးရာသီသက်တမ်းတစ်လျှောက် ရွှေခရုကာကွယ်နှိမ်နင်းခြင်းကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပြီး စပါးပင်ရင့်သန်နေသည့် အချိန်တွင် ရွှေခရုကျရောက်ဖျက်ဆီးမှုသည် သက်သာသွားသည့်အနေအထားမျိုးဖြစ်ပါကြောင်း၊ နွေစပါးရာသီမတိုင်ခင် ရွှေခရုကာကွယ်နှိမ်နင်းရေးလုပ်ငန်းဆောင်ရွက်နိုင်ရန် အတွက်လက်ရှိ ဆောင်ရွက်နေသည့် စိုက်ပျိုးရေးနည်းစနစ်များကို ပြင်ဆင်ဆောင်ရွက်ခြင်း၊ အဓိက တိုက်ရိုက် အစေ့ချ စိုက်ပျိုးရေးနည်းစနစ်နှင့် စိုက်ပျိုးမယ်ဆိုလို့ရှိရင် ရွှေခရုဖျက်ဆီးမှုသည် အပင်ငယ်ချိန်တွင် ပိုမိုများပြားတတ်သည့်အတွက်ကြောင့် စပါးပင်၏ ခံနိုင်ရည်ရှိသည့် ပျိုးသည့် ရက် ၃၀ မှ ရက် ၄၀ အတွင်း ပြောင်းရွှေ့စိုက်ပျိုးနိုင်မည်ဆိုပါက ရွှေခရုရန်က သက်သာနိုင်မည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် ရွှေခရုကို လူထုအားဖြင့် ကာကွယ်နှိမ်နင်းခြင်း၊ စိုက်နည်းစနစ်များ ပြင်ဆင်ဆောင်ရွက် ခြင်း၊ ပြင်းထန်စွာကျရောက်လာပါက ခရုသတ်ဆေးများဖြင့် ကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခြင်းဖြင့် ရွှေခရုကျရောက်ဖျက်ဆီးမှုကို လျော့ပါးသက်သာစေနိုင်မည် ဖြစ်ပါကြောင်း ဖြင့် ဖြေကြားခဲ့ပါသည်။
ဦးသန်းထွန်း(ပုသိမ်မဲဆန္ဒနယ်)မှဆက်စပ်မေးခွန်းမေးမြန်းပါသည်။ တောင်သူလယ်သမားအကျိုးကိုရှေးရှုပြီး ပြည့်ပြည့်စုံစုံ ဖြေကြားပေးပါသော ပြည်ထောင်စု အစိုးရအဖွဲ့ဝင် ဒုတိယဝန်ကြီးအား တောင်သူလယ်သမားများ ကိုယ်စား အထူးပင်ကျေးဇူးတင်ရှိပါ ကြောင်း၊ မဲဆန္ဒနယ် ပြည်သူများ အား ရှင်းလင်းပြတ်သားစွာ ဖြေကြားနိုင်ရန် သိရှိလိုသည့်အတွက် ဥက္ကဋ္ဌကြီးမှတစ်ဆင့် တစ်ဆက် တစ်စပ်တည်းမေးမြန်းလိုသည့်မေးခွန်းမှ (၁) ဝန်ကြီးဌာန အစီအစဉ် ဖြင့် တောင်သူလယ်သမားများအတွက် မည်မျှအကျိုးထိရောက်မှု ရှိပါသလဲဆိုသည့်မေးခွန်းနှင့် (၂) နှစ် အလိုက် ဆောင်ရွက်သွားမည့် အစီအစဉ်များ မည်ကဲ့သို့ချမှတ်ထားပါကြောင်း၊ (၃) စပါးစိုက် တောင်သူများ ခရုအန္တရာယ်မှ ကင်းဝေးစေရေးအတွက် မည်ကဲ့သို့များ ရည်မှန်းချက်ထားပြီး ဆောင်ရွက်ထားပါကြောင်းကို သိလိုပါကြောင်းဖြင့် ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာရဲတင့်ထွန်း က
ဆက်စပ်မေးခွန်းအပေါ် ပြန်လည်ဖြေကြားသွားမည်ဖြစ်ပါကြောင်း၊ ရွှေခရုကျရောက်သည့် လုပ်ငန်းစဉ်များသည် ရွှေခရုပျောက်ကွယ်သွားအောင် ဆောင်ရွက်နိုင်သည့် အခြေအနေမရှိပါ ကြောင်း၊ လျော့နည်းသက်သာအောင်သာ ဆောင်ရွက်နိုင်သည့် အခြေအနေသာရှိပါကြောင်း၊ ထို့ကြောင့် လျော့နည်းသက်သာနိုင်စေရန်အတွက် အဓိကဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များမှ ခရုကို အကောင်လိုက်ကောက်ယူသည့်လုပ်ငန်းထက် ခရုဥမြုံကို ဖျက်ဆီးပစ်သည့် လုပ်ငန်းကို ဆောင်ရွက် ပေး ရန်လိုခြင်းဖြစ်ပါကြောင်း၊ ခရုဥမြုံများ ပန်းရောင်အရောင်တောက်တောက် အနီရဲဖြစ်နေသည့် အချိန်မျိုးတွင် ရေထဲကို မြှုပ်ပေးလိုက် ရုံနှင့်တင် ခရုကိုနှိမ်နင်းနိုင်ခြင်းဖြစ်ပါကြောင်း၊ တစ်ကောင် ချင်း ကောက်ယူခြင်းထက် ဥမြုံတစ်မြုံတွင်ရှိသည့် ဥ ၈၀၀ ကနေ ၁၀၀၀ ကို ၎င်း ဥမြုံတစ်မြုံ မှနေပြီး ကောက်ယူဖျက်ဆီးနိုင်သည့်အတွက် ကြောင့် လျော့နည်းသက်သာစေနိုင်သည်ဆိုသည့် အနေအထားမျိုးကိုလည်း တွေ့ရှိရမည်ဖြစ်ပါကြောင်း၊ နောက်တစ်ခုအနေဖြင့် ဥမြုံများကို မိမိတို့ အနေဖြင့် ဆောင်ရွက်ပေးခဲ့သည့်လုပ်ငန်းစဉ်များထဲတွင် ရွှေခရု၏အကောင်လေးများကို ကောက်ယူ ဖျက်ဆီးပြီးသည့်အခါ ဝယ်ယူရေးလုပ်ငန်းဆောင်ရွက်ခဲ့သည်များ ရှိပါကြောင်း၊ ဝယ်ယူရေး လုပ်ငန်း ဆောင်ရွက်ပြီးသည့်အခါ ငါး၊ ပုစွန်လုပ်ငန်းများတွင် အစာအဖြစ် ကျွေးမွေးရောင်းချသည့်လုပ်ငန်းနှင့် စီမံဆောင်ရွက်သည့်လုပ်ငန်းများကိုလည်း ဆောင်ရွက်ခဲ့ဖူးသည့် အတွေ့ အကြုံရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် ဒေသခံတောင်သူလယ်သမားများ၊ ဒေသခံအစိုးရအဖွဲ့အစည်းများ၊ လွှတ်တော်ကိုယ်စား လှယ်တော်ကြီးများနှင့် ကျေးရွာနေတောင်သူများနှင့်ပေါင်းစပ်ပြီး မိမိတင်ပြခဲ့သည့် လုပ်ငန်းစဉ်များ အတိုင်း ပေါင်းစပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။