လယ်ယာမြေပုံစံ(၇) အမည်ပြောင်းခြင်းလုပ်ငန်းစဉ် ဖြေလျှော့ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
၁၀-၄-၂၀၂၆ ရက် သောကြာနေ့တွင် နိုင်ငံတော်သမ္မတ၏ အစိုးရအဖွဲ့သစ်ကတိသစ္စာပြု အခမ်းအနားတွင် ပြည်သူများ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး၊ တောင်သူလယ်သမားများ၏ဘဝ မြှင့်တင်ရေးအတွက် အဓိကကျသည့် ဦးစားပေးလုပ်ငန်းစဉ်ဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ သည် စိုက်ပျိုးရေးလုပ်ငန်းများတွင် အဓိကမှီခိုသူများဖြစ်သည့်အတွက် တောင်သူလယ်သမား ၏ဘဝမြှင့်တင်ရန်နှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရန်အတွက် စီမံ ဆောင်ရွက်သွားမည်ဖြစ် ကြောင်း လမ်းညွှန်မှာကြားခဲ့ပါကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်ချက်အရ Quick Win ဖြစ်စေမည့် ရက် ၁၀၀ အစီအစဉ်တွေကို ဆောင်ရွက်နိုင်ခဲ့ပြီး တင်ပြပါအတိုင်း ချေးငွေများကို တိုးမြှင့်ရရှိခဲ့ပြီးဖြစ်ပါကြောင်း။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ ဖြေလျှော့ဆောင်ရွက်ပေးမှုကြောင့်လည်း လက်ရှိသီးနှံများသည် သီးထပ်သီးနှံများပါ ထပ်ပြီးရရှိခဲ့ဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ စေတနာနှင့် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်တို့၏ ကြိုးပမ်းဆောင်ရွက်မှုများကို တောင်သူများမှ ဝမ်းသာပီတိဖြစ်မိနေပါကြောင်း၊ စိုက်ပျိုးစရိတ်ချေးငွေတိုးတက်ရရှိလာသည်ကိုလည်း နိုင်ငံတစ်ဝန်းလုံးရှိ တောင်သူလယ်သမားများ၊ လွှတ်တော်ကြီးနှင့် လွှတ်တော်ကိုယ်စားလှယ်အားလုံးမှလည်း ဝမ်းသာပီတိဖြစ်မိပါကြောင်း၊ ထိုနေရာတွင် အရေးကြီးသည့်အချက်တစ်ခုမှာ ပုံစံ(၇)အမည်ကွဲလွဲနေသော တောင်သူများအတွက် ချေးငွေရရှိအောင် ဖြေလျှော့ပေးခဲ့ပါကြောင်း၊ မိုးရာသီ ၂၈.၉.၂၀၂၆ ရက်အထိ တောင်သူ ၆ သိန်းကျော်၊ စိုက်ပျိုးဧက ၃၉ သိန်းကျော်အတွက် ချေးငွေ ၁,၁၄၈ ဘီလီယံ ထုတ်ချေးပေးခဲ့ပြီး ပုံစံ(၇) အမည်ကွဲလွဲ နေသော တောင်သူ ၃၇,၀၀၀ ကျော်အတွက် ၇၄ ဘီလီယံ ထုတ်ချေးပေးခဲ့ပါကြောင်း၊ လက်တွေ့ ဖြေလျှော့ပေးသည့်လုပ်ငန်းစဉ်သည် တောင်သူတွေအတွက် များစွာအကျိုးကျေးဇူးရှိပါကြောင်း၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၏ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သည် ချေးငွေထုတ်ပေးရသည့် ဌာနတစ်ခုဖြစ်သော်လည်း ထိုသို့ဖြေလျှော့ပေးခဲ့သည့်အတွက် တောင်သူ ၃၀,၀၀၀ ကျော်၊ ခန့်မှန်းဧက ၂၄၀,၀၀၀ ကျော်ကို ချေးငွေထုတ်ပေးနိုင်သည့်အတွက် တောင်သူမိသားစုများ အဆင်ပြေပြီး နိုင်ငံတော် ၏ စားနပ်ရိက္ခာဖူလုံမှုကို များစွာအထောက် အကူဖြစ်စေနိုင်ပါကြောင်း၊ သတိပြုရမည့်အချက်မှာ ပုံစံ(၇) များကို နောက်နှစ်တွင် ထပ်ပြီး ဖြေလျှော့ထုတ်ပေးမည်လား သို့မဟုတ် လုပ်ထုံးလုပ်နည်း တချို့ကို ဖြေလျှော့ပြီး နိုင်ငံတော်၏ အခွန်အခများရရန်၊ တောင်သူများ အမည်ပေါက် ပုံစံ(၇)ရရန်၊ ထိုနှစ်ကာလများတွင် မည်သို့ ဖြေလျှော့ပေးမည်ကို တောင်သူများမှ စောင့်မျှော်နေပါကြောင်း၊ တောင်သူတွေကို ပုံစံ(၇) ထုတ်ပြီးသည့် အခြေအနေဖြစ်ပါကြောင်း။
မြေပြင်တွင် တောင်သူတစ်ဦး ပုံစံ(၇) အမွေဆက်ခံခွင့်ပြောင်းလဲမည်ဆိုလျှင် တင်ပြပါအတိုင်း ရှည်လျားထွေပြားသည့် လုပ်ငန်းစဉ်များဖြစ်နေပါကြောင်း၊ တောင်သူများအတွက် မလိုလားအပ်သည့် အချိန်၊ ငွေကြေး၊ လုပ်အားများ ဆုံးရှုံးပြီး နိုင်ငံတော်၏ စားနပ်ရိက္ခာဖူလုံမှုကို အထောက်အကူမဖြစ် ပါကြောင်း၊ ကျေးဇူးရှင်တောင်သူလယ်သမားများ၏ ဆန္ဒသည် လယ်ယာမြေကို တရားဝင် လုံခြုံစွာ လုပ်ပိုင်ခွင့်၊ လယ်ယာမြေအတွက် လိုအပ်သည့် ချေးငွေများ၊ မျိုးစေ့များ၊ ဓာတ်မြေဩဇာများ၊ ပိုးသတ် ဆေးများကို လွယ်ကူစွာ ရလိုပါကြောင်း၊ ထွက်ရှိသည့် သီးနှံများကို ကုန်ကျစရိတ်နှင့် အကျိုးအမြတ် ရနိုင်သည့်ဈေးနှုန်းနှင့် ရောင်းလိုပါကြောင်း၊ ထိုလယ်ယာမြေကိစ္စများ၊ ချေးငွေများအတွက် စာရွက် စာတမ်းများနှင့် ရုံးအဆင့်ဆင့်ကို အကြိမ်ကြိမ်သွားစရာမလိုဘဲ လွယ်ကူလျင်မြန်စွာ၊ ပွင့်လင်းမြင်သာ စွာ ဆောင်ရွက်ပေးလိုပါကြောင်း၊ တောင်သူလယ်သမားများ၏ အသံ၊ အခက်အခဲနှင့် လိုအပ်ချက်များ ကို လွှတ်တော်မှတစ်ဆင့် တင်ပြပြီး အစိုးရမှ အမြဲနားထောင်ပြီး မူဝါဒနှင့် စီမံကိန်းတွေချမှတ်ရာတွင် လယ်သမားများကိုယ်တိုင် ပါဝင်စေလိုသည့် ဆန္ဒရှိကြပါကြောင်း၊ ခေတ်အဆက်ဆက်တွင် တောင်သူလယ် သမားများသည် CDM မလုပ်ဘဲ လယ်ယာမြေ စိုက်ပျိုးထုတ်လုပ်မှုကိုပဲ တစ်စိုက်မတ်မတ် ဆောင်ရွက် ခဲ့သည့် လူတန်းစားတစ်ရပ်ဖြစ်ပြီး နိုင်ငံတော်ကို သစ္စာရှိခဲ့သည့် နိုင်ငံတာဝန်ထမ်းဆောင်မှုတစ်ရပ် အဖြစ် သမိုင်းမှတ်တမ်းတင်နိုင်ပါကြောင်း။
တောင်သူများ အမည်ပေါက် ပုံစံ(၇) ပြောင်းလဲရန်အတွက် ဖြေလျော့ပေးရန် အကြံပြုချက် ဖြစ်ပါကြောင်း၊ အမွေဆက်ခံရာတွင် အမွေဆက်ခံခွင့်အတွက် တောင်သူများ၏ မိသားစုများမှ နှစ်ဦး သဘောတူကြည်ဖြူလျှင် လက်ရှိတရားရုံးသွားရသည့် လုပ်ငန်းစဉ်ကို ဖြေလျော့ပေးရန် အကြံပြုလိုပါ ကြောင်း၊ ပုံစံ(၇)အမည်ပေါက် ပိုင်ရှင်မကွယ်လွန်မီ ပေးကမ်းခြင်းအတွက်ဆိုလျှင်လည်း တရားရုံး၏ စီရင် ချက်ကို အမွေဆက်ခံခွင့်လက်မှတ်မိတ္တူဆိုသည့်စကားရပ်သည် ကွဲပြားနေသည့်အတွက် ပုံစံတစ်ခုကို သီးခြားဆောင်ရွက်ပေးစေလိုပါကြောင်း၊ တောင်သူပုံစံ(၇) အမည်ပြောင်းလဲခြင်းလုပ်ငန်းစဉ်အတွက် မေးခွန်းများဖြစ်ပါကြောင်း၊ One Stop Service ဆောင်ရွက်ရန်၊ ပြီးလျှင် ရုံးလုပ်ငန်းဆောင်ရွက်ချိန်တွင် SOP ထုတ်ပြန်ရန်၊ ဆောင်ရွက်ရန်ကြာချိန်၊ ကုန်ကျစရိတ်၊ ငွေကြေးများ ပွင့်လင်းမြင်သာစွာကြေညာပေးရန်၊ နိုင်ငံတော်မီဒီယာများတွင် အောက်ခြေအဆင့်အထိ သိရှိအောင် ဆောင်ရွက်ပေးရန်၊ ပုံစံ(၇) အမွေ ဆက်ခံပိုင်ခွင့်အတွက် အမည်ပေါက်ပိုင်ရှင် မကွယ်လွန်မီ မြေယာပိုင်ဆိုင်ခွင့်များကို လက်ရှိပေးကမ်း ခြင်းနှင့်ဆောင်ရွက်ရမည်ဆိုလျှင် မည်သို့ဆောင်ရွက်ရမည်နည်း၊ အချိန်မည်မျှကြာမည်နည်း၊ မည်မျှ ကုန်ကျမည်လဲ၊ အခွန်မည်မျှပေးဆောင်ရမည်လဲ၊ ပုံစံ(၇)အမည်ပေါက် ပြောင်းလဲရေးလုပ်ငန်းစဉ်များ မြန်ဆန်ချောမွေ့စေရန်အတွက် မည်သို့ ဖြေလျှော့ပေးမလဲဆိုသည်ကို ဖြေကြားပေးနိုင်ရန်ဖြစ်ပါ ကြောင်း၊ လက်ရှိအမည်ပေါက်ပြောင်းလဲခြင်းလုပ်ငန်းစဉ်ဆောင်ရွက်ချိန်တွင် မြေစာရင်းဦးစီးဌာန၏ ပုံစံ(၁၀၅) နှစ်ရွက်ကို နှစ်ကြိမ်လောက် ဆွဲနေရသည့်အတွက် နိုင်ငံငွေနှင့် ဝယ်ယူနေရသည့် စက္ကူများ လေလွင့်ဆုံးရှုံးမှုမဖြစ်ပေါ်စေရန်အတွက် မြေယာအမှုတွဲဆောင်ရွက်ရာတွင် မြေစာရင်းပုံစံ(၁၀၅)များကို တစ်ကြိမ်တည်း ရေးဆွဲ၍ ရ မရ၊ ဖြေလျှော့ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိ မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က
ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် မေးခွန်းအမှတ်စဉ်(က)တွင် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်၌ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၏ ၁-၅-၂၀၂၆ ရက်ပါ ချေးငွေ ညွှန်ကြားချက်စာအရ စိုက်ပျိုးစရိတ်ချေးငွေနှုန်းထားများကို တိုးမြှင့်ထုတ်ချေးခဲ့ရာ လယ်ယာမြေ အရောင်းအဝယ်ပြုလုပ်ခြင်းကြောင့်ဖြစ်စေ၊ အမွေဆက်ခံခြင်းကြောင့်ဖြစ်စေ လယ်ယာမြေ လုပ်ပိုင် ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည်ကွဲလွဲနေသည့် တောင်သူများကို စိုက်ပျိုးစရိတ် ချေးငွေနှင့် ထုတ်ချေး ခွင့်ဆုံးရှုံးမှု မရှိစေရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ သက်ဆိုင်ရာဘဏ်ခွဲမန်နေဂျာနှင့် ရပ်ကွက်၊ ကျေးရွာချေးငွေစိစစ်ရေးအဖွဲ့ဥက္ကဋ္ဌရှေ့မှောက်တွင် တစ်နှစ်အတွင်း ပုံစံ(၇) အမည် ပြောင်းလဲဆောင်ရွက်ခြင်းကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိဝန်ခံချက်ရေးထိုး၍လည်းကောင်း၊ ပုံစံ(၇) အမွေဆက်ခံပိုင်ခွင့် မှန်ကန်ကြောင်းနှင့် အမွေဆက်ခံပုံစံ(၇)အား စိုက်ပျိုးစရိတ် ချေးငွေ ထုတ်ချေးပေးခြင်းကို ကျန်ညီအစ်ကိုမောင်နှမများ၏ သဘောတူညီချက်နှင့်လည်းကောင်း၊ ပုံစံ(၇)ကို အရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်ပါက အရောင်းအဝယ်စာချုပ်ပူးတွဲတင်ပြ၍လည်းကောင်း၊ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည်ပြောင်း လျှောက်ထားဆဲဖြစ်ပါက ပုံစံ(၇) အမည်ပြောင်း လျှောက်လွှာပုံစံ(၉)တင်ပြ၍လည်းကောင်း၊ စိုက်ပျိုးစရိတ်ချေးငွေတွေကို အဆင်ပြေစွာရရှိရေးအတွက် အဆိုပါညွှန်ကြားချက်စာဖြင့် ထုတ်ပြန်ပြီး ဖြေလျှော့ထားရှိပါကြောင်း၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်အနေဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇) အမည်ပေါက်မတူညီသည့် တောင်သူများ ကို ၂၀၂၆ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ် ထုတ်ချေးပေးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေး ဘဏ်မှ ဖြေလျှော့ထားရှိပြီး ချေးငွေလျှောက်ထားသူတောင်သူများကိုလည်း ချေးငွေ ထုတ်ချေးပေး လျက်ရှိပါကြောင်း။
နောက်တစ်ချက်အနေဖြင့် ကွယ်လွန်သွားသည့် မူလပိုင်ရှင်၏ အမွေဆက်ခံသားသမီးများကို စိုက်ပျိုးစရိတ်ထုတ်ချေးနိုင်ရေးအတွက် လယ်ယာမြေပုံစံ(၇)အမည်ပေါက် လုပ်ငန်းဆောင်ရွက်ခြင်း နှင့် စပ်လျဉ်း၍ ဖြေလျှော့ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့်စပ်လျဉ်း၍ လယ်ယာမြေဥပဒေ ပုဒ်မ ၁၂၊ ပုဒ်မခွဲ(ဃ)အရလည်းကောင်း၊ လယ်ယာမြေဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ(ဂ)အရလည်းကောင်း၊ လယ်ယာမြေ နည်းဥပဒေ ၂၉ မှာ လယ်ယာမြေလုပ်ပိုင်ခွင့်ကို အမွေဆက်ခံသူသည် အမွေဆက်ခံခွင့်ရှိကြောင်း အထောက်အထားနှင့်အတူ မူလလယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်မူရင်းပူးတွဲပြီး လယ်ယာမြေ လုပ်ပိုင်ခွင့်ရရှိသူ အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းပုံစံ(၉)ဖြင့် မြို့နယ်ဦးစီးမှူးရုံးသို့ လျှောက်ထား ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားရှိပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်အား အမွေဆက်ခံခွင့်ကိစ္စနှင့် စပ်လျဉ်းပြီး အမွေဆက်ခံခွင့်ရှိသည့် မိသားစုဝင်များမှ အမည်ပြောင်းလဲပေးနိုင်ရေး တင်ပြလျှောက် ထားမှုအပေါ် ဗဟိုလယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့၏ ၂၄-၅-၂၀၁၇ ရက်စွဲပါ စာအမှတ်၊ ၁၂/လရ-၂၁ (၁၃၇/၂၀၁၇)ဖြင့် ထုတ်ပြန်ထားရှိသည့် ညွှန်ကြားချက်အမှတ်(၁/၂၀၁၇)အရ အောက်ပါလုပ်ငန်း စဉ်များကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း -
(က) လယ်ယာမြေကို အမွေဆက်ခံခြင်းဖြင့် လုပ်ပိုင်ခွင့်ပြုလက်မှတ်အမည်ပြောင်းလဲပေးရန် လျှောက်ထားခြင်းဖြစ်ပါက အမွေဆက်ခံခွင့်ရရှိသူသည် ဦးစွာစီရင်ပိုင်ခွင့်ရှိသည့် သက်ဆိုင်ရာတရားရုံးမှ အမွေဆက်ခံခွင့်လက်မှတ်ရရှိရေး လျှောက်ထားရယူဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။
(ခ) အမွေဆက်ခံခွင့်ရှိသူသည် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူအမည်ပြောင်းလဲထုတ်ပေးရန် လျှောက်လွှာပုံစံ(၉-က)နှင့်အတူ ပုံစံ(၇)မူရင်း၊ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စု လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ ထောက်ခံချက်၊ စီရင်ပိုင်ခွင့်ရှိသည့်တရားရုံးမှ အမွေဆက်ခံခွင့်လက်မှတ်မိတ္တူကိုပူးတွဲပြီး မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသို့ လျှောက်ထား ရမည်ဖြစ်ပါကြောင်း။
(ဂ) မြို့နယ်မြေစာရင်းဦးစီးဌာနရုံးသည် မြို့နယ်မြေစာရင်းဦးစီးဌာနရုံးရှိ မှတ်ပုံတင်စာရင်း ပုံစံ(၅)နှင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ်ပုံစံ(၇)တို့နှင့် တိုက်ဆိုင်စစ်ဆေးပြီး ၁၅ ရက်အတွင်းမှာ မြို့နယ်ဦးစီးဌာနမှူးရုံးနှင့် လယ်ယာမြေတည်ရှိရာ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတို့၏ လယ်ယာမြေလုပ်ပိုင်ခွင့်အမည်ပြောင်းလဲ လျှောက်ထားခြင်းကို ကန့်ကွက်လိုသူရှိပါက ရက်ပေါင်း ၃၀ အတွင်း ကန့်ကွက်နိုင်ရန် ထုတ်ဆင့်ကြေညာသည့် ပုံစံ(၂-ဂ)ကို ကပ်ထားရမည်ဖြစ်ပါကြောင်း။
(ဃ) မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သည် ကန့်ကွက်နိုင်ရန် ကြော်ငြာသည့်ရက်မှစပြီး ရက်ပေါင်း ၃၀ ပြည့်ပြီးနောက် ကန့်ကွက်လွှာရရှိသည်ဖြစ်စေ၊ မရရှိသည်ဖြစ်စေ ၇ ရက် အတွင်းမှာ သဘောထားမှတ်ချက်နှင့်အတူ ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့သို့ တင်ပြရမှာ ဖြစ်ပါတယ်။ ကန့်ကွက်ခြင်းရှိပါက ကန့်ကွက်လွှာနှင့်အတူ တင်ပြလာသည့် အထောက်အထားလက်ခံများကို စိစစ်ပြီး သဘောထားမှတ်ချက်နှင့်အတူ ပူးတွဲတင်ပြ ရမည်ဖြစ်ပါကြောင်း။
(င) ခရိုင်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့အနေနဲ့ ကန့်ကွက်ချက်သည် ခိုင်လုံမှုမရှိပါက အမည်ပြောင်းလဲခြင်းဆောင်ရွက်ရန် အကြောင်းကြားခြင်း၊ ကန့်ကွက်ချက်သည် ငြင်းပယ်ရန်ခိုင်လုံကြောင်း စစ်ဆေးတွေ့ရှိပါက ငြင်းပယ်ကြောင်းအကြောင်းကြားစာ ပုံစံ(၈-ခ)ထုတ်ပေးနိုင်ရန် အကြောင်းကြားခြင်းတို့ကို မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှု အဖွဲ့ကို ၁၅ ရက်အတွင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။
(စ) အမည်ပြောင်းလဲဆောင်ရွက်ပေးရန် အကြောင်းကြားချက်ရလျှင်ရခြင်း ၁၅ ရက် အတွင်းမှာ မြို့နယ်ဦးစီးမှူးရုံးတွင် လယ်ယာမြေလုပ်ပိုင်ခွင့် မှတ်ပုံတင်ရန် ဦးစီးဌာန ရငွေစာရင်းသို့ ဦးပိုင်လုပ်ကွက် တစ်ခုအတွက် မှတ်ပုံတင် ကြေးငွေ ၅၀၀ ကျပ်ကို မြို့နယ်မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းစေပြီး မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုပုံစံ(၇) ပြောင်းလဲပြင်ဆင်ထုတ်ပေးရမည်ဖြစ်ပါ ကြောင်း၊ အမွေဆက်ခံခြင်းကြောင့် လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူများကို မှတ်ပုံတင် စာရင်းပုံစံ(၅-က)တွင် မှတ်ပုံတင် ထားရှိရမည်ဖြစ်ပါတယ်။
(ဆ) ငြင်းပယ်ကြောင်းအကြောင်းကြားစာရရှိလျှင် ၁၅ ရက်အတွင်း လယ်ယာမြေစီမံ ခန့်ခွဲမှုအဖွဲ့မှ ပုံစံ(၈-ခ)နှင့် ငြင်းပယ်ကြောင်းအကြောင်းကြားခြင်းကို ဆောင်ရွက်ရ မည်ဖြစ်ပြီး အမွေဆက်ခံခြင်းဆိုင်ရာ ကိစ္စရပ်များအတွက် အမည်ပြောင်းလဲ လျှောက်ထားချက်များအပေါ် ငြင်းပယ်ခံရသူများစာရင်းပုံစံ(၆-ခ)တွင် မှတ်ပုံတင်ထား ရှိရမည်ဖြစ်ပါကြောင်း။
သို့ဖြစ်ပါ၍ လက်ရှိတွင် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုရရှိသည့် ဦးပိုင်အမွေဆက်ခံခြင်းကိစ္စ ရပ်များကို အထက်ပါလုပ်ငန်းစဉ်နှင့်အညီသာ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
အမွေဆက်ခံခြင်းနည်းလမ်းဖြင့် လယ်ယာမြေလုပ်ပိုင်ခွင့်ပြုအမည်ပြောင်းလဲဆောင်ရွက် ရာတွင် အမွေဆက်ဆံခွင့်ပြုလက်မှတ်ရရှိပြီးပါက လယ်ယာမြေလုပ်ပိုင်ခွင့်အမည်ပြောင်းလဲသည့် လုပ်ငန်းစဉ် ကြာမြင့်ချိန် ၈၂ ရက်သာ ကြာမြင့်မည်ဖြစ်ပြီး မှတ်ပုံတင်ခမှာ ၅၀၀ ကျပ်သာကုန်ကျမည် ဖြစ်ပါကြောင်း၊ အဆိုပါလုပ်ငန်းစဉ်များကို အများပြည်သူသိရှိအောင် ထုတ်ပြန်နိုင်ရေး မေးခွန်းနှင့် စပ်လျဉ်း၍ တောင်သူလယ်သမားများအတွက် စိုက်ပျိုးစရိတ်ချေးငွေများကို လျင်မြန်စွာထုတ်ချေး ပေးနိုင်ရေးအတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၁-၅-၂၀၂၆ ရက်စွဲပါစာဖြင့် ချေးငွေညွှန်ကြား ချက်နှင့်အညီ ဆောင်ရွက်ပေးလျက်ရှိပြီး တင်ပြပါအတိုင်း မြို့နယ်ဦးစီးမှူးရုံးများတွင် အများပြည်သူ များသိရှိနိုင်အောင် ကြော်ငြာကပ်ထားရှိပါကြောင်း၊ နိုင်ငံပိုင်မီဒီယာများ၊ လူမှု ကွန်ရက်မီဒီယာများ တွင်လည်း အသိပညာပေးဖော်ပြလျက်ရှိပြီး ဌာနရှိဝန်ထမ်းများမှ ကျေးရွာရှိ တောင်သူများနှင့် တွေ့ဆုံ၍ လုပ်ငန်းစဉ်များကို အသိပညာဟောပြောခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိပါကြောင်း။
မေးခွန်းအမှတ်စဉ်(ဂ)နှင့်စပ်လျဉ်း၍ လယ်ယာမြေလုပ်ပိုင်ခွင့်ရရှိသူသည် လယ်ယာမြေကို ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ ပေးကမ်းခြင်းဆောင်ရွက်သည့်အခါ မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲမှုအဖွဲ့မှ သတ်မှတ်ထားသည့် လယ်ယာမြေတန်ဖိုးနှင့်အညီ တည်ဆဲဥပဒေအရ သတ်မှတ်ထားသော တံဆိပ်ခေါင်းခွန်၊ ဦးစီးဌာနမှ သတ်မှတ်ထားသည့် စာရွက်များမှတ်ပုံ တင်ခကို ပေးဆောင်ပြီး သက်ဆိုင်ရာမြို့နယ်ဦးစီးဌာနမှူးရုံးမှာ မှတ်ပုံတင်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေများကို လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ပေါင်နှံခြင်း၊ ငှားရမ်းခြင်း၊ လဲလှယ်ခြင်း၊ ပေးကမ်းခြင်း စသည့် လွှဲပြောင်းခြင်းနည်းလမ်းအပေါ် စာချုပ်ချုပ်ဆိုထားသော စာချုပ်စာတမ်း အမျိုးအစားအလိုက် ပေးဆောင်ရမည့် တံဆိပ်ခေါင်းခွန်တန်ဖိုးကို မြန်မာနိုင်ငံတံဆိပ်ခေါင်းခွန် အက်ဥပဒေ ပုဒ်မ ၃ ဇယား(၁)ပါ တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း၊ ပုဒ်မ ၃-က၊ ပုဒ်မခွဲ(၁)အရ အပိုထမ်းဆောင်ရမည့် တံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ထမ်းဆောင်သွားရန် ပြဋ္ဌာန်းထားပါကြောင်း။
လယ်ယာမြေလုပ်ပိုင်ခွင့်ပုံစံ(၇) အမည်ပြောင်းလဲရာတွင် ရောင်းချခြင်း၊ ဝယ်ယူခြင်းများ အတွက် ဥပဒေပါ အခွန်နှုန်းထားများနှင့်အညီ ကျသင့်ဝင်ငွေခွန် စည်းကြပ်ကောက်ခံခြင်းနှင့် ထိုက်သင့်တံဆိပ်ခေါင်းခွန်ထမ်းဆောင်လျက်ရှိကြောင်း၊ သို့ရာတွင် အမွေဆက်ခံခွင့် အဖိုးစားနား မပါဘဲ မေတ္တာဖြင့်ပေးကမ်းခြင်း၊ မိသားစုအတွင်း လွှဲပြောင်းခြင်းစသည့်ကိစ္စရပ်များမှာ ဝင်ငွေခွန် စည်းကြပ်ကောက်ခံခြင်းမပြုဘဲ ပိုမိုခိုင်မာစေရန် ပြုလုပ်ချုပ်ဆိုကြမည့် စာချုပ်စာတမ်းများအပေါ် တွင်သာ ထိုက်သင့်သည့် တံဆိပ်ခေါင်းခွန်ကို ပေးသွင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ မြန်မာနိုင်ငံ တံဆိပ်ခေါင်းအက်ဥပဒေပါ ပြဋ္ဌာန်းချက်နှင့်အညီ စာချုပ်စာတမ်းများမှတ်ပုံတင်လုပ်ငန်းများကို သတ်မှတ်အတည်ပြုထားပြီး ထိုသတ်မှတ်အတည်ပြုထားသည့် စာချုပ်စာတမ်းများတွင် လယ်ယာ မြေ လုပ်ပိုင်ခွင့်ကို ရောင်းချခြင်း၊ ပေးကမ်းခြင်း၊ ပေါင်နှံခြင်းတို့နှင့်စပ်လျဉ်း၍ စာချုပ်အမျိုးအစား များနှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်ဥပဒေအရ လယ်ယာမြေတန်ဖိုးအပေါ်တွင် ၀.၅ ရာခိုင်နှုန်း ဖြစ်ပါကြောင်း၊ လယ်ယာမြေလုပ်ပိုင်ခွင့်ကို ပူးတွဲလုပ်ကိုင်သူတို့က စာချုပ်တွင် တန်ဖိုးမဖော်ပြဘဲ ပိုင်ဆိုင်ခွင့်စာချုပ်စာတမ်းများနှင့်စပ်လျဉ်း၍ တံဆိပ်ခေါင်းခွန်နှုန်းထားသည် ၂၅၀၀ ကျပ်နှင့် မှတ်ပုံ တင်ခ ၃၀၀၀ ကျပ်ဖြစ်ပါကြောင်း။
လယ်ယာမြေရောင်းချသူများအနေဖြင့် ဘဏ္ဍာတစ်နှစ်အတွင်း အခြေခံပစ္စည်း၏ တန်ဖိုးစုစုပေါင်း သည် ကျပ်သိန်း ၁၀၀ အောက်ဖြစ်မယ်ဆိုလျှင် ဝင်ငွေထမ်းဆောင်စရာမလိုဘဲ ကျပ်သိန်း ၁၀၀ ထက် ပိုမိုသည့်အပြင် အမြတ်စွန်းငွေ ပေါ်ပေါက်လာပါက ယင်းအမြတ်စွန်းငွေအပေါ် ၁၀ ရာခိုင်နှုန်း ဝင်ငွေခွန်ပေးဆောင်ရမည်ဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်ကြီးမေးမြန်းသည့် လယ်ယာမြေကို အရောင်းအဝယ်ပြုလုပ်ခြင်းမဟုတ်ဘဲ အမွေဆက်ခံခြင်း၊ အဖိုးစားနားမပါဘဲ မေတ္တာဖြင့် ပေးကမ်း ခြင်း၊ မိသားစုအတွင်း လွှဲပြောင်းခြင်း စသည့်ကိစ္စရပ်များဆောင်ရွက်ရာတွင် ဝင်ငွေခွန်ပေးဆောင်ရန် မလိုပါကြောင်းနှင့် ပိုင်ဆိုင်မှုပိုမိုခိုင်မြဲစေရန် ဆောင်ရွက်သည့် ပြုလုပ်ချုပ်ဆိုကြမည့် မေတ္တာ ဖြင့် ပေးကမ်းသည့် စာချုပ်စာတမ်းများအပေါ်တွင် မြန်မာနိုင်ငံတံဆိပ်ခေါင်းဥပဒေ(၁၈၉၉)ပါအတိုင်း ယင်းပစ္စည်းတန်ဖိုးအပေါ် ၂ ရာခိုင်နှုန်းနှင့် အပိုတံဆိပ်ခေါင်းခွန် ၂ ရာခိုင်နှုန်း စုစုပေါင်း ထိုက်သင့် သည့် တံဆိပ်ခေါင်းခွန် ၄ ရာခိုင်နှုန်း ထမ်းဆောင်ရမည်ဖြစ်ပါကြောင်း။
မြေယာကိစ္စများနှင့်စပ်လျဉ်း၍ ရေးဆွဲဆောင်ရွက်ကြသည့် မြေစာရင်းပုံစံ ၁၀၅ ရေးဆွဲခြင်း နှင့်စပ်လျဉ်း၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာန၏ တည်မြဲအမှတ်(၁၈၈)နှင့်အညီ ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါမြေပုံတွင် မှတ်ပုံတင်စာရင်း၏အညွှန်းဖြစ်ပြီး မြေတည်နေရာအရပ်၊ အတိုင်းအတာနှင့်နယ်နိမိတ်များကို ဖော်ပြ သောမှတ်တမ်းလည်းဖြစ်သည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း၊ အဆိုပါထုတ်ပေးထားသည့် မြေပုံမှန် သည် တည်ဆဲနှစ်အတွက် အသုံးပြုခွင့်ရသော ကောက်နုတ်ချက်မိတ္တူမှန်သာဖြစ်ပြီး ပိုင်ဆိုင်ခွင့် အတွက် ရေးကူးပေးခြင်းမဟုတ်ကြောင်း၊ အဆိုပါ မြေစာရင်းမြေပုံစံ(၁၀၅) ရေးကူးပေးခြင်း ဆောင်ရွက်ရာတွင် ပါဝင်ဆောင်ရွက်ရမည့် လူပုဂ္ဂိုလ်များတွင် အပိုင်း ၂ ပိုင်းရှိပါကြောင်း၊ ပထမ တစ်ပိုင်းတွင် ရေးကူးရေးအတွက် ဆောင်ရွက်လိုသည့် ပုဂ္ဂိုလ်များသည် မိမိအသုံးပြုလိုသည့် နည်းလမ်း၊ ဥပမာ မြေငှားဂရန် လျှောက်ထားရန်၊ စည်ပင်သို့ တင်ပြရန်၊ တရားရုံးသို့ တင်ပြရန်၊ စာချုပ်စာတမ်းများ မှတ်ပုံတင်ရန် စသည့် အကြောင်းအရာအလိုက် လျှောက်ထားရယူ ရမည်ဖြစ်ပါကြောင်း၊ ဒုတိယအပိုင်းအနေဖြင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနမှ ထိန်းသိမ်းထားရှိသည့် စာရင်းမြေပုံများအပေါ် အခြေခံပြီး လျှောက်ထားသည့်မြေသည် ဌာနရှိသက်ဆိုင်ရာ ကွင်းဝန်ထမ်းတို့မှ ကွင်းဆင်းစစ်ဆေး စာရင်းမြေပုံနှင့် ကိုက်ညီမှု ရှိ မရှိ စစ်ဆေးပြီး သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူးမှတစ်ဆင့် အဆင့်ဆင့် တင်ပြရသည့် လုပ်ငန်းကို ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။
ထို့ကြောင့် မြေပုံရေးကူးခြင်းနှင့်စပ်လျဉ်း၍ လျှောက်ထားလာသူတို့မှ မိမိအသုံးပြုလိုသည့် နည်းလမ်းအလိုက် မြေပုံရေးကူးလိုသည့် အကြောင်းအရာကို သီးခြားစွာဖော်ပြလျှောက်ထားရမည် ဖြစ်ပြီး အဆိုပါလျှောက်ထားမှုသည် အသုံးပြုလိုသည့် အကြောင်းအရာတစ်ခုတည်းအတွက်သာ အသုံးပြုခွင့်ရှိသည့်အတွက် နောက်ထပ် အကြောင်းအရာတစ်ခုကို ထပ်မံ အသုံးပြုလိုပါက နောက်ထပ် ထပ်မံလျှောက်ထားရေးဆွဲခွင့် လျှောက်ရမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် မြေပုံရေးဆွဲခွင့် နှင့်စပ်လျဉ်း၍ အကြောင်းအရာအလိုက် မြေပုံရေးဆွဲရခြင်း လုပ်ထုံးလုပ်နည်းများနှင့်အညီ မဖြစ်မနေ ဆောင်ရွက်သွားရမည့် လုပ်ငန်းများဖြစ်သည့်အတွက် ဖြေလျှော့ဆောင်ရွက်ပေးနိုင်ခြင်း မရှိပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးဟံသာဝင်း(ကျောက်ကြီးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
လက်ရှိ ပုံစံ(၇)အမည်ပေါက်ပြောင်းလဲသည့် လုပ်ငန်းစဉ်သည် လက်ရှိယခုနှစ်တွင် လယ်ယာ မြေဖွံ့ဖြိုးရေးဘဏ်မှ ဖြေလျှော့ပေး ဆောင်ရွက်ခဲ့သည့် တောင်သူ ၃၀,၀၀၀ ကျော်ရှိပါကြောင်း၊ နောက်နှစ်တွင်ရော ယခုလို ထပ်ပြီး ဖြေလျှော့ပေးမည်လား၊ သို့မဟုတ် ကြေးတိုင်နှင့် မြေစာရင်း ဦးစီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လက်ရှိဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနလို ဖြေလျှော့ပြီး တချို့ မလိုအပ်သည့်လုပ်ငန်းစဉ်၊ ဥပမာအားဖြင့် အမွေဆက်ခံသူက မောင်နှမနှစ်ဦးရှိပြီး မြေက ၄ ဧကရှိပြီး တစ်ယောက် ၂ ဧက ၎င်းတို့သဘော တူညီလျှင် တရားရုံးတွင် လုပ်ငန်းစဉ်များ ဖြတ်သန်းရဦးမည်လား၊ တရားရုံးတွင် ဖြတ်သန်းရသည့် လုပ်ငန်းစဉ်သည် တောင်သူများအတွက် ခက်ခဲသည့်အတွက် ရှေ့နေငှားရမ်းသည့် ငှားရမ်းခများ အဆင်မပြေပါကြောင်း၊ တောင်သူများ တရားရုံးကို အကြိမ်ကြိမ်သွားရောက်သည့် စရိတ်စကကို လည်း လျှော့ပေါ့ပေးနိုင်သည့် အနေအထားဖြစ်ပါကြောင်း၊ လက်ရှိဖြေလျှော့ပေးသည့်အနေဖြင့် အမွေဆက်ခံပိုင်ခွင့်သည် တစ်ဦးတည်းရှိလျှင်လည်း လုပ်ရမည်လား၊ သို့မဟုတ် မိသားစုအချင်းချင်း ကြည်ဖြူနေလျှင်ရော တရားရုံး၏ ခွင့်ပြုမိန့်ကို ထပ်ယူရဦးမည်လား သိချင်ပါကြောင်း။
လက်ရှိမေးသည့်အဓိကရည်ရွယ်ချက်သည် တောင်သူများပုံစံ(၇)အမည်ပေါက် ပြောင်းလဲ ရေးကို အချိန်မီပြီးစီးစေရန် ဖြစ်ပါကြောင်း၊ မြေစာရင်းဝန်ဆောင်မှုများကို ပြည်သူများနှင့် ပိုမို နီးကပ်ပြီး ဝန်ထမ်းအင်အားနှင့် လုပ်ငန်းပမာဏကိုက်ညီရန်ဖြစ်ပါကြောင်း၊ လက်ရှိဧက ၃၀,၀၀၀ ကျော်လုပ်မည်ဆိုလျှင် လက်ရှိဝန်ထမ်းအင်အားနှင့်မကိုက်ညီသည့်အတွက် ဝန်ထမ်းအင်အား၊ စက် ပစ္စည်းအင်အား၊ ယာဉ်လိုအပ်ချက်များနှင့် ဝန်ဆောင်မှုပေးသည့်နေရာများကိုပါ သုံးသပ်ရန်လိုအပ်ပါ ကြောင်း၊ လက်ရှိ မြေတိုင်း-၄ ခန့်အပ်ထားသည်မှာ ၅,၆၀၀ ကျော်သာရှိပါကြောင်း၊ လက်ရှိ မြေတိုင်း-၄ ၁၁,၀၀၀ ကျော် ဖွဲ့စည်းရန် ခွင့်ပြုထားပါကြောင်း၊ လစ်လပ်တာ ၅,၆၀၀ ကျော်ရှိပါကြောင်း၊ နောက် တစ်ခုမေးမြန်းလိုသည်မှာ လက်ရှိကျေးရွာအုပ်စု ၃၊ ၄ အုပ်စုကို မြေတိုင်းဝန်ထမ်းတစ်ဦးတည်းမှ တာဝန်ယူနေရသည့် ဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်ပေးနိုင်မည်လား၊ ရပ်ကွက်၊ ကျေးရွာအုပ်စု တစ်စုကို မြေတိုင်းတစ်ဦးထားရှိပေးနိုင်မည်လား၊ ထွေ/အုပ်တောင် ဝန်ထမ်းတစ်ဦးထားပေးနိုင်ပြီး မြေတိုင်း ထားလျှင် ထားလို့ရပါကြောင်း၊ ထို့နောက် အနည်းဆုံး တစ်ပတ်လျှင် နှစ်ရက်လောက် ရပ်ကွက်၊ ကျေးရွာအုပ်စုရုံးများတွင် ရုံးထိုင်ပြီး ဆောင်ရွက်ပေးမည်ဆိုလည်းရပါကြောင်း၊ Mobile Land Service ယာဉ်တစ်စီး စီစဉ်ပြီး One Stop Service နှင့် လိုအပ်သည့်နေရာများကို သွားရောက် ဝန်ဆောင်ပေးလည်းရပါကြောင်း၊ ထိုအစီအစဉ်များ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ မရှိနှင့် မရှိလျှင် မည်သို့စီစဉ်မည်ကို သိချင်ပါကြောင်း၊ ဖွဲ့စည်းပုံအပြည့်ခန့်မည်ဆိုလျှင်လည်း လက်ရှိဝန်ထမ်းများ ဖွဲ့ရန် အစီအစဉ် ရှိ မရှိ၊ ရှိမည်ဆိုလျှင် မည်သို့ ခန့်အပ်သွားမလဲ၊ မရှိဘူးဆိုလျှင် ဘာအကြောင်း ကြောင်းကြောင့် မခန့်အပ်နိုင်သည်ကို ဖြေကြားပေးရန်ဖြစ်ပါကြောင်း။
လက်ရှိ အိမ်ခြံမြေအကျိုးသက်ရောက်မှုသည် ဘယ်လောက်အထိကြီးမားလဲဆိုလျှင် အိမ်ခြံမြေဝန်ဆောင်မှုအသင်းအရ မြေတိုင်းဝန်ထမ်းများ၏ ၃၁၁ ရာခိုင်နှုန်းနှင့် အိမ်ခြံ မြေဖွံ့ဖြိုးတိုး တက်ရေးအသင်းဆိုလျှင် ၂၁၁ ရာခိုင်နှုန်းများပါကြောင်း၊ လက်ရှိခွင့်ပြုထားသည့် လစ်လပ်သည့် ဝန်ထမ်းသည် ၄၉.၈ ရာခိုင်နှုန်းရှိပါကြောင်း၊ အကျိုးဆောင်လုပ်ငန်းများတွင် အကျိုးအမြတ်ရနိုင် သော်လည်း ပြည်သူ့မြေယာဝန်ဆောင်မှုအတွက် တိုင်းတာတာ၊ မှတ်တမ်းပြုစုခြင်းများ၊ မြေယာ အငြင်းပွားမှုများ ဖြေရှင်းပေးရန်အတွက် လုံလောက်သည့် လူ့စွမ်းအားနှင့် ဘတ်ဂျက်လိုအပ်ပါ ကြောင်း၊ လက်ရှိ One Stop Service ဆောင်ရွက်ပေးမည်ဆိုလျှင် ဧက ၂ သိန်းကျော်ကို ၁ ဧကလျှင် ၅,၀၀၀ နှုန်းကောက်မည်ဆိုပါက ကျပ် ၁.၂၃၉ ဘီလီယံ ရရှိမည်ဖြစ်ပါကြောင်း၊ လက်ရှိတရားရုံး လုပ်ငန်းစဉ်မဖြတ်သန်းဘူးဆိုလျှင် နိုင်ငံတော်မှရရှိမည့် ဝင်ငွေဖြစ်ပြီး ထိုလုပ်ငန်းစဉ်တစ်ရပ်ကို နိုင်ငံတော်၏ ဘတ်ဂျက်တွင် မှီခိုစရာမလိုကြောင်း၊ ဝန်ထမ်းအင်အားအတွက်လည်း ပူစရာ မလိုကြောင်း၊ အဘယ့်ကြောင့်ဆိုသော် လက်ရှိ ဘွဲ့ရ အလုပ်လက်မဲ့ဖြစ်နေသည့် ကလေးများ ရှိကြောင်း၊ ၁၂ တန်းပညာမပြီးသေးသည့် ကလေးများကို အလုပ်အကိုင်အခွင့်အလမ်းသစ်များ ဖန်တီးပေးနိုင်ပါကြောင်း၊ မြေပြင်တွင် ကွင်းဆင်းဆောင်ရွက်သည့် ဝန်ထမ်းများကိုလည်း နေ့တွက်စရိတ်များ၊ ခရီးစရိတ်များ၊ ကွင်းဆင်းသည့် အကျိုးခံစားခွင့်များကို ထိုက်သင့်သလို တိုးမြှင့် ပေးမည်ဆိုလျှင် ဝန်ထမ်းများ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့် ဘဝရပ်တည်ချက်ကို အထောက်အကူ ဖြစ်နိုင်ပါကြောင်း၊ ၎င်းတို့ တရားဝင်ဝင်ငွေနှင့်လည်း ပြန်လည်ပံ့ပိုးနိုင်ပါကြောင်း။
ပုံစံ(၇)အမည်ပြောင်းလဲရန်အတွက် ရိုးရှင်းသည့်ကိစ္စများကို အရင်ဆုံးဦးစားပေးရန် တင်ပြ လိုပါကြောင်း၊ အမွေဆက်ခံသည့်ကိစ္စများ၊ မိသားစုအတွင်း သဘောတူညီသည့်ကိစ္စများ၊ အငြင်း ပွားမှုမရှိသည့်ကိစ္စများ၊ One Stop Service နှင့် အချိန်တိုအတွင်း ပြီးစီးနိုင်သည့်ကိစ္စများဖြစ်ပါ ကြောင်း၊ ထိုသို့ ဆောင်ရွက်သည့်အချိန်တွင် သက်ဆိုင်ရာမြို့နယ်အလိုက် ကိုယ်စားလှယ်များ၏ အကြံပြုချက်ကိုပါ ထည့်သွင်းစဉ်းစားပေးနိုင်လား မေးမြန်းလိုပါကြောင်း၊ လက်ရှိ ရပ်ကွက်၊ကျေးရွာအဆင့်အထိ ဆင်းမည်ဆိုလျှင် အကျိုးရလဒ်အနေဖြင့် ပြည်သူများ ခရီးစရိတ်၊ အချိန်၊ လုပ်အားခကုန်ကျငွေများ လျှော့ချနိုင်မည်ဖြစ်ပါကြောင်း၊ ပုံစံ(၇)အမည်ပေါက်တစ်ခုသည် စာရွက် တစ်ရွက်ဟု သတ်မှတ်မရပါကြောင်း၊ ကျေးဇူးရှင်တောင်သူလယ်သမားကြီးများ၏ အသက်မွေးဝမ်းကျောင်းချေးငွေရရှိမှုနှင့် မြေယာအခွင့်အရေးတို့နှင့်တိုက်ရိုက်ဆက်စပ်နေပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် တောင်သူများအကျိုးကို ရှေးရှု၍ အကြံပြုချက်များကို လက်တွေ့ကျကျစဉ်းစား ဆောင်ရွက်ပေးနိုင် မည်ဟု ယုံကြည်ပါကြောင်း၊ ဒုတိယဝန်ကြီးတင်ပြသွားသည့်အထဲတွင်လည်း ဗဟိုလယ်ယာမြေ စီမံ ခန့်ခွဲမှု၏ ညွှန်ကြားချက်နှင့်တင် တချို့အရာများ ဆောင်ရွက်၍ရခြင်းဖြစ်သည့်အတွက် အသေးစိတ် ပြန်လည်သုံးသပ်ပေးရန် မေတ္တာရပ်ခံလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာရဲတင့်ထွန်း က လွှတ်တော်ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် အမွေဆက်ခံခွင့်ပြုကိစ္စ၊ နောက်ဥပဒေကြောင်း ရေးရာအရ ဆောင်ရွက်ရသည့် ကိစ္စများအပေါ် အောက်ခြေတွင် အခက်အခဲဖြစ်နေကြောင်း၊ ဆောင်ရွက်ရမည့်လုပ်ငန်းများတွင်လည်း အကန့်အသတ်ရှိနေသည်ကိုလည်း မိမိတို့ဝန်ကြီးဌာန အနေဖြင့် စုံစမ်းသိရှိထားပြီးဖြစ်ပါကြောင်း၊ ထိုလုပ်ငန်းစဉ်များကို ဆောင်ရွက်သည့်အခါ ယခုလက်ရှိ ပြဋ္ဌာန်းထားပြီးသားဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ရပါ ကြောင်း၊ ထိုသို့ဆောင်ရွက်သည့်အခါ သက်ဆိုင်ရာဆက်စပ်ဝန်ကြီးဌာန၊ ဥပဒေရေးရာဝန်ကြီးဌာန တို့နှင့် တင်ပြဆောင်ရွက်ပြီးသည့်အခါ ပုံစံ(၇)အမည်ပြောင်းလျှောက်ထားသည့်အခါ အမွေဆက်ခံ ပိုင်ခွင့်ရှိသည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ မောင်နှမသားချင်းများမှ သဘောတူခွင့်ပြုခြင်း၊ အငြင်း ပွားမှုမရှိခြင်း၊ ရိုးရှင်းခြင်းဆိုသည့် လုပ်ငန်းစဉ်များအပေါ် မူတည်၍ အမိန့်၊ ညွှန်ကြားချက်နှင့်အညီ ပြောင်းလဲဆောင်ရွက်နိုင်ရန် ဥပဒေရေးရာဝန်ကြီးဌာနနှင့် ညှိနှိုင်းဆောင်ရွက်ပြီး ပြန်လည် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
ဒုတိယအချက်အနေဖြင့် ဝန်ထမ်းများခန့်ထားနိုင်ရေး ဆောင်ရွက်သည့် လုပ်ငန်းစဉ်ရှိပါ ကြောင်း၊ ထိုလုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ ဝန်ထမ်းဦးရေခန့်ထားခြင်းကိုလည်း နိုင်ငံတော်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်ကတည်းက ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန၊ ယခင်က လယ်ယာမြေ သန်းခေါင်စာရင်းမှန်ကန်ရေးနှင့် ဦးစီးဌာနကို ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနအဖြစ် ပြန်လည် ဖွဲ့စည်းပြီးသည့်အခါ ဖွဲ့စည်းပုံအရ လိုအပ်သည့်ဝန်ထမ်းဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်ထားမှုကိုလည်း နိုင်ငံတော်မှ ခွင့်ပြုထားရှိပြီးဖြစ်ပါကြောင်း၊ အဲဒါကိုလည်း နှစ်အလိုက် မြေစာရင်း ဝန်ထမ်း မြေတိုင်း-၄၊ မြေတိုင်း-၅ မှစပြီး စိစစ်ခန့်ထားပြီး သင်တန်းများပေးထားပြီး ဝန်ထမ်း ခန့်ထားရေးကို လည်း နှစ်စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် ဝန်ထမ်းခန့်ထားရေးသည် လာမည့် နှစ်အနည်းငယ်အတွင်း အပြည့်အဝ ရရှိနိုင်ရေး စီမံဆောင်ရွက်ထားရှိပါကြောင်း၊ ပုံစံ(၇)အမည် ပြောင်းရေးဆောင်ရွက်သည့် လုပ်ငန်းစဉ်များ ဆောင်ရွက်သည့်အခါ ကြေးတိုင်နှင့် မြေစာရင်းဦးစီး ဌာနမှ အတွင်းရေးမှူးအနေဖြင့် ဆောင်ရွက်ပြီး အဓိကဆောင်ရွက်သည့် အဖွဲ့အစည်းမှ မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးအဖွဲ့ပဲဖြစ်ပါကြောင်း၊ ထို့ကြောင့် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေး အဖွဲ့ အပေါ် ဆောင်ရွက်နေသည့် လုပ်ငန်းများကို မိမိတို့ဝန်ကြီးဌာနမှ သက်ဆိုင်ရာ ဥပဒေရေးရာဝန်ကြီး ဌာနအပါအဝင် ဝန်ကြီးဌာနများနှင့်ဆက်စပ်၍ အမွေဆက်ခံခွင့်ပုံစံ(၇) အမည်ပြောင်းရရှိရေး လုပ်ငန်းများကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။