နောက်ဆုံးရသတင်းများ
ပြည်သူ့လွှတ်တော်၊ အစိုးရမဟုတ်သော ပြည်တွင်း/ပြည်ပ အဖွဲ့အစည်းများဆိုင်ရာ ကော်မတီ ဥက္ကဋ္ဌ ဦးသက်ပုံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) မှ တာဝန်ရှိပုဂ္ဂိုလ် Mr.Ross Farmery အား လက်ခံတွေ့ဆုံ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ လွှတ်တော်သို့လာရောက်လေ့လာသည့် ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ဥပဒေပညာဌာနမှ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအားတွေ့ဆုံ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ၁၃ ရက်မြောက်နေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ၊ ပြည်သူ့လွှတ်တော်ကော်မတီများမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများနှင့်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ (၇-၁၀-၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ်
MY EN

(ဃ)- ဒေါ်ကြူကြူမော်(သာစည်မဲဆန္ဒနယ်)

2026-10-09
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဒေါ်ကြူကြူမော် (သာစည် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သာစည်မြို့နယ်၊ ကျွဲကျနှင့် ထိန်ကန်ကြီးကျေးရွာတို့အား ဝန်ကြီးဌာနအမည်ပေါက် ကျေးရွာအဖြစ် တိုးမြှင့်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

သာစည်မြို့နယ်အရှေ့ဘက် ကျွဲကျကျေးရွာနှင့် ထိန်ကန်ကြီးကျေးရွာတို့သည် မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ ကျွဲတပ်ဆုံကျေးရွာ အုပ်စုထဲတွင် ပါဝင်ပါကြောင်း၊ သာစည်မြို့နယ်နှင့် ကျွဲကျကျေးရွာက ၂၁ မိုင်၊ ထိန်ကန်ကြီးကျေးရွာက ၁၄ မိုင်ကွာဝေးပါကြောင်း၊ ၎င်းကျေးရွာနှစ်ရွာ သည် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့၏ စီမံခန့်ခွဲခွင့်ရှိသော ကွင်းအမှတ်၊ ဦးပိုင်အမှတ်၊ မြေဧကအကျယ်၊ အိမ်ခြေ၊ လူဦးရေတို့ဖြင့် အခြားနည်းအသုံးပြုရန် ခွင့်ပြုမိန့်လျှောက်ထားရာ ရရှိပြီးဖြစ်ပါကြောင်း၊ ပြည်ထဲရေးအမည်ပေါက် ကျေးရွာတိုးအမှုတွဲ ဖွင့်လှစ်ရန် ခွင့်ပြုမိန့်လည်းကျပြီးသားဖြစ်ပါကြောင်း၊ ကျွဲကျကျေးရွာကဲ့သို့ ဖြစ်ပေါ်လာခြင်းသည် လွန်ခဲ့သောနှစ်ပေါင်း ၆၀ ကျော်က ကုက္ကိုကန်ကျေးရွာ အုပ်စု၊ ထနောင်းကုန်းကျေးရွာမှ ဘိုးဘွား တောင်သူ ၂၀ ဦးခန့် စိုက်ပျိုးချိန်တွင် ယာယီတဲထိုးနေထိုင် ကြပြီး ရိတ်သိမ်းချိန်ပြီးပါက ကျေးရွာသို့ ပြန်လည်နေထိုင်လျက်ရှိပါကြောင်း။

၁၉၉၀ ပြည့်နှစ်ခန့်က သက်တော်ရေလှောင်တမံတည်ဆောက်ပြီးစီးသွားသဖြင့် တောင်သူ များနှင့် ကျွဲ၊ နွားများအတွက် သောက်သုံးရေရရှိပြီး လယ်ယာလုပ်ငန်းများအတွက်လည်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေရရှိသောကြောင့် ထနောင်းကုန်းကျေးရွာသို့မပြန်ကြတော့ဘဲ မိသားစုကိုခေါ်ယူကာအခြေချနေထိုင်လာရင်း နှစ်ကာလကြာမြင့်လာသည်နှင့်အမျှ အိမ်ထောင်စု ၈၀ ကျော်၊ လူဦးရေ ၅၁၇ ဦး တိုးပွားလာပြီး ထနောင်းကုန်းကျေးရွာမှ သီးခြားခွဲထွက်နေထိုင်လျက်ရှိပါကြောင်း၊ ကျေးရွာအနေဖြင့် လျှပ်စစ်မီးရရှိထားပြီး ပညာရေးအနေဖြင့် ကျွဲကျ အ.မ.က(ခွဲ) ဖွင့်လှစ်ထားရှိပြီးဖြစ်ပါကြောင်း၊ ဘာသာရေး အနေဖြင့် သာသနာ့ဂရန်မြေနေရာကျပြီး ရတနာသီရိဘုန်းတော်ကြီးကျောင်းတွင် ရာသက်ပန်ကျောင်း ထိုင်ဆရာတော်တစ်ပါးအား ကျောင်းထိုင်စေခဲ့ပြီး သာရေး၊ နာရေး၊ ဘာသာရေးကိစ္စအဝဝတို့ဖြင့် ဆောင်ရွက်လျက်ရှိပါကြောင်း။

အထက်ဖော်ပြပါ ကျွဲကျကျေးရွာကဲ့သို့ ထိန်ကန်ကြီးကျေးရွာသည်လည်း တောင်သူများနှင့် ကျွဲ၊ နွားများအတွက် သောက်သုံးရေရရှိပြီး လယ်ယာလုပ်ငန်းများအတွက်လည်း နွေ၊ မိုး၊ ဆောင်း စိုက်ပျိုးရေရရှိသောကြောင့် ကျေးရွာသို့မပြန်ကြတော့ဘဲ မိသားစုကိုခေါ်ယူကာ အခြေချနေထိုင်လာရာ ယခုအချိန်ထိဖြစ်ပါကြောင်း၊ အိမ်ထောင်စု ၈၆ စု၊ လူဦးရေ ၄၉၀ ဦးရှိသော ထိန်ကန်ကြီးကျေးရွာသည်လည်း လျှပ်စစ်မီးရရှိထားပြီးဖြစ်ပါကြောင်း၊ ပညာရေးအနေဖြင့် ထိန်ကန်ကြီး အ.မ.က(ခွဲ) ဖွင့်လှစ်ခွင့်ရရှိ ထားပြီးဖြစ်ပါကြောင်း၊ ဘာသာရေးအနေဖြင့် သာသနာ့ဂရန်မြေနေရာကျပြီး ဘုန်းတော်ကြီးကျောင်းတွင် ကျောင်းထိုင်ဆရာတော်တစ်ပါးအား ကျောင်းထိုင်စေခဲ့ပြီး သာရေး၊ နာရေး၊ ဘာသာရေးကိစ္စအဝဝ တို့ကို ဆရာဒကာလက်တွဲညီညီဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ သာစည်မြို့နယ်၊ ကျွဲတပ် ဆုံကျေးရွာအုပ်စုအတွင်းရှိ ကျွဲကျကျေးရွာ၊ ထိန်ကန်ကြီးကျေးရွာတို့အား ပြည်ထဲရေးဝန်ကြီးဌာန အမည်ပေါက်ကျေးရွာအဖြစ် အဆင့်တိုးမြှင့်ပေးနိုင်ပါရန် အစီအစဉ် ရှိ၊ မရှိ  မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူ က

သာစည်မြို့နယ်သည် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းတည်ရှိပြီး ရပ်ကွက်           ၇ ရပ်ကွက်၊ ကျေးရွာအုပ်စု ၈၀ အုပ်စု၊ ကျေးရွာ ၂၄၉ ရွာဖြင့် ဖွဲ့စည်းထားရှိပါကြောင်း၊ ကျွဲကျ ကျေးရွာနှင့် ထိန်ကန်ကြီးကျေးရွာတို့သည် မိတ္ထီလာ-တောင်ကြီးကားလမ်းဘေးရှိ ကျွဲတပ်ဆုံကျေးရွာ အုပ်စုတွင်ပါဝင်ပြီး ကျွဲကျကျေးရွာသည် ကျွဲတပ်ဆုံကျေးရွာ၏ တောင်ဘက်တွင် တည်ရှိပြီး သာစည် မြို့နယ်နှင့် ၂၁ မိုင်ခန့်၊ ကျွဲတပ်ဆုံကျေးရွာနှင့် ၆ မိုင်ခန့်၊ ခရိုင်ချင်းဆက်လမ်း အမှတ် ၂ နှင့် ၄ မိုင်ခန့် ကွာဝေးပါကြောင်း၊ ထိန်ကန်ကြီးကျေးရွာသည် ကျွဲတပ်ဆုံကျေးရွာ၏ မြောက်ဘက်တွင် တည်ရှိပြီး သာစည်မြို့နယ်နှင့် ၁၄ မိုင်ခန့်၊ ကျွဲတပ်ဆုံကျေးရွာနှင့် ၄ မိုင်ခန့် ကွာဝေးပြီး မိတ္ထီလာ-တောင်ကြီး ကားလမ်းမကြီး နှင့် ၁.၅ မိုင်ခန့်ကွာဝေးကြောင်း။

ကျွဲကျကျေးရွာတွင် အိမ်ခြေ၊ အိမ်ထောင်စု ၈၀ စု၊ လူဦးရေ ၃၅၆ ဦးနေထိုင်လျက်ရှိပါ ကြောင်း၊ ကျွဲကျကျေးရွာမြေအဖြစ် အသုံးပြုထားသော မြေဧရိယာ ၁၄.၀၄ ဧကရှိ ယာမြေအမျိုး အစားအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ၂၁-၁၂-၂၀၁၈  ရက်စွဲပါစာအမှတ်၊ ၂/၃-၃/၇ ဦး ၆ (၄၂၁) ဖြင့် လယ်မြေမှတစ်ပါး လယ်ယာမြေများအား အခြားနည်းအသုံးပြုရန် ကျွဲကျကျေးရွာ မြေနေရာအဖြစ် ခွင့်ပြုမိန့်ဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ထိန်ကန်ကြီးကျေးရွာသည် အိမ်ခြေ၊ အိမ်ထောင်စု ၈၂ စု၊ လူဦးရေ ၃၈၇ ဦး နေထိုင်လျက်ရှိပြီး ထိန်ကန်ကြီးကျေးရွာမြေအဖြစ် အသုံးပြု ထားသော မြေဧရိယာ ၁၄.၆၉ ဧကရှိ လယ်ယာမြေအမျိုးအစားများအား မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ၂၁-၁၂-၂၀၁၈ ရက်စွဲပါ စာအမှတ်၊ ၂/၃-၃/၇ ဦး ၆ (၄၂၀) ဖြင့် လယ်မြေမှတစ်ပါး လယ်ယာ မြေအား အခြားနည်းအသုံးပြုရန် ထိန်ကန်ကြီးကျေးရွာမြေအဖြစ် ခွင့်ပြုမိန့်ရရှိဆောင်ရွက်ပေးခဲ့ခြင်း ဖြစ်ကြောင်း။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၅၄ တွင် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်၊ အုပ်ချုပ်ခွင့်ရတိုင်း သို့မဟုတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာရှိတဲ့ ကျေးရွာ၊ ကျေးရွာအုပ်စု၊ ရပ်ကွက်၊ မြို့၊ မြို့နယ် သို့မဟုတ် ခရိုင်နယ်နိမိတ်များ ပြင်ဆင်ရန်၊ ဖွဲ့စည်းရန် သို့မဟုတ် အမည်ပြောင်းလဲရန်ပေါ်ပေါက်လျှင် သက်ဆိုင်ရာတိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဝန်ကြီးချုပ်က နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး နိုင်ငံတော်သမ္မတက လိုအပ်သလို ဆောင်ရွက်ပေးရမည်ဟု ပြဋ္ဌာန်းထားရှိပါကြောင်း။

ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ မန္တလေးတိုင်းဒေသကြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော် သမ္မတထံထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိပါက လယ်မြေမှတစ်ပါး လယ်ယာမြေများအား အခြားနည်း အသုံးပြုရန် ခွင့်ပြုမိန့်များနှင့်အတူ ပြည်ထဲရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ် ထားသော ကျေးရွာများအဖြစ်သတ်မှတ်နိုင်ရေး မြို့၊ ကျေးရွာတိုးချဲ့ဖွဲ့စည်းခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ နှင့်အညီ အမှုတွဲပြုစုပြီး မြို့နယ်၊ ခရိုင်၊ တိုင်းဒေသကြီးအထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနတို့မှတစ်ဆင့် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားရမည်ဖြစ်ပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ပြည်ထဲရေးဝန်ကြီးဌာနသို့ ပေးပို့ပြီး ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်နိုင်လျှင် ဆက်လက်ဆောင်ရွက်ပေးသွားရမည်ဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ သာစည်မြို့နယ်၊ ကျွဲတပ်ဆုံကျေးရွာအုပ်စုအတွင်းရှိ ကျွဲကျကျေးရွာနှင့် ထိန်ကန်ကြီး ကျေးရွာများအား ပြည်ထဲရေးဝန်ကြီးဌာနမှ အမိန့်ကြော်ငြာစာ ထုတ်ပြန်သတ်မှတ်ထားသော ကျေးရွာများ အဖြစ် သတ်မှတ်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၄ နှင့်အညီ ဆက်လက်ဆောင်ရွက်ရန် ကျန်ရှိသည့်အပိုင်းကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးချုပ်မှ နိုင်ငံတော်သမ္မတထံ ထောက်ခံတင်ပြပြီး ခွင့်ပြုချက်ရရှိသည့်အခါ လုပ်ထုံးလုပ်နည်း များနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးသွားနိုင်မည်ဖြစ်ပါကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့၏ ဖြေကြားချက်များအား ပြန်လည်ဖြေကြားခဲ့ပါသည်။