၁၉၈၄ ခုနှစ်၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို အမျိုးသားရေးဥပဒေ၏ မူဝါဒများ၊ နိုင်ငံတကာစံနှုန်းများ၊ ဒီဂျစ်တယ်သင်ယူမှုပုံစံများနှင့် ကိုက်ညီစေရန် အသစ်ပြန်လည်ရေးဆွဲ ပြဋ္ဌာန်းရန် မည်သို့ဆောင်ရွက်ထားသနည်းနှင့် အနာဂတ်တွင်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယနေ့တွင်၁၉၈၄ ခုနှစ်၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို အမျိုးသားပညာရေး ဥပဒေနှင့် ကိုက်ညီစေရေးအတွက် အသစ်ပြန်လည် ရေးဆွဲပြဋ္ဌာန်းရန် အစီအစဉ် ရှိ မရှိကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ခွင့်ပြုချက်နှင့် မေးမြန်း သွားမည် ဖြစ်ပါကြောင်း၊ ၁၉၈၄ ခုနှစ်၊ ပြည်သူ့လွှတ်တော်ဥပဒေအမှတ် ၆ ဖြင့် ပြဋ္ဌာန်းခဲ့သော ဘာသာရပ် သင်ကိုယ်ပိုင်သင်တန်း ဥပဒေ သည် ထိုအချိန်အခါကာလက ဗဟိုချုပ်ကိုင်မှုအခြေပြု နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေး စနစ် အောက်တွင် ပုဂ္ဂလိကဖြည့်စွက်ပညာရေးကို တင်းကျပ်စွာထိန်းချုပ်ရန် ရည်ရွယ်၍ ပြဋ္ဌာန်း ထားခဲ့ ခြင်းဖြစ်ပါကြောင်း၊ သို့သော်လည်း ယခုခေတ်ပညာရေးသည် လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုး တိုးတက်ရေး၏ အဓိကအင်အားဖြစ်လာပြီး ပုဂ္ဂလိကပညာရေး၏ အခန်းကဏ္ဍလည်း တိုးပွား လာလျက်ရှိပါကြောင်း၊ တစ်သက်တာသင်ကြားရေး အယူအဆလည်း ကျယ်ပြန့်လျက်ရှိပြီး ဒီဂျစ်တယ် ပညာရေးနှင့်အွန်လိုင်းသင်ကြားမှုများ ထွန်းကားလာလျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါ ဥပဒေ သည် လက်ရှိ ပညာရေးလိုအပ်ချက်များနှင့် အလွန်အမင်းကို ကွာဟလျက်ရှိ သည်ကို တွေ့ရပါကြောင်း၊ အထူးသဖြင့် သင်ကြားခွင့်နှင့်သင်တန်းဖွင့်လှစ်ကို တစ်မြို့နယ်ထဲတွင် တစ်နေရာ တည်းသာ ကန့်သတ်ထားပါကြောင်း၊ ဒါဟာ ပညာရှင်များ၏ကျွမ်းကျင်မှုကို နေရာအနှံ့ဖြန့်ဝေနိုင်မှု၊ မျှဝေနိုင်မှု၊ ကျေးလက် နှင့်မြို့ပြအကြား ပညာရေးအခွင့်အလမ်းညီမျှမှုကို ဟန့်တားထား သကဲ့ သို့ဖြစ်နေပါကြောင်း၊ အဆိုပါဥပဒေတွင် စာပေးစာယူသင်ကြားရေးစနစ်ကိုပင် ပိတ်ပင်ထားသည့် အတွက်ကြောင့် အွန်လိုင်းသင်ကြားမှုနှင့် ဒီဂျစ်တယ်ပညာရေးအထောက်အကူပြုများကို တားမြစ် ထား၍ E-Learning ခေတ်နှင့် လုံးဝ ဆန့်ကျင်လျက်ရှိနေပါကြောင်း၊ နောက်တစ်ချက် မှာ ဘော်ဒါဆောင်ထားခွင့်ကို အကြွင်းမဲ့ပိတ်ပင် ထားသည့်အတွက်ကြောင့် ကျောင်းသား ကျောင်းသူ တို့၏ လုံခြုံစိတ်ချစွာနေနိုင်ရေးကိုလည်း ကန့်သတ် လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံသည် အမျိုးသားပညာရေးဥပဒေကိုပြဋ္ဌာန်း၍ ပုဂ္ဂလိကပညာရေးကို အားပေး လျက်ရှိပါကြောင်း၊ ထို့ကြောင့်သာ ပုဂ္ဂလိကပညာရေးဥပဒေလည်း ပေါ်ထွက် လာခဲ့ပြီး အကောင် အထည်ဖော်နေပြီဖြစ်ပါကြောင်း၊ ပုဂ္ဂလိကပညာရေးဥပဒေကြောင့် ကျူရှင်၊ ဘော်ဒါ တချို့သည် ကိုယ်ပိုင်အထက်တန်းကျောင်း၊ ကိုယ်ပိုင်ကျောင်းများအဖြစ် တိုးမြှင့်ဖွင့်လှစ်နိုင်ခဲ့ကြပါကြောင်း၊ သို့သော်လည်း ကျူရှင်၊ ဘော်ဒါအများစုမှာ တည်ရှိနေဆဲဖြစ်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် နယ်ဝေးကျောင်းသားများအတွက် တည်းခိုရာနေရာတစ်ခုဖြစ်နေခြင်းကြောင့် ကျူရှင်၊ ဘော်ဒါသည် တည်မြဲနေမည် ဖြစ်ပါကြောင်း၊ ၁၉၈၄ ခုနှစ်၊ ကိုယ်ပိုင်သင်တန်းဥပဒေသည် အမျိုးသား ပညာရေး ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် မကိုက်ညီသည်များ ကို အထူးသဖြင့် တစ်မြို့နယ်၊ တစ်နေရာ တည်းတွင် ဖွင့်လှစ်ခွင့်ရှိပြီး အဆိုပါတစ်နေရာတွင် ဆရာ၂ ဦးသာ ပါဝင်ပြီး အဆိုပါ ဆရာ ၂ ဦး က လည်း ဘာသာ ၂ ရပ် သာ သင်ကြားခွင့် ရှိပြီး၊ ဘော်ဒါဆောင်လုံးဝထားခွင့်မရှိကြောင်း၊ ထိုအချက် များသည် လက်ရှိမြေပြင်အခြေ အနေနှင့် မကိုက်ညီသော အချက်အလက်များ ဖြစ်ပါကြောင်း။
နောက်တစ်ချက်မှာ အစိုးရကျောင်းများမှ ဆရာ ဆရာမများ၏ ကျူရှင်သင်ကြားမှုကို တားမြစ် နေခြင်းများရှိပါကြောင်း၊ မည်သို့ပင်တားတား မြန်မာနိုင်ငံနေရာအနှံ့တွင် ရှိနေဆဲ ဖြစ်ပါ ကြောင်း၊ ထို့ကြောင့် ဥပဒေပြဋ္ဌာန်း၍ ခွင့်ပြုပေးခြင်းက ပို၍ အကျိုးရှိမည်ဟု မြင်ပါကြောင်း၊ ဆရာ ဆရာမတစ်ယောက်အနေနဖြင့် ကျောင်းတွင် တာဝန်ထမ်းဆောင်ပြီး မိမိ၏ အချိန်ပိုကိုအနားမယူဘဲ ပညာသင်ကြားရေးသည် ခိုးကြောင်ခိုးဝှက်လုပ်ရမည့် အလုပ်မဟုတ်ဟု မိမိမြင်ပါကြောင်း၊ သို့သော် ကန့်သတ်ချက်အနေနှင့် အစိုးရစာသင်ကျောင်းထဲတွင် သင်ခန်းစာကို မပြည့်မစုံသင်ခြင်းမျိုး၊ ၎င်းတို့၏ ကျူရှင်ကိုတက်ရန် ဖိအားပေးခြင်းမျိုး၊ သို့မဟုတ် ကျူရှင်တက်သူ၊ မတက်သူ ခွဲခြား ဆက်ဆံခြင်းမျိုး ကို ဥပဒေတွင် ပြဋ္ဌာန်းတားမြစ်ပြီး ခွင့်ပြုခဲ့လျှင် အများကြီးအကျိုးရှိ လိမ့်မည်ဟု ယုံကြည်ပါကြောင်း၊ အဘယ်ကြောင့်ဆိုသော် မိမိတို့သည် တင်းကျပ်သည့်ဥပဒေ အောက်တွင် နှစ်ပေါင်းများစွာနေခဲ့ပြီးပြီဖြစ်ပါကြောင်း၊ မိမိတို့မြန်မာနိုင်ငံ၏ ပညာအရည်အသွေး၊ ပညာရည် တိုးတက်မှုသည် မိမိတို့ပတ်ဝန်းကျင်နိုင်ငံ များနှင့် မီအောင်လိုက်ရန် တော်တော်ကို ကြိုးစားရမည့် အခြေအနေများရှိနေပါကြောင်း၊ အဆိုပါ အခြေအနေများကြောင့် တားမြစ်ထိန်းချုပ်မှုအခြေပြု ဥပဒေမှ အရည်အသွေးအာမခံမှု၊ စံချိန်စံညွှန်းနှင့် တာဝန်ယူမှုအခြေပြု ကျောင်းသား ကျောင်းသူ၊ သင်တန်း သားအကျိုးရှေးရှုသည့် ခေတ်မီဥပဒေစနစ်သို့ ကူးပြောင်းရန် အရေးကြီး လိုအပ်လျက်ရှိ သည်ဟုထင်မြင်ပါကြောင်း၊ ထို့ကြောင့် ပြည်ထောင်စုအစိုးအနေနှင့် အောက်ပါမေးခွန်းများကို ဖြေကြားပေးရန် လေးစားစွာ မေးမြန်းအပ်ပါကြောင်း၊
(၁) ၁၉၈၄ ခုနှစ်၊ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို လက်ရှိ အမျိုးသား ပညာရေး ဥပဒေမူဝါဒများ၊ နိုင်ငံတကာပညာရေးစံနှုန်းများ၊ ဒီဂျစ်တယ် သင်ကြားမှု နည်းစနစ် များနှင့်ကိုက်ညီစေရန် အသစ်ပြန်လည်ရေးဆွဲပြဋ္ဌာန်းရန်ပြည်ထောင်စု အစိုးရအနေဖြင့် မည်သည့်အစီအစဉ်များ ဆောင်ရွက်ထားရှိပါသနည်း၊ အကယ်၍ ယခုအချိန်ထိ အစီအစဉ် မရှိသေးပါက အနာဂတ်တွင်ဆောင်ရွက်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုပါကြောင်း၊
(၂) လက်ရှိမှတ်ပုံတင်ထားသော ကိုယ်ပိုင်သင်တန်းကျောင်းများ၏ အရည်အသွေးကို စစ်ဆေးကြီးကြပ်ရန် မည်သို့ဆောင်ရွက်နေပါသနည်း။ အရည်အသွေးအာမခံစနစ် တစ်ရပ် မည်သို့အကောင်အထည်ဖော် ဆောင်ရွက်ပါမည်နည်း။
(၃) ကိုယ်ပိုင်သင်တန်းကျောင်းဆရာများအတွက် အနိမ့်ဆုံးအရည်အချင်းစံနှုန်းနှင့် ဆရာ ကျင့်ဝတ်စနစ်တစ်ရပ် တည်ဆောက်သတ်မှတ်၍ အကောင်အထည်ဖော်ရန် အစီ အစဉ် ရှိ မရှိ သိရှိလိုပါသဖြင့် မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါက်တာဇော်မြင့် က
ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်းဥပဒေကို ၁၉၈၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်တွင် ပြဋ္ဌာန်းခဲ့ ပါကြောင်း၊ ၂၀၀၃ ခုနှစ်၊ ဧပြီလ ၇ ရက် တွင်ကျင်းပသော မြန်မာနိုင်ငံ ပညာရေး ကော်မတီ၏ (၁/၂၀၀၃) အစည်းအဝေးဆုံးဖြတ်ချက်အရ ဘာသာရပ်သင် ကိုယ်ပိုင်သင်တန်း ဆရာ တစ်ဦးသည် ကိုယ်ပိုင်သင်တန်းအများဆုံး ၃ ခုအထိသင်ကြားနိုင်ပြီး ကိုယ်ပိုင်သင်တန်း တစ်ခုလျှင် ကျောင်းသင်ဘာသာရပ် ၃ ခုအထိ သင်ကြားနိုင်ပါကြောင်းနှင့် ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်း ဥပဒေကို ပြန်လည်စိစစ်ဆဲ ကာလတွင် ကျင့်သုံးရန်မူအဖြစ် အခြေခံပညာဦးစီးဌာနက ဆက်လက် လိုက်နာဆောင်ရွက်ဆဲဖြစ်ပါကြောင်း၊ ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ဆရာတစ်ဦးကို ကိုယ်ပိုင် သင်တန်းအများဆုံး ၃ ခု၊ ကျောင်းသင်ဘာသာရပ် ၃ ခုသာ သင်ကြားနိုင်သည်ဆိုသည်မှာ လည်း ဥပဒေ ကပြဋ္ဌာန်းထားခြင်း မဟုတ်ဘဲ သက်ဆိုင်ရာမြန်မာနိုင်ငံပညာရေးကော်မတီမှ (၁/၂၀၀၃) အစည်းအဝေးဆုံးဖြတ်ချက် အရ ချမှတ်ထားသည့်မူဖြစ်သည့်အတွက် ခေတ်စနစ် အခြေ အနေအရ ပြင်ဆင်နိုင်ကြောင်း။
၂၀၂၃ ခုနှစ်၊ မေလ ၁၂ ရက်တွင် ပုဂ္ဂလိကပညာရေးဥပဒေ (Private Education Law)ကို ပြဋ္ဌာန်းခဲ့သည့် နောက်တွင် ကိုယ်ပိုင်ကျောင်းမှတ်ပုံတင်ဥပဒေကို ဤဥပဒေဖြင့် ရုပ်သိမ်းခဲ့ပါ ကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၇ ရက်တွင် ကိုယ်ပိုင် သို့မဟုတ် ပုဂ္ဂလိက ကျောင်းကြီးကြပ်ရေး အဖွဲ့၏ အမိန့်ကြော်ငြာစာ အမှတ်(၁၆/၂ဝ၂၃)၊ (၁၇/၂၀၂၃)နှင့် (၁၈/၂ဝ၂၃)တို့ကို ထုတ်ပြန်ခဲ့ပြီး ၂ဝ၂၅ ခုနှစ်နှင့် ၂၀၂၆ ခုနှစ်တို့မှာ စံသတ်မှတ်ချက်များ၊ လုပ်ထုံးလုပ်နည်းများကို ထုတ်ပြန် ကြေညာ ပြီးလိုက်နာကျင့်သုံးစေလျက်ရှိပါကြောင်း၊လက်ရှိမှတ်ပုံတင်ထားသည့် ဘာသာရပ်သင်ကိုယ်ပိုင် သင်တန်းများ၏ အရည်အသွေးစစ်ဆေးမှုနှင့် ကြီးကြပ်မှုတာဝန်ကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီကဦးဆောင်ပြီး ပညာရေးဝန်ကြီးဌာန၏ မူဝါဒ၊ ညွှန်ကြားချက်များနှင့် ပုဂ္ဂလိကပညာရေးဥပဒေပါ ပြဋ္ဌာန်းချက် များနှင့်အညီ ဒေသဆိုင်ရာကြီးကြပ်ရေးအဖွဲ့၊ မြို့နယ် ပညာရေးမှူးနှင့် ပညာရေးအရာရှိများက စစ်ဆေးကြီးကြပ်လျက်ရှိပါကြောင်း၊ ဘာသာရပ် သင်ဆရာ အရည်အချင်းသတ်မှတ်ချက်အနေဖြင့် တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူ သို့မဟုတ် ဆရာအတတ် ပညာသင်တန်းဆင်းလက်မှတ်ရရှိသူ ဖြစ်ရန်လိုအပ်ပြီး ဘွဲ့သင်တန်း နောက်ဆုံး နှစ်တွင် ဖြေဆို ခဲ့သော ဘာသာရပ် သို့မဟုတ် ဆရာအတတ် ပညာသင်တန်းတွင် ဖြေဆိုအောင်မြင်ခဲ့ သော ဘာသာ ရပ်ကို သင်ကြားရမည်ဖြစ်ပြီး ဆရာကျင့်ဝတ် သိက္ခာနှင့်ကိုက်ညီ၍ ဘာသာရပ်သင် ကိုယ်ပိုင် သင်တန်း ဆရာမှတ်ပုံတင်လက်မှတ်ရရှိပြီးမှသာ သင်ကြားခွင့်ရရှိမည်ဖြစ်ပါကြောင်း။
၁၉၈၄ ခုနှစ်၊ ကိုယ်ပိုင်သင်တန်းဥပဒေတွင် ပါရှိသည့် အသုံးအနှုန်းများနှင့် ပြစ်ဒဏ် သတ်မှတ်ချက် ငွေကြေးနှုန်းထားများမှာ ခေတ်ကာလနှင့် လိုက်လျောညီထွေမရှိခြင်းကြောင့် လိုအပ် ချက်များထပ်မံဖြည့်စွက်၍ ပြင်ဆင်နိုင်ရေးအတွက် အခြေခံပညာဦးစီးဌာနက ပြန်လည်စိစစ် လျက်ရှိပါကြောင်း၊ကိုယ်စားလှယ်ကြီးအကြံပြုသည့် အွန်လိုင်းနှင့်ဒီဂျစ်တယ်သင်ကြားရေးစနစ် များကိုလည်း ထည့်သွင်း စိစစ်လျက်ရှိပါကြောင်း၊ ဥပဒေပြင်ဆင်ချက်များသည် ယေဘုယျ အားဖြင့် မူရင်းဥပဒေပြဋ္ဌာန်းချက်များ၏ ထက်ဝက် သို့မဟုတ် သုံးပုံနှစ်ပုံကျော်နေလျှင် ဥပဒေအသစ် အနေ ဖြင့် ရေးဆွဲရန် ပြဋ္ဌာန်းထားရှိပါသဖြင့် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာနက ပြင်ဆင် ရေးဆွဲခြင်း သို့မဟုတ် အသစ်ပြဋ္ဌာန်းခြင်းအတွက်ကို စနစ်တကျ စိစစ်ဆောင်ရွက်လျက်ရှိပါ ကြောင်း နှင့် လွှတ်တော်ပညာရေးမြှင့်တင်မှုကော်မတီကလည်း စိစစ်ဆောင်ရွက်လျက်ရှိသည်ဟု ကြား သိရပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။