နိုင်ငံတော်က ဖွင့်လှစ်ထားသည့် တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေး မည်သို့ဆောင်ရွက်နေ သည်နှင့် ဆောင်ရွက်သွားမည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
“နိုင်ငံတော်ဖွံ့ဖြိုးဖို့ ပညာရေးကိုအားပေးစို့”ဆိုသည်မှာ အလွန်အရေးကြီးပါကြောင်း၊ အစဉ် ပြောင်းလဲတိုးတက်နေသည့်ကမ္ဘာကြီးတွင် လူ့စွမ်းအားအရင်းအမြစ်များဖြစ်သည့် လူငယ်များကို စွမ်းရည်မြှင့်သည်ထက်မြှင့်ပြီး ပြည့်ဝစေရန် အခြေခံပညာကဏ္ဍပြီးမြောက်လာသည့်အခါ အဆင့်မြင့် ပညာရေးကဏ္ဍတွင် ပညာတွေဆက်လက်သင်ယူနိုင်ခွင့်ရအောင် နိုင်ငံတော်မှ နည်းလမ်းများစွာနှင့် စီမံထားရှိပါကြောင်း၊ ထိုသို့စီမံထားသည့်နေရာတွင် အဆင့်မြင့်ပညာကဏ္ဍသည် တက္ကသိုလ်များ၌ နိုင်ငံတကာ စံချိန်စံညွှန်းများနှင့် နိုင်ငံတော်အဆင့်မီသည့် တက္ကသိုလ်များဖြစ်ခဲ့လျှင် ပညာအရည် အသွေးနှင့် အဆင့်ပိုမိုမြင့်မားမည်ဖြစ်သည့်အတွက် နိုင်ငံတော်မှဖွင့်လှစ်ထားသည့် တက္ကသိုလ် များကို နိုင်ငံတကာအဆင့်မီစေရန်နှင့် မည်သို့ဆက်လက်ဆောင်ရွက်နေသည်နှင့် ဆောင်ရွက် သွားမည့် အစီအစဉ်များ ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့် က
ပညာရေးဝန်ကြီးဌာနသည် နိုင်ငံတော်မှ ဖွင့်လှစ်ထားသည့် မြန်မာတက္ကသိုလ်များကို နိုင်ငံ တကာအဆင့်မီ ပညာရေးအဖွဲ့အစည်းများအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် သင်ကြားမှု အရည်အသွေးမြှင့်တင်ရေး၊ ဒီဂျစ်တယ်ပညာရေးအသွင်ကူးပြောင်းရေး၊ သုတေသနနှင့် ဆန်းသစ် တီထွင်မှုမြှင့်တင်ရေး၊ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ရေးနှင့် အရည်အသွေး အာမခံမှု စနစ်များ အားကောင်းလာစေရေးတို့ကို ဦးတည်ပြီး စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပါကြောင်း။
တက္ကသိုလ်များကို နိုင်ငံတကာအဆင့်မီရေးအတွက် သင်ရိုးညွှန်းတမ်းများ အဆင့်မီရေးရန် အဓိကကျပါကြောင်း၊ ထို့ကြောင့် သင်ရိုးညွှန်းတမ်းများသည် ခေတ်စနစ်နှင့်ကိုက်ညီသည့် နိုင်ငံ တကာအဆင့်မီရေး၊ ပေါင်းစပ်ဘာသာရပ်များနှင့် အသုံးချဘာသာရပ်များ တိုးချဲ့သင်ကြားရေး တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ နိုင်ငံတကာအဆင့်မီ သင်ရိုးများဖြစ်စေရန်အတွက် သင်ရိုးသစ် များ နှစ်စဉ်ပြင်ဆင်ရေးဆွဲခြင်းတို့ကို ဘာသာရပ်သင်ကြားရေးအဖွဲ့(Board of Studies-BOS)များမှ ဆောင်ရွက်လျက်ရှိပါကြောင်း၊ Tutorials, Assignments, Practicals များကိုပုံမှန်ဆောင်ရွက်စေပြီး တီထွင်ဆန်းသစ်သော သင်ကြားသင်ယူမှုဖြစ်စေရန် Project-based Learning အပါအဝင် ကျောင်းသားဗဟိုပြုသင်ကြားနည်းများ၊ Initiative Teaching and Learning များကို အကောင်အထည်ဖော်ခြင်း၊ ဒီဂျစ်တယ်နည်းပညာအသုံးပြု သင်ကြားသင်ယူမှုဖြစ်စေရန် Learning Management System (LMS)စနစ် တည်ထောင်ခြင်းနှင့် Digital Library များ ဖွင့်လှစ်ထားရှိခြင်း တို့ကို ဆောင်ရွက်လျက်ရှိပါကြောင်း။
Evidence Based အနေဖြင့် တင်ပြရလျှင် အဆင့်မြင့်ပညာဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ်၊ စက်တင်ဘာလအထိ LMS အသုံးပြုသင်ကြားလျက်ရှိသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၀ ခုရှိပြီး ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ ထားဝယ်တက္ကသိုလ်၊ မိတ္ထီလာစီးပွားရေးတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့ ပါဝင်ပါတယ်။ Naypyitaw State Academy အနေဖြင့်လည်း သမိုင်း၊ သင်္ချာ၊ ဘောဂဗေဒ၊ ဝါဏိဇ္ဇ ဗေဒ၊ စီးပွားရေးလုပ်ငန်းစီမံခန့်ခွဲမှုပညာ၊ စာရင်းအင်းပညာ၊ ဥပဒေပညာနှင့် လူမှုရေးပညာဘာသာ ရပ်များတွင် LMS အသုံးပြု သင်ကြားလျက်ရှိပါတယ်။ International e-Resources များကို အသုံးပြုလျက်ရှိသည့် Digital Library စနစ်ကို အပြည့်အဝ အသုံးပြုလျက်ရှိသော တက္ကသိုလ်နှင့် ဒီဂရီကောလိပ် ၉ ခုရှိပြီး Naypyitaw State Academy ၊ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ရန်ကုန်ပညာရေးတက္ကသိုလ်၊ မုံရွာစီးပွားရေးတက္ကသိုလ်၊ ရတနာပုံ တက္ကသိုလ်၊ ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်နှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်တို့ ပါဝင် ပါကြောင်း။
သင်ကြားရေးဆရာ ဆရာမများ၏ အရည်အသွေးမြှင့်တင်နိုင်ရေးအတွက် အလုပ်ရုံဆွေးနွေးပွဲ (Workshop)များ၊ ညီလာခံများ၊ ရက်တိုလေ့လာရေး ခရီးစဉ်များနှင့် နှစ်ရှည် နိုင်ငံခြားပညာတော်သင် စေလွှတ်ခြင်းများ၊ အလုပ်ရုံဆွေးနွေးပွဲများနှင့် ရက်တိုလေ့လာရေး ခရီးစဉ်များအဖြစ် နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံခြားပညာ သင်စာမေးပွဲများ ဖြေဆိုစေခြင်းနှင့် Exchange Programmes များစေလွှတ်ခြင်း၊ Cultural Visit စေလွှတ်ခြင်း၊ နိုင်ငံတကာပြိုင်ပွဲများတွင်ပါဝင်စေရန် ပံ့ပိုးခြင်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ တက္ကသိုလ်များ အဆင့်မြှင့်တင်နိုင်ရေးအတွက် နိုင်ငံတကာပညာသင်ဆုများမှတစ်ဆင့် နိုင်ငံခြား တက္ကသိုလ်များတွင် ပါရဂူဘွဲ့သင်တန်း တက်ရောက်နိုင်ရေးနှင့် ပါရဂူဘွဲ့ရများ မွေးထုတ်ပေးရေး ကိုလည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
သုတေသနလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတကာသုတေသန ကျင့်ဝတ်နှင့် ညီသော သုတေသနစာစောင်များ ထုတ်ဝေနိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတော်၏ ရက် ၁၀၀ စီမံကိန်းအစီအစဉ်အရ ရန်ကုန်တက္ကသိုလ်၊ မန္တလေးတက္ကသိုလ်နှင့် Naypyitaw State Academy တို့တွင် သုတေသနနှင့် တီထွင်ဆန်းသစ်မှုဗဟိုဌာန (Centre for Research and Innovation-CRI) များကို တည်ထောင်ဖွင့်လှစ်ပေးခဲ့ပါကြောင်း၊ MSMEs လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး အထောက်အကူပြု သုတေသနလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပြီး သုတေသနနှင့် တီထွင် ဆန်းသစ်မှုဆိုင်ရာဖိုရမ်ကို ၂၀၂၆ ခုနှစ်၊ ဇွန်လတွင် ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမ၌ ကျင်းပခဲ့ပါ ကြောင်း၊ ဘွဲ့လွန်သင်တန်းသားများကိုလည်း နိုင်ငံတကာအသိအမှတ်ပြု သုတေသနဂျာနယ်များတွင် သုတေသန စာတမ်းများ ရေးသားထုတ်ဝေနိုင်ရေးအတွက် အားပေးပံ့ပိုးလျက်ရှိပါကြောင်း။
Internationalization အတွက် နိုင်ငံတကာတက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ပြီး MoU ၊ MoA များ ချုပ်ဆိုခြင်း၊ ကျောင်းသားနှင့် ဆရာ ဆရာမ အပြန်အလှန်ဖလှယ်ရေး အစီအစဉ်များ၊ ပူးတွဲသင်ကြားရေးနှင့် သုတေသနလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့်အပြင် နိုင်ငံ တကာပညာသင်ဆုများနှင့် သုတေသန ရန်ပုံငွေများရရှိနိုင်ရေးကိုလည်း ပံ့ပိုးဆောင်ရွက်လျက် ရှိပါကြောင်း၊ ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလအထိ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ်များတွင် နိုင်ငံတကာနှင့်ချိတ်ဆက်ပြီး MoU ၁၂၅ ခု၊ MoA ၄ ခု ချုပ်ဆို နိုင်ခဲ့ပြီး Naypyitaw State Academy နှင့် အိန္ဒိယအစိုးရအကြား ဓာတ်ခွဲခန်းသုံးပစ္စည်းကိရိယာများ ထောက်ပံ့ပေးနိုင်ရေးအတွက် MoU လက်မှတ်ရေးထိုးခဲ့ပါကြောင်း၊ Naypyitaw State Academy တွင် သင်ကြားရေးနှင့်တွဲဖက်ပြီး သုတေသနလုပ်ငန်း ၂၀ ခု ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံ တက္ကသိုလ်များသည် နိုင်ငံတကာမိတ်ဖက်တက္ကသိုလ်များနှင့် သုတေသနလုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်လျက်ရှိပါကြောင်း။
ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးအဆင့်အတန်းနှင့် အရည်အသွေးအာမခံမှု အကဲဖြတ်ကော်မတီ (National Accreditation and Quality Assurance Committee-NAQAC) ကို ဖွဲ့စည်းပြီး အရည်အသွေးအာမခံမှုစနစ် (Quality Assurance) လုပ်ငန်းစဉ်များကို တိုးမြှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်လျက်ရှိရာ တက္ကသိုလ်များတွင် Internal Auditing နှင့် External Auditing ကို ASEAN University Network ၏ AUN QA Criteria ကို ကျင့်သုံးပြီး Programme Level နှင့် Institutional Level တို့တွင် အရည်အသွေးအာမခံမှု (Quality Assurance)နှင့် အသိအမှတ်ပြုခြင်း (Accreditation) များရရှိအောင် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကမ္ဘာ့တက္ကသိုလ်အဆင့်သတ်မှတ်ချက်စနစ်ဖြစ်သော Times Higher Education ၏ စံသတ်မှတ်ချက် ဖြစ်သည့် 5 Pillars နှင့် 17 Performance Indicators များကို အခြေခံပြီး တခြားနာမည်ကြီး ကမ္ဘာ့ တက္ကသိုလ်အဆင့် သတ်မှတ်ချက်တစ်ခုဖြစ်သော QS Asia University Rankings ၏ လက်ရှိစံ သတ်မှတ်ချက်ဖြစ်သော 11 Indicators ကိုပြည့်မီရေး တွန်းအားပေးဆောင်ရွက်လျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ပညာရေးဝန်ကြီးဌာနအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်ကြီးနှင့် ပြည်သူများ မျှော်မှန်းချက်ဖြစ်သော မြန်မာတက္ကသိုလ်များ နိုင်ငံတကာအဆင့်မီရေးအတွက် Quality Education, Digital Transformation, Research & Innovation, Internationalization နှင့် Quality Assurance ကဲ့သို့သော ကဏ္ဍများကို အဓိကထား၍ စဉ်ဆက်မပြတ် မြှင့်တင်ဆောင်ရွက်လျက် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။