MY EN

(င)- ဦးအောင်ကျော်မင်း(သုံးခွမဲဆန္ဒနယ်)

2026-10-07
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်ကျော်မင်း (သုံးခွ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

သုံးခွမြို့နယ်၊ မြို့မ-အခြေခံပညာအထက်တန်းကျောင်းတွင် ကျောင်းဆောင်ဟောင်း ဖျက်သိမ်းခွင့် ပြုရန်နှင့် ကျောင်းဆောင်သစ်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

သုံးခွမြို့နယ်တွင် ရပ်ကွက် ၁၂ ခု၊ ကျေးရွာ အုပ်စု ၆၄ ခုနှင့် ကျေးရွာ ၁၆၂ ရွာရှိပါကြောင်း၊ မြို့ပေါ်ရပ်ကွက် ၁၂ ခုတွင်  အခြေခံပညာအထက်တန်း ကျောင်းများအနေဖြင့် အ.က.က(၁)၊ အ.က.က(၂)နှင့် အ.ထ.က မြို့မဆိုပြီး အထက်တန်းကျောင်း ၃ ကျောင်းရှိပါကြောင်း၊ မြို့မ-အခြေခံပညာအထက်တန်းကျောင်းက အမှတ် ၉ ရပ်ကွက်ရှိ သန်လျင်၊ သုံးခွ၊ ခရမ်း ကားလမ်း မကြီးဘေးတွင် တည်ရှိပါကြောင်း၊ အမှတ် ၈ ရပ်ကွက်၊ အမှတ် ၉ ရပ်ကွက်၊ အမှတ် ၁၀ ရပ်ကွက်၊ တကောကျေးရွာ၊ ပဒထ္ထိုင်းကျေးရွာ၊ မုဒိတာကျေးရွာ၊ လက်ပံကျိုးကျေးရွာ၊ လျော်ကန် ကျေးရွာ၊ စစ်ပင်ကန်ကျေးရွာ၊ သဖန်းပင်ကျောင်းကျေးရွာနဲ့ ပေါက်တောရိုးကျေးရွာများအစရှိ ကျေးရွာ ၁၁ ရွာမှ ကျောင်းသား /ကျောင်းသူ စုစုပေါင်း ၂၀၂၅ ဦး ပညာသင်ကြား နေသည့် အထက်တန်းကျောင်းဖြစ်ပါကြောင်း၊ ပြီးခဲ့သည့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် Grade-12 အောင်ချက် ရာခိုင်နှုန်း ၅၃.၃၃ ရာခိုင်နှုန်းရှိသည့် ကျောင်းလည်းဖြစ်ပါကြောင်း။ 

          အဆိုပါကျောင်းရှိ (၁၀ဝ x ၃ဝ) ပေ အုတ်ညှပ် ၂ ထပ်စာသင်ဆောင်ကို ၁၉၉၇ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး သက်တမ်းနှစ် ၃၀ ခန့်ရှိပြီဖြစ်ပါကြောင်း၊ လက်ရှိအခြေအနေတွင် ခိုင်ခံ့မှု အလွန်အားနည်းခြင်း စာသင်ဆောင်ကျောဘက်တစ်ခြမ်းလုံး နောက်ဘက်သို့ယိမ်းယိုင်ပြီး စောင်းနေ ခြင်း၊ အုတ်နံရံများကွဲအပ်နေခြင်း၊ အုတ်ညှပ်သစ်သားတိုင်များ ခြေပြတ်ကွဲအပ်နေခြင်းနှင့် လှေကား ခွင်များကွဲအပ်ဆွေးမြည့်ပျက်စီးနေခြင်း၊ အပေါ်ထပ်ကြမ်းခင်းများ ဆွေးမြည့်ပျက်စီးနေခြင်း၊ အုတ်နံရံနှင့်သစ်သားတိုင်များ တွဲစပ်မှုမရှိတော့ဘဲကွဲအက်နေခြင်း၊ စာသင်ဆောင်အပေါ်ထပ်သို့ တက်ရန် အန္တရာယ်ရှိသဖြင့် စာသင် ကြားနိုင်သည့် အခြေအနေမရှိခြင်း၊ အမိုးများပေါက်ပြဲခြင်းနှင့် အကာရှိပြတင်းပေါက်များပျက်စီးနေသဖြင့် မိုးရေမလုံခြင်းနှင့် ဆွေးမြည့်နေခြင်းစသည့် အန္တရာယ် ရှိသည့် အခြေအနေဖြစ်ပါကြောင်း၊ အဆိုပါ ကျောင်းတွင် စာသင်ကြားနိုင်သည့် စာသင်ခန်းအရေ အတွက်နှင့် အတန်းလိုက်ကျောင်းသားဦးရေမမျှသည့် အတွက် တချို့စာသင်ခန်းများမှာ ကျောင်းသား ဦးရေများပြားနေခြင်း၊ လက်ရှိစာသင်ခန်းအရေအတွက်မလုံလောက်သဖြင့် အန္တရာယ်ရှိ ကျောင်း ဆောင်၏ အောက်ထပ် စာသင်ခန်းများ၌ပင် စာသင်ကြားနေရခြင်းနှင့် စာသင်ခန်းပြင်ပ လျှောက်လမ်း များတွင် စာလေ့လာနေရခြင်းစသည့် သင်ကြားမှုအခက်အခဲများ ကြုံတွေ့လျက်ရှိပါကြောင်း၊ လက်ရှိ အခြေအနေတွင် အဆိုပါအထက်တန်းကျောင်း၌ စာသင်ခန်း ၁၇ ခန်း ရှိပါပြီး အန္တရာယ်ရှိ ကျောင်းဆောင် (၁၀ဝ x ၃ဝ) ပေအား ဖျက်သိမ်းခွင့်ပြုပြီး ၎င်းနေရာတွင် ယင်းအဆောက်အဦ အကျယ်အဝန်းအတိုင်း ပြန်လည်ဆောက်လုပ်ပေးပါက စာသင်ခန်းအရေအတွက် ၆ ခန်းသာရရှိမည် ဖြစ်ပါကြောင်း၊ စာသင်ဆောင်များ၏ နောက်ဘက်တွင် စာသင်ဆောင်အသစ် ဆောက်လုပ်ရန် မြေကွက် အကျယ် (၂၀၈ x၉ဝ) ပေမြေကွက်ရှိပါကြောင်း၊ ၎င်းမြေကွက်တွင် စာသင်ဆောင်အသစ် RCC ၂ ထပ်(၁၇၀ x၃ဝ) ပေအား ဆောက်လုပ်ပေးပါက လက်ရှိ တက်ရောက်နေသော ကျောင်းသား ကျောင်းသူများ အတွက် လုံလောက်သောစာသင်ခန်းများ ရရှိနိုင်မည်ဖြစ်ပါကြောင်း။

          ထို့အပြင် စာသင်ဆောင်များရှိ မျက်နှာစာမြေကွက်တွင် မြေကွက်အကျယ်ရရှိလာပြီး ကျောင်းသား ကျောင်းသူများ အားကစားနှင့် ကျောင်းအခမ်းအနားများအတွက် အသုံးပြုနိုင်မည်ဖြစ်ပြီး အဆိုပါ ကျောင်းတွင် တက်ရောက်ပညာသင်ကြားနေသည့် ကျောင်းသား/ ကျောင်းသူများသည် ငွေကြေး တတ်နိုင်မှု အားနည်းသော ရပ်ကွက်နေကျေးရွာများမှ အဓိက မှီခိုအားထားတက်ရောက်နေကြသည့် ကျောင်းဖြစ် ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ကျောင်းနေပျော်၍ စာတော်ရမည်ဟူသော ဆောင်ပုဒ်နှင့်အညီစိတ်လက်ပျော်ရွှင်စွာ စာသင်ကြားနိုင်ရေးအတွက် လုံလောက်သော စာသင်ဆောင် နှင့် စာသင်ခန်းများ ရရှိရေးအထူးလိုအပ်လျက်ရှိပါကြောင်း။

          သို့ဖြစ်ပါ၍ သုံးခွ မြို့နယ်၊ မြို့မ-အခြေခံပညာအထက်တန်းကျောင်းတွင် အန္တရာယ်ရှိ ကျောင်းဆောင် (၁၀ဝ x ၃ဝ) ပေ အား ဖျက်သိမ်းခွင့်ပြုရန်နှင့် RCC ၂ ထပ်ကျောင်းဆောင်သစ် (၁၇၀ x ၃ဝ) ပေအား အမြန်ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ /မရှိအား သိရှိလိုပါကြောင်း မေးမြန်း ပါသည်။ 

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မြို့မ-အခြေခံပညာအထက်တန်းကျောင်းမှာ မူလတန်း အဆင့်ကျောင်းသား ၅၁၄ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၄၆၄ ဦးနှင့် အထက်တန်းအဆင့် ကျောင်းသား ၉၅ ဦး၊ စုစုပေါင်း ကျောင်းသား/ ကျောင်းသူ ၁၀၇၃ ဦး သင်ကြားသင်ယူမှုများ ဆောင်ရွက် လျက်ရှိပါကြောင်း၊ ကျောင်း‌ဆောင်များအနေဖြင့် ကျောင်းဆောင် ၄ ဆောင်မှာ စာသင်ခန်း ၂၁ ခန်းနှင့်သင်ကြားသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ ကျောင်းသူဦးရေအရ စာသင်ခန်း ၅ ခန်းထပ်မံလိုအပ်သည်ကို တွေ့ရပါကြောင်း၊ ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီး၊ သုံးခွမြို့နယ်၊ မြို့မအခြေခံပညာအထက်တန်းကျောင်းမှာရှိသည့် ခရေဆောင် (၁၀၀ x ၃၀)ပေ အန္တရာယ်ဆောင်သည် အင်ဂျင်နီယာထောက်ခံချက်အရ အန္တရာယ်ရှိသည့်အတွက် ဖျက်သိမ်းရေး ဆောင်ရွက်ပြီး ၎င်းကျောင်းဆောင်နေရာတွင် သင်ကြားနေသည့် စာသင်ခန်း၃ ခန်းနှင့် ကျောင်းသား ဦး ရေအရ ထပ်မံ လိုအပ်နိုင်သည့် စာသင်ခန်း ၅ ခန်း စုစုပေါင်း စာသင်ခန်း ၈ ခန်း အတွက် (၁၇၀ x ၃၀)ပေ RCC ၂ ထပ် တိုးချဲ့အသစ်ဆောက်လုပ်နိုင်ရန်အတွက် နောင်လာမည့်ဘဏ္ဍာရေးနှစ်တွင် ငွေလုံး ငွေရင်းတည်ဆောက်ရေး ဘတ်ဂျက်ရရှိမှုအပေါ် တိုင်းဒေသကြီးဦးစားပေးအစီအစဉ်ဖြင့်  ဆောင်ရွက် သွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။