MY EN

(ဃ)- ဦးစိုင်းကံ(မိုင်းရှူးမဲဆန္ဒနယ်)

2026-10-07
တတိယအကြိမ်
ပညာရေးဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းကံ (မိုင်းရှူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

မိုင်းရှူးမြို့နယ်၊ မိုင်းအော့ အ.ထ.က(ခွဲ)ကျောင်း၏ ဝန်ထမ်းအိမ်ရာများနှင့် ကျောင်းဆောင်သစ် တစ်ဆောင်ကို မည်သည့်နှစ်များတွင် ဆောက်လုပ်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့ကျေးရွာအုပ်စုအတွင်းရှိ မိုင်းအော့ အ.ထ.က(ခွဲ)ကျောင်းသည် ရှမ်းပြည်နယ်(တောင်ပိုင်း)နှင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)ကို ဆက်သွယ်ထားသော အဓိကကျသည့် လမ်းမကြီးပေါ်တွင်တည်ရှိသော ကျောင်းတစ်ကျောင်း ဖြစ်ပါ ကြောင်း၊ ကျောထောက်နောက်ခံ မူလတန်းကျောင်းနှင့် မူလတန်းခွဲကျောင်းပေါင်း ၂၀ ကျော်ရှိပါပြီး ၂၀၀၆ ခုနှစ်တွင် ဒေသခံမိဘပြည်သူများ ကိုယ်ထူကိုယ်ထစုပေါင်းအားဖြင့် ဆောက်လုပ်ခဲ့ကြသော အလျား ၁၅၀ ပေ၊ အနံ ၂၅ ပေ နှစ်ထပ်ကျောင်းဆောင်တစ်ဆောင်နှင့် ၂၀၁၆-၂၀၁၇ ပညာသင်နှစ် များ၌ နိုင်ငံတော်အစိုးရက ဆောက်လုပ်ပေးခဲ့သော အလျား ၁၂၀ ပေ၊ အနံ ၃၀ ပေ တစ်ထပ်ကျောင်း ဆောင်တစ်ဆောင် စုစုပေါင်း ကျောင်းဆောင်နှစ်ဆောင်ရှိပါကြောင်း၊ မိုင်းအော့ အ.ထ.က(ခွဲ)ကျောင်းသည် ဒေသတွင်းရှိ ကျောင်းသား ကျောင်းသူများတို့၏ ပညာရေးစွမ်းရည်မြှင့်တင်ရေးအတွက် အဓိက အားထားရသော ကျောင်းတစ်ကျောင်းဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် ကျောင်းသား ကျောင်းသူပေါင်း ၂၄၁ ဦး ပညာသင်ကြားနေကြပြီး တစ်နှစ်ထက်တစ်နှစ် ကျောင်းသား/ ကျောင်းသူ များ ပိုမိုများပြားလာခြင်းတို့ကြောင့် ကျောင်းဆောင်လုံလောက်မှုရှိအောင် ဆောင်ရွက်ပေးရန်၊ နှစ်ထပ်ကျောင်းဆောင်သည် တချို့သွပ်မိုးများပျက်စီးမှုရှိကြပြီး မိုးရေယိုကျမှုများဖြစ်ပေါ်နေခြင်းကို ပြန်လည်ပြုပြင်ပေးရန်၊ ကျောင်းပိုင်မြေဧရိယာ ၁.၁၆၈ ဧကပတ်လည် အားလုံးပြီးအောင် အုတ် တံတိုင်းကာရံပေးရန်နှင့် ဆရာ/ဆရာမများအတွက် လုံခြုံမှုရှိပြီးကျန်းမာရေးနှင့်ညီညွတ်သော နေအိမ် များ ဆောက်လုပ်ပေးပါရန် လိုအပ်နေပါပြီး

(၁)     သွပ်မိုးများမှ မိုးရေများယိုကျလျက်ရှိသော အလျား ၁၅၀ ပေ၊ အနံ ၂၅ ပေ နှစ်ထပ် ကျောင်းဆောင်ဟောင်းကို ပြင်/ထိန်းဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/ မရှိ၊ 

          (၂)     ကျောင်းသား ကျောင်းသူများ စိတ်အေးချမ်းသာပြီး လုံခြုံစွာပညာသင်ကြားနိုင်ရေးအတွက် အုတ်တံတိုင်းအသစ်ကာရံပေးပါရန် အစီအစဉ် ရှိ /မရှိ၊ 

          (၃)     ဆရာ ဆရာမများနေထိုင်ရန် လုံခြုံပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် ဝန်ထမ်းအိမ်ရာ များဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ /မရှိနှင့် 

          (၄)     ကျောင်းစာသင်ခန်းများ၊ ကျောင်းစာကြည့်တိုက်ခန်းများ၊ ဆရာ ဆရာများ၏ရုံးခန်း များနှင့် နားနေခန်းများ စသည်တို့ လုံလောက်စွာဖြင့် ပညာရေးသင်ကြားနိုင်ရေးအတွက် အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေ အကျယ်ရှိသော RC နှစ်ထပ်ကျောင်းဆောင်သစ် တစ်ဆောင်ကို ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် သို့မဟုတ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် များတွင် ဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်များတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ပညာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးနေမျိုးလှိုင် က

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုင်းရှူးမြို့နယ်အတွက် ကျောင်းများလုံခြုံမှုရှိစေရေး  အုတ်တံတိုင်း များဆောင်ရွက်ခြင်းလုပ်ငန်းနှစ်ခု၊ စာကြည့်တိုက်များ အသစ်ဆောက်လုပ်ခြင်းလုပ်ငန်းတစ်ခု လုပ်ငန်း သုံးခုအတွက် ခွင့်ပြုရန်ပုံငွေ ကျပ် ၂၁၆.၆ သန်းဖြင့် လက်ရှိလုပ်ငန်းများဆောင်ရွက်လျက်ရှိပါ ကြောင်း၊ မိုင်းရှူးမြို့နယ်၊ မိုင်းအော့အခြေခံပညာအထက်တန်းကျောင်း(ခွဲ)မှာ မူလတန်းအဆင့် ကျောင်းသား ၁၆၂ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၇၉ ဦး စုစုပေါင်း ကျောင်းသားဦးရေ  ၂၄၁ ဦး ရှိပြီး စာသင်ကျောင်းဆောင်နှစ်ဆောင်ရှိပြီး စာသင်ခန်း ၁၀ ခန်းနှင့် ပညာသင်ယူမှုလုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ ကျောင်းသားဦးရေအရ စာသင်ခန်း ၃ ခန်း လိုအပ်လျက်ရှိသည်ကို လည်း တွေ့ရပါကြောင်း၊ ထို့ကြောင့် မိုင်းရှူးမြို့နယ်၊ မိုင်းအော့အခြေခံပညာ အထက်တန်းကျောင်း (ခွဲ) မှာ ကျောင်းသားဦးရေအရ လိုအပ်နေသည့် စာသင်ခန်းများအတွက် ၁၂၀ x ၃၀ ပေ RC တစ်ထပ် ကျောင်းဆောင်ကို အသစ်ဆောက်လုပ်နိုင်ရန်အတွက်နှင့် အဆိုပါကျောင်းတွင်  ၁၅၀ x ၂၅ ပေ အုတ်ညှပ်နှစ်ထပ်ဆောင် သွပ်မိုးပေါက်ပြဲပြီး မိုးယိုနေသည့်နေရာကို အကြီးစားပြုပြင် ဆောင်ရွက်နိုင် ရန် နှင့် ကျောင်းပိုင်မြေ ၁.၁၆၈ ဧက ရှိသည့် လိုအပ်နေသည့် ၂၈၀ ပေအုတ်တံတိုင်းကာရံရန် စသည့် လုပ်ငန်းများကို လာမည့်ဘဏ္ဍာရေးနှစ်များတွင် ရန်ပုံငွေရရှိမှုအပေါ်မှာ ပြည်နယ်တန်းစီဇယားဖြင့် လျာထားဆောင်ရွက်သွားမှာဖြစ်ပါကြောင်း၊ ကျောင်းအုပ်အပါအဝင် ပညာရေးဝန်ထမ်း ၁၇ ဦးရှိပြီး ရပ်ဝေးဒေသမှ လာရောက်တာဝန်ထမ်းဆောင်သူ ၁၁ ဦးရှိသည့်အတွက် ကိုယ်ထူကိုယ်ထဖြင့် ဆောက် ထားသည့် ၂၀ ပေပတ်လည် ဝန်ထမ်းအိမ်ရာ ၃ လုံးအနက် တချို့ကိုပြင်ပြီး တချို့ကိုဖျက်၍ အသစ် ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ၉၀ x ၃၀ ပေ တစ်လုံးကို လာမည့်ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးနှင့် ပြည်နယ်တန်းစီဇယားဖြင့် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။