MY EN

(ခ)- ဒေါက်တာဌေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)

2026-10-07
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာဌေးဝင်း (အင်္ဂပူ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အင်္ဂပူမြို့နယ်ရှိ ထူးကြီးဒေသ၊ ချောင်းခွ၊ ညောင်ပင်ကြီးကွင်း၊ တစ်တီတူးကွင်း စသည့်ကျေးရွာအုပ်စု များ၌ လျှပ်စစ်မီးရရှိရေး ဆောင်ရွက်ရန်အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသအတွင်းရှိသည့် ချောင်းခွအုပ်စုတွင် ချောင်းခွ၊ အရိုးကုန်း၊ ကညွတ်ကွင်း၊ တောဇာကုန်းနှင့် ထောက်ကြံ့ကွင်းစသည်ဖြင့် ကျေးရွာ ၅ ရွာ၊ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စုတွင် ညောင်ပင်ကြီးကွင်း၊ ဘန့်ဘွေးကုန်း၊ ဂုံမင်းကွင်း၊ မကျီးပင်ဆိပ်၊ ရှားတော၊ လက်ပံခုံ စသဖြင့် ကျေးရွာခွဲ ၆ ရွာ၊ တစ်တီတူးကွင်းကျေးရွာအုပ်စုတွင် တစ်တီတူးကွင်း၊ လယ်ကြီးကွင်း၊ ငါးပြေမအင်း စသည်ဖြင့် ကျေးရွာခွဲ ၃ ရွာ စုစုပေါင်း ကျေးရွာအုပ်စု ၃ ခုတွင် ကျေးရွာခွဲပေါင်း ၁၄ ရွာ၊ အိမ်ခြေပေါင်း ၁,၁၇၇ အိမ်၊ လူဦးရေ ၄၆,၅၃ ဦးရှိ၍ တစ်ဆက်တည်း လျှပ်စစ်မီးသုံးစွဲလိုသူပေါင်း၊ အိမ်ခြေပေါင်းသည် ၅၇၁ အိမ်ရှိပါကြောင်း၊ လျှပ်စစ်မီးရရှိရန် ဆန္ဒပြင်း ပြလျက် လျှပ်စစ်မီးမရှိသည့်အတွက် ညောင်ပင်ကြီးကွင်း အ.ထ.က ခွဲ ကျောင်းတွင်ရှိသည့် ကျောင်း သား ကျောင်းသူများ စာပေသင်ကြားရာ၌ အခက်အခဲများရှိခြင်း၊ ဒေသခံပြည်သူများ စီးပွားရေး၊ ကျန်းမာရေးနှင့် လုံခြုံရေးလုပ်ငန်းများအတွက် လျှပ်စစ်မီးလိုအပ်ခြင်းစသည့် ဒုက္ခပေါင်းစုံနှင့် ကြုံတွေ့ ရပါကြောင်း။

ထို့အပြင် နယ်မြေချင်းဆက်စပ်သည့် မြန်အောင်မြို့နယ်အပါအဝင် တခြားမြို့ရွာများ တွင် လျှပ်စစ်မီးများ ပြည့်စုံစွာရရှိပြီဖြစ်သည့်အတွက် ဒေသခံများအနေနှင့် ပိုမိုဆန္ဒပြင်းပြ သည် ဖြစ်ပါကြောင်း၊  အဆိုပါ ချောင်းခွအုပ်စု၊ ညောင်ပင်ကြီးကွင်းအုပ်စုနှင့် တစ်တီတူးကွင်းအုပ်စု ကျေးရွာ များသို့ လျှပ်စစ်မီးဆွဲယူရန် အင်္ဂပူဓာတ်အားခွဲရုံမှ ပို့လွှတ်သည့် 11 KVA ဓာတ်အား လိုင်း သည် နီးကပ်လျက်ရှိ၍ အဝေးဆုံးကျေးရွာသည် ၂ မိုင်အတွင်းရှိပါကြောင်း၊ ထို့အပြင် လိုအပ်သည့် ရွာအတွင်း သွယ်တန်းရန် ၄၀၀ ဗို့အားလိုင်းအတွက် ဓာတ်တိုင်၊ မီးကြိုးသွယ်တန်းခစသည် များအတွက် ကျေးရွာလူထုမှ ကုန်ကျခံမည်ဖြစ်၍ ကျေးရွာအုပ်စုအလိုက် လျှပ်စစ်မီးလင်းရေး ကော်မတီများလည်း ဖွဲ့စည်းပြီး ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနမှ အဆိုပါ ကျေးရွာအုပ်စု ၃ ခု၊ ကျေးရွာခွဲ ၁၄ ရွာအတွက် ဘဏ္ဍာရေးနှစ်အလိုက် လျှပ်စစ်မီးရရှိရန် ဆောင်ရွက် ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိနှင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆက်သွယ်ဆောင်ရွက်ပေးမည်ကို မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က 

ဧရာဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့နယ်၊ ထူးကြီးဒေသရှိ ချောင်းခွကျေးရွာအုပ်စုတွင် ကျေးရွာ ၅ ရွာ၊ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၆ ရွာနှင့် တစ်တီတူးကွင်းကျေးရွာအုပ်စုတွင် ကျေးရွာ ၃ ရွာ စုစုပေါင်း ကျေးရွာ ၁၄ ရွာရှိ၍ အဆိုပါကျေးရွာ ၁၄ ရွာအနက် ညောင်ပင်ကြီးကွင်း ကျေးရွာအုပ်စု၊ ဘန့်ဘွေးကုန်းကျေးရွာနှင့် တစ်တီတူးကွင်းကျေးရွာအုပ်စု၊ တစ်တီတူးကွင်းကျေးရွာ တို့သည် ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးထားပြီး ဖြစ်ပါကြောင်း၊ ထူးကြီးဒေသ၊ ချောင်းခွ ကျေးရွာအုပ်စုတွင်ရှိသည့် အရိုးကုန်း(မရိုးကုန်း)၊ ကညွတ်ကွင်းနှင့် တောဇာကုန်း၊ ထောက်ကြံ့ကွင်းကျေး ရွာများ ဓာတ်အား ရရှိရန်အတွက် မြန်အောင်ဓာတ်အားပေးစက်ရုံ၏ ၁၁ ကေဗွီ အင်ပင်ဖီဒါမှတဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများဖြင့် အဆင့်ဆင့်ချိတ်ဆက် တည်ဆောက်၍လည်းကောင်း၊ ချောင်းခွ ကျေးရွာ အုပ်စု၊ ချောင်းခွကျေးရွာ၊ ညောင်ပင်ကြီးကွင်းကျေးရွာအုပ်စု၊ ညောင်ပင်ကြီးကွင်း ကျေးရွာ၊ ဂုံမင်းကွင်း ကျေးရွာ၊ မကျီးပင်ဆိပ်ကျေးရွာ၊ ရှားတောကျေးရွာ၊ လက်ပံခုံကျေးရွာနှင့် တစ်တီတူးကွင်း ကျေးရွာ အုပ်စု၊ လယ်ကြီးကွင်းကျေးရွာ၊ ငါးပြေမအင်း (ငါးပြေမ-တောင်) ကျေးရွာများ ဓာတ်အား ရရှိရန် အတွက် အင်္ဂပူမြို့ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ အင်္ဂပူဓာတ်အားခွဲရုံ၏ ၁၁ ကေဗွီ အင်္ဂပူ+မဲဇလီ+ ထူးကြီး ဓာတ်အားလိုင်းမှတဆင့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများဖြင့် အဆင့်ဆင့် ချိတ်ဆက် တည်ဆောက်၍လည်းကောင်း ဓာတ်အား ရယူရမည် ဖြစ်ပါကြောင်း။

လက်ရှိဓာတ်အားပေးလျက်ရှိသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်းများမှ ကျေးရွာ အများအပြားသို့ ၁၁ ကေဗွီဓာတ်အားလိုင်းများ အဆင့်ဆင့်ချိတ်ဆက်ပြီး ဓာတ်အားပေးနိုင်ရန် အတွက် လျာထားဆောင်ရွက်သည့်အခါ လက်ရှိ ၁၁ ကေဗွီ ဓာတ်အားလိုင်းနှင့် အနီးအဝေး အစီအစဉ်အလိုက်အတိုင်းစိစစ်၍ အနီးဆုံးကျေးရွာမှစတင်၍ ဦးစားပေးဘဏ္ဍာငွေ လျာထားပြီး ခွဲဝေဆောင်ရွက်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်၍ အင်္ဂပူမြို့နယ်ရှိ ထူးကြီးဒေသ၊ ချောင်းခွကျေးရွာ အုပ်စု၊ ညောင်ပင်ကြီးကွင်းအုပ်စု၊ တစ်တီးတူးကွင်းအုပ်စုတို့မှ မီးလင်းရန်ကျန်ရှိသည့် ကျေးရွာ ၁၂ ရွာ ဓာတ်အားရရှိရန်အတွက် ၁၁ ကေဗွီ ဓာတ်အားလိုင်း ၆.၇၆ မိုင်နှင့် ၁၁/၀.၄ ကေဗွီ၊ ထရန်စဖော်မာ ၁၂ လုံး တည်ဆောက်ခြင်းလုပ်ငန်းသည် တိုင်းဒေသကြီးအစိုးရအဖွဲ့ ငွေလုံးငွေရင်းရန်ပုံငွေမှ ဘဏ္ဍာငွေ ခွဲဝေရရှိမှုအပေါ်မူတည်၍ အဆင့်ဆင့်လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ကျေးရွာ များတွင်ရှိသည့် ၄၀၀ ဗို့ဓာတ်အားလိုင်း တည်ဆောက်ခြင်းလုပ်ငန်းများသည် ကျေးရွာမှ ကိုယ်ထူ ကိုယ်ထ ဆောင်ရွက်ရန်လိုအပ်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။