မဟာဓာတ်အားလိုင်း ၆၆ KV လိုင်းအား ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တီးတိန်မြို့သည် ချင်းပြည်နယ်(မြောက်ပိုင်း)တွင် တည်ရှိပြီး ပင်လယ်ရေမျက်နှာပြင် ၅,၆၆၇ ပေအမြင့်တွင် တည်ရှိပါကြောင်း၊ တီးတိန်မြို့ကို ၂၇-၂-၁၉၈၄ ရက်မှစ၍ မြို့၏အရှေ့မြောက်ဘက် ၇ မိုင်ခန့်အကွာတွင် တည်ရှိသည့် ကနေဒီတောင်ခြေရင်းတွင် ဇာလွီးရေအားလျှပ်စစ်စက်ရုံ တည်ဆောက်ခဲ့ပြီး ၂၀၀ ကီလိုဝပ် ၂ လုံးဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးခဲ့ပါကြောင်း။
တီးတိန်မြို့နယ်သည် လက်ရှိ ဓာတ်အားရရှိမှုသည် ၀.၅ မဂ္ဂါဝပ်ခန့်ဖြစ်ပြီး ဓာတ်အားလိုအပ်ချက်မှာ ၁.၅ မဂ္ဂါဝပ်ဖြစ်ပါကြောင်း၊ ဇာလွီးရေအားလျှပ်စစ်စက်ရုံတွင် ၃၂၀ ကီလိုဝပ်ခန့်နှင့် ဒီဇယ်စက် ၃၀၀ ကေဗွီမှလည်း လျှပ်စစ်ဓာတ်အားအများဆုံး ၁၈၀ ကီလိုဝပ်ခန့်သာ ထုတ်ယူနိုင်ပြီး ရေအားနှင့် ဒီဇယ် စက်စုစုပေါင်း ဓာတ်အားဖြန့်ဖြူးနိုင်မှု ၅၀၀ ကီလိုဝပ်ခန့်သာဖြစ်ပါကြောင်း၊ ဇာလွီးရေအားလျှပ်စစ်မှ ၂၀၀ ကေဗွီ ၂ လုံးဖြင့် တီးတိန်မြို့ပေါ်နှင့် ကျေးရွာ ၃ ရွာဖြစ်သော ငင်နုံးကျေးရွာ၊ တက်လွီးကျေးရွာ၊ လိုင်လိုးကျေးရွာများကိုလည်း တီးတိန်မြို့နည်းတူ အလှည့်ကျ ဓာတ်အားဖြန့်ဖြူး လျက်ရှိပါကြောင်း။
တီးတိန်မြို့နှင့် ကျေးရွာ ၃ ရွာ ဓာတ်အား ဖြန့်ဖြူးရာတွင် အပိုင်း ၃ ပိုင်းခွဲ၍ ဓာတ်အားဖြန့်ဖြူး လျက်ရှိရာ ၃ ရက်လျှင် တစ်ကြိမ်သာ ဓာတ်အားရရှိကြောင်း၊ ဓာတ်အားဖြန့်ဖြူးရာတွင် နွေ၊ မိုး၊ ဆောင်း ရေရရှိမှုအခြေအနေပေါ်မူတည်၍ ဓာတ်အားဖြန့်ဖြူးသောအချိန်များ ကွဲပြားပါကြောင်း၊ ဇူလိုင်လမှ နိုဝင် ဘာလအထိ ရေများသော အချိန်များတွင် ဇာလွီးရေအားလျှပ်စစ်သည် ၂၄ နာရီအပြည့် မလည်ပတ် နိုင်သဖြင့် ၂ ရက်ခြား ဓာတ်အားပေးနေရကြောင်း၊ ဒီဇင်ဘာလမှ ဇန်နဝါရီလအထိ ရေနည်းသော ကြောင့် ရေစုချိန်မှာ ၄ နာရီဖြစ်ပြီး ၂ ရက်ခြား၍ နာရီ ၂၀ ထိ ဓာတ်အားဖြန့်ဖြူးနိုင်သော်လည်း မတ်လမှ ဇွန်လအထိ ရေ အလွန်နည်းပါးမှုကြောင့် တစ်ရက်လျှင် ၃ ကြိမ် ရေစုပြီး ရေတစ်ခါစုလျှင် ရေကန်ပြည့်ရန် ၄ နာရီ ကြာမြင့်၍ ရေတစ်ခါစုပါမှ ၂ နာရီသာ ဓာတ်အားဖြန့်ဖြူးနိုင်ပါသဖြင့် ၁ ရက် လျှင် လျှပ်စစ်ဓာတ်အား ၆ နာရီခန့်သာ ဖြန့်ဖြူးနိုင်ကြောင်း။
တီးတိန်မြို့နယ် လျှပ်စစ်ဓာတ်အားတိုးမြှင့်နိုင်ရန်အတွက် အသေးစားရေအားလျှပ်စစ် ဘဲတန် ချောင်း ၁ မဂ္ဂါဝပ်နှင့် လိုင်ဘုန်ချောင်း ၁၄၃ ကီလိုဝပ်တို့အား တည်ဆောက်နိုင်ရေးအတွက် စူးစမ်း တိုင်းတာခြင်းလုပ်ငန်းကို ပြည်နယ်အစိုးရမှ ၂၀၂၅-၂၀၂၆ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ထားပြီး ဆက်လက်အကောင်အထည်ဖော်နိုင်မည်ဆိုပါက တီးတိန်မြို့နှင့်ကျေးရွာများအပြင် တွန်းဇံမြို့နှင့် ကျီခါးမြို့များအထိ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်မည်ဖြစ်ပါကြောင်း၊ ချင်းပြည်နယ်(မြောက်ပိုင်း)တွင် မဟာဓာတ်အားလိုင်းမရောက်ရှိသေးသော မြို့များအဖြစ် တီးတိန်၊ တွန်းဇံ၊ ဗွီခေါတန်နှင့် ကျီခါးမြို့နယ်ခွဲများ ရှိနေပါကြောင်း၊ တီးတိန်မြို့နယ်အတွင်း၌ ကျေးရွာအုပ်စု ၅၅ အုပ်စုရှိပြီး လျှပ်စစ်ဓာတ်အား ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးနိုင်ပါက မဟာဓာတ်အားလိုင်း National Grid မှတစ်ဆင့် နွေ၊ မိုး၊ ဆောင်း ၁၂ ရာသီကာလပတ်လုံး လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိနိုင်မည်ဖြစ်ပါကြောင်း။
ထို့အပြင် တီးတိန်မှတစ်ဆင့် တွန်းဇံ၊ တွန်းဇံမြို့မှတစ်ဆင့် ကျီခါး၊ တီးတိန်မြို့မှ ရီခေါတာ စတဲ့မြို့များသို့ ဓာတ်အားသွယ်တန်းနိုင်မှာဖြစ်တဲ့အပြင် တီးတိန်မြို့နယ်၊ တွန်းဇံမြို့များသည်လည်း မဟာဓာတ်အားလိုင်းမှတစ်ဆင့် လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိမည်ဖြစ်ပါကြောင်း၊ အသေးစား ရေအားလျှပ်စစ်စက်ရုံများတွင် မိုးရာသီအတွင်း၌ ၂၄ နာရီလည်ပတ်နိုင်ပြီး နွေရာသီတွင် ရေအလွန် နည်းပါးသဖြင့် ရေသိုလှောင်စုဆောင်းပြုစုစနစ်ဖြင့် လျှပ်စစ်ဓာတ်အားများကို ထုတ်ယူနေရသဖြင့် ဓာတ်အားဖြန့်ဖြူးနေရသည့်အတွက် ၁၂ ရာသီပတ်လုံး ဓာတ်အားအပြည့် မရရှိနိုင်ဖြစ်နေပါကြောင်း၊ သို့ဖြစ်ပါ၍ တီးတိန်မြို့နယ်နှင့် ကျေးရွာများ လျှပ်စစ်ဓာတ်အားအပြည့်အဝရရှိနိုင်ရေးအတွက် မဟာ ဓာတ်အားလိုင်း ၆၆ ကေဗွီဓာတ်အားလိုင်းသည် ကလေးမြို့မှ တီးတိန်မြို့သို့ သွယ်တန်းပေးရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးအေးကျော် က
တီးတိန်မြို့ကို လက်ရှိကာလတွင် ၃၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၁ လုံးနှင့် ဇာလွီး အသေးစားရေအားလျှပ်စစ်စက်ရုံ ၂၀၀ ကေဗွီ ၂ လုံးဖြင့် မြို့ပေါ် ၄ ရပ်ကွက်၊ ကျေးရွာ ၃ ရွာနှင့် ဌာနဆိုင်ရာရုံးများရှိ မီးသုံးသူဦးရေ ၃,၀၁၈ ဦးအား နေ့စဉ် ညပိုင်း ၂ နာရီခွဲကိုလည်းကောင်း၊ ဆေးရုံနှင့် အခြားအရေးကြီးနေရာများကို နေ့စဉ် ၂၄ နာရီအားဖြင့်လည်းကောင်း လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ပေးလျက်ရှိပါကြောင်း၊ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် တီးတိန်မြို့ကို မဟာဓာတ်အား လိုင်းစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် ၆၆ ကေဗွီ ကလေး - တီးတိန် - သိုင်းငင် ဓာတ်အားလိုင်း မိုင် ၄၀ နှင့် ၆၆ ကေဗွီ ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းကို ၂၁.၁.၂၀၂၀ ရက်တွင် ချေးငွေစာချုပ်လက်မှတ်ရေးထိုးပြီး JICA ချေးငွေစီမံကိန်းအသစ်တွင် ထည့်သွင်း လျာထားခဲ့သော်လည်း ချေးငွေစီမံကိန်းအသစ်သည် အကောင်အထည်ဖော်နိုင်ခြင်းမရှိဘဲ ဆိုင်းငံ့ လျက်ရှိပါသဖြင့် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ညှိနှိုင်းတောင်းဆိုမှုအရ တီးတိန်မြို့သို့ မဟာ ဓာတ်အား လိုင်းစနစ် အမြန်ဆုံးရောက်ရှိနိုင်စေရေးအတွက် ၆၆ ကေဗွီ ကလေး-သိုင်းငင် - တီးတိန် ဓာတ်အား လိုင်း ၄၀ မိုင် တည်ဆောက်ခြင်းအစား လျှပ်စစ်ဓာတ်အား ရောက်ရှိပြီးဖြစ်သည့် ၆၆ ကေဗွီ ဂန့်ဂေါ - ဟားခါး - ဖလမ်း - သိုင်းငင် ဓာတ်အားလိုင်းမှ ချိတ်ဆက်ပြီး ၆၆ ကေဗွီ သိုင်းငင် - တီးတိန် ဓာတ်အား လိုင်း ၁၆.၃ မိုင်နှင့် ၆၆ ကေဗွီ တီးတိန်ဓာတ်အားခွဲရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်မှ စတင်လျာထားဆောင်ရွက်ခဲ့ပါကြောင်း။
၆၆ ကေဗွီ တီးတိန်ဓာတ် အားခွဲရုံအတွက် မြို့ပြပိုင်းအကြိုလုပ်ငန်းများဖြစ်သည့် မြေပြုပြင်ခြင်း၊ ဓာတ်အားထိန်းချုပ်အဆောက်အဦဆောက်လုပ်ခြင်း၊ ရေရရှိရေးလုပ်ငန်းနှင့် ကွန်ကရစ် လမ်းခင်းခြင်းလုပ်ငန်းများအတွက် ကျပ် ၂၅၆.၁၂၃ သန်းအား ချင်းပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် အထွေထွေပိုလျှံရန်ပုံငွေဖြင့် စတင်ဆောင်ရွက်ခဲ့ပါကြောင်း၊ ၆၆ ကေဗွီ ဓာတ်အား လိုင်း ၁၆.၃ မိုင် တည်ဆောက်ခြင်းအတွက် ပြည်ထောင်စုရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ပထမအသုတ် တာဝါတိုင်များအား ကျပ် ၁,၂၉၂.၉၂ သန်းဖြင့်လည်းကောင်း၊ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေး နှစ်တွင် ဒုတိယအသုတ် တာဝါတိုင်များ၊ ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ထရန်စဖော်မာနှင့် ဓာတ်အား ခွဲရုံပစ္စည်းများကို ကျပ် ၄,၆၇၅.၀၇၉ သန်းဖြင့်လည်းကောင်း စုစုပေါင်း ကျပ် ၅,၉၆၇.၉၉၉ သန်းဖြင့် တင်ဒါခေါ်ဝယ်ယူခဲ့သော်လည်း နယ်မြေအခြေအနေအရ လုပ်ငန်းခွင်နေရာသို့ ပစ္စည်းပေးပို့နိုင်ခြင်း မရှိသေးသဖြင့် နေပြည်တော်၊ ဌာနစတိုမှာ ပစ္စည်းများစုဆောင်းထိန်းသိမ်းထားရှိပြီး တည်ဆောက်ရေး လုပ်ငန်းများ လျာထားဆောင်ရွက်ခြင်းအား ခေတ္တရပ်နားထားခဲ့ရပါကြောင်း။
ကျန်ရှိသည့် တတိယအသုတ် တာဝါတိုင်နှင့်ဆက်စပ်ပစ္စည်းများ၊ ဓာတ်အားခွဲရုံ ဆက်စပ်ပစ္စည်း များနှင့် ဓာတ်အားလိုင်းနှင့် ဓာတ်အားခွဲရုံ မြို့ပြနှင့်လျှပ်စစ်ပိုင်းဆိုင်ရာ တည်ဆောက်စရိတ်များ အတွက် ကျပ် ၆,၂၆၆.၀၂ သန်းအား ထပ်မံလျာထား ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ပြီး လတ်တလော နယ်မြေအခြေအနေအရ ပစ္စည်းများပို့ဆောင်ခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း အား ဆက်လက်လျာထားဆောင်ရွက်နိုင်ခြင်း မရှိသေးပါသဖြင့် နယ်မြေအခြေအနေအရ လုပ်ငန်း ဆောင်ရွက်နိုင်သည့်အခါ ကျန်ရှိပစ္စည်းများ အပြီးသတ်ဝယ်ယူခြင်းနှင့် တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်ထောင်စုရန်ပုံငွေဖြင့် ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။