နောက်ဆုံးရသတင်းများ
MY EN

(စ)- ဦးသန်းဝင်းထွန်း(ရွှေဘိုမဲဆန္ဒနယ်)

2026-10-06
တတိယအကြိမ်
ပြည်ထဲရေးဝန်ကြီးဌာန
မေးခွန်း
ဦးသန်းဝင်းထွန်း(ရွှေဘို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

နေရပ်စွန့်ခွာပြည်သူများ မိမိနေရပ်၌ နေထိုင်လုပ်ကိုင်စားသောက်နိုင်ရေးနှင့် ပြည်လည်ထူထောင်းရေး လုပ်ငန်းများအား မည်ကဲ့သို့ ကူညီဆောင်ရွက်မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရွှေဘိုမြို့နယ်သည် စစ်ကိုင်တိုင်း ဒေသကြီးအတွင်းတွင်တည်ရှိပြီး အရှေ့မှအနောက် ၃၃ မိုင်၊ တောင်မှမြောက် ၁၂ မိုင်ရှည်လျားပြီး ဧရိယာ ၄၁၂.၁၉ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့ပေါ်ရပ်ကွက် ၁၄ ခု၊ ကျေးရွာအုပ်စု ၇၂ အုပ်စု၊ ကျေးရွာပေါင်း ၁၆၉ ရွာ၊ အိမ်ခြေ ၆၀,၈၆၄ အိမ်၊ အိမ်ထောင်စု ၆၉,၉၁၃ စုရှိကာ လူဦးရေ ၂၈၉,၃၄၈ ဦး မှီတင်းနေထိုင်လျက်ရှိတဲ့ မြို့နယ်ကြီးတစ်ခုဖြစ်ပါကြောင်း၊ လယ်မြေဧရိယာ ၁၁၇၁၂၄ ဧက၊ ယာမြေ ၇၆,၀၇၃ ဧက၊ ကိုင်းကျွန်းမြေ ၁,၅၅၆ ဧကနှင့် ဥယျာဉ်မြေ ၂၉ ဧက စုစုပေါင်းစိုက်ပျိုးမြေဧရိယာ ၁၉၄,၇၈၂ ဧကရှိပြီး စပါး၊ ပဲ၊ ပြောင်း၊ နှမ်း၊ ဝါ၊ ကြံနှင့်သီးနှံမျိုးစုံထွက်ရှိတဲ့ ဒေသဖြစ်ပြီး အများစုက ဆန်၊ စပါးထွက်ရှိမှာဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များအနက် စီးပွားရေးအချက်အချာကျသော မြို့နယ် တစ်ခုလည်းဖြစ်ပြီး မြို့နယ်အတွင်းတွင် နေထိုင်သူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကျေးလက်ဒေသတွင် နေထိုင်ပြီး စိုက်ပျိုးရေးလုပ်ငန်းများဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပါကြောင်း၊ ၃၀ ရာခိုင်နှုန်းမှာ မြို့ပြတွင်နေထိုင်ပြီး စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အသေးစားကုန်ထုတ်လုပ်ငန်း များဖြင့် အသက်မွေးဝမ်းကျောင်းပြုလျက်ရှိပြီး တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်သော မြို့နယ်တစ်ခုလည်း ဖြစ်ကြောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေး ဖြစ်စဉ်နှင့်အတူ ပေါ်ပေါက်လာခဲ့သော အကြမ်းဖက်အဖွဲ့များ၏ အစွန်းရောက်လုပ်ရပ်များကြောင့် မြို့နယ်အတွင်းရှိ အချို့သောကျေးရွာ များတွင် တည်ငြိမ်အေးချမ်းမှုပျက်ဆီးသွားရပြီး အကြမ်းဖက်အဖွဲ့များက ၎င်းတို့နှင့် အမြင်မတူသူ၊ ဝါဒမတူသူများအား လက်နက်အားကိုးဖြင့် ဖမ်းဆီးသတ်ဖြတ်ခြင်း၊ ညှင်းပန်းနှိပ်စက်ခြင်း၊ အိုးအိမ်စည်းစိမ်များကို အတင်းအဓမ္မသိမ်းယူခြင်းနှင့် ဖျက်ဆီးခြင်းများ ပြုလုပ် ခဲ့သောကြောင့် အပြစ်မဲ့ ပြည်သူများမှာ မိမိတို့၏အိုးအိမ်များကိုစွန့်ခွာ၍ ဘေးလွတ်ရာမြို့ပေါ်များသို့ တိမ်းရှောင်နေထိုင်ခဲ့ ကြရပါကြောင်း၊ အကြမ်းဖက်မှုဘေးမှလွတ်ရာ အေးချမ်းသောမြို့များပေါ်တွင် တိမ်းရှောင်နေစဉ် နိုင်ငံတော်အစိုးရနှင့် အသင်းအဖွဲ့များမှ လှူဒါန်းသောအစားအသောက်၊ လူ့အသုံးအဆောင် ပစ္စည်း များနှင့် ငွေကြေးတို့ကိုထောက်ပံ့ကူညီခဲ့သည့်အတွက်လည်း အထူးပင်ကျေးဇူးတင် လျက်ရှိကြောင်း။

အကြမ်းဖက်များကြီးစိုးနေသော ကျေးရွာများတွင် တိမ်းရှောင်ရန်အခက်အခဲရှိကြသည့် ပြည်သူ အနည်းငယ်နှင့် အများစုမှာ ၎င်းတို့အား ထောက်ခံအားပေးသော မိသားစုများသာ ကျန်ရှိနေပြီး တိမ်းရှောင်သွားသည့် မိသားစုများ၏အိုးအိမ်နှင့်လယ်ယာမြေများကို သိမ်းယူ၍လုပ်ကိုင် စားသောက် နေကြပါကြောင်း၊ မူလမြေပိုင်၊ ယာပိုင်၊ အိုးပိုင်၊ အိမ်ပိုင်မိသားစုအများစု မှာ အရပ်ဒေသအသီးသီးသို့ ရောက်ရှိကာ ဆင်းရဲဒုက္ခမျိုးစုံကြုံတွေ့နေကြရပြီး တိမ်းရှောင်ရန် အခက်အခဲရှိသည့် ကျန်ရှိနေသော ပြည်သူတချို့မှာလည်း သားသမီးများကို အခြားမြို့များသို့ ပညာ သင်ကြားရန် ပို့ဆောင်ထားရှိကြရာ အကြမ်းဖက်အစွန်းရောက်များမှ ကျောင်းနေကျောင်းသားများကို ပညာမသင်ကြားနိုင်အောင်ပြန်လည် ခေါ်ဆောင်စေပြီး မခေါ်ပါက ငွေညှစ်ခြင်း၊ ခြိမ်းခြောက်အကျပ် ကိုင်ခြင်းများ ပြုလုပ်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်ရဲ့အနာဂတ်ကိုပါ ဖျက်ဆီးနေကြပြီး အကြမ်းဖက်အစွန်းရောက်များ၏ထိုသို့ပြုမူ လုပ်ကိုင်ဆောင်ရွက်နေမှုများကြောင့် ပြည်သူများမှာ စိတ်နှလုံးမရွှင်ပြုံးဖြစ်နေကြရသည်မှာ ၅နှစ်ကျော် ကာလသို့ ရောက်ရှိနေပြီဖြစ်ပါကြောင်း၊ အကြမ်းဖက်ရှောင် နေရပ်စွန့်ခွာပြည်သူများ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် ပြန်လည်သွားလာနေထိုင်လုပ်ကိုင်စားသောက်နိုင်ရေး ကျောင်းနေအရွယ်ကလေးများ လွတ်လပ်ပျော်ရွှင်စွာပညာသင်ကြားနိုင်ရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများအား မည်ကဲ့သို့ ကူညီ ဆောင်ရွက်ပေးသွားမည်ကို သိရှိလိုကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ပြည်ထဲရေးဝန်ကြီးဌာန၊ ဗိုလ်ချုပ်မင်းသူ ၊ ဒုတိယဝန်ကြီးက

နေရပ်စွန့်ခွာပြည်သူများ ၎င်းတို့နေရပ်ကိုစိတ်အေးချမ်းသာစွာသွားလာ လုပ်ကိုင်စားသောက် နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ လွတ်လပ်စွာ၊ ပျော်ရွှင်စွာ ပညာ သင်ကြားနိုင်ရေး တို့ကို ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် နယ်မြေ ရှင်းလင်းရေးနှင့် တရားဥပဒေစိုးမိုးရေး၊ အကြမ်းဖက်နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးအဖွဲ့များနှင့် အကြမ်းဖက်နှိမ်နင်းရေးအဖွဲ့ များနှင့် ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်တွင်းမှာ အခြေခံပညာအထက်တန်းကျောင်း ၂၁ ကျောင်း၊ အလယ်တန်းကျောင်း ၅၅ ကျောင်း၊ မူလတန်းကျောင်း ၁၀၁ ကျောင်း စုစုပေါင်း ၁၇၇ ကျောင်း ရှိပါကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ  ဒေသအခြေအနေအရ အခြေခံပညာအထက်တန်းကျောင်း ၁၀ ကျောင်း၊ အလယ်တန်းကျောင်း ၁၆ ကျောင်း၊ မူလတန်းကျောင်း ၂၉ ကျောင်း စုစုပေါင်း ၅၅ ကျောင်း သာဖွင့်လှစ်နိုင်ပြီး အထက်တန်းအဆင့်ကျောင်းသား ၂,၀၁၇ ဦး၊ အလယ်တန်းအဆင့်ကျောင်းသား ၅,၇၆၈ ဦးနှင့် မူလတန်းအဆင့်ကျောင်းသား ၁၇,၂၇၁ ဦး စုစုပေါင်း ၂၅,၀၅၆ ဦး ပညာသင်ကြား ပေးလျက်ရှိကြောင်း၊ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှာ အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပရောက်ရှိနေတဲ့ ကျောင်းနေအရွယ်ကလေးများကို ၎င်းတို့ရဲ့ အသက်အရွယ်အလိုက် အခြေခံပညာကျောင်းများမှာ အတန်းတက်ရောက်သင်ကြားနိုင်ရေးအတွက် Placement Test အထူးအစီအစဉ်ဖြင့် ဆောင်ရွက်ပေးခဲ့တဲ့အခါမှာ ရွှေဘိုမြို့နယ်မှာ အလယ်တန်းအဆင့်ကျောင်းသား ၇၉၃ ဦးနှင့် မူလတန်းအဆင့်ကျောင်းသား ၁,၁၃၄ ဦး စုစုပေါင်း ၁,၉၂၇ ဦး ပညာသင်ကြားခွင့်ရရှိခဲ့ ပါကြောင်း။

PDF အမည်ခံ အကြမ်းဖက်အုပ်စုများရဲ့ အကြမ်းဖက်လုပ်ရပ်များကြောင့် ရွှေဘိုခရိုင်အတွင်းမှာ  နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူ အိမ်ထောင်စု ၁၀၆၂ စု၊ ကျား ၁,၅၂၂ ဦး၊ မ ၂,၅၆၂ ဦး စုစုပေါင်း ၄,၀၈၄ ဦးအတွက်ကို ၎င်းတို့အား ၂၀၂၅ ခုနှစ်အတွင်းမှာ အမျိုးသားသဘာဝဘေးအန္တရာယ်စီမံ ခန့်ခွဲရေး ရန်ပုံငွေကနေပြီး တစ်ဦးလျှင် ၂၀,၀၀၀ ကျပ်နှုန်း တစ်လလျှင် ထောက်ပံ့ငွေကျပ် ၈၁.၆၈ သိန်းနှုန်းဖြင့် အောက်တိုဘာလ၊ နိုဝင်ဘာလ၊ ဒီဇင်ဘာလ ၃ လ ထောက်ပံ့ပေးခြင်းကိုဆောင်ရွက်ခဲ့ပါကြောင်း၊ ၂၀၂၆ ခုနှစ် အတွင်းမှာ ရွှေဘိုခရိုင်အတွင်း နေရပ်စွန့်ခွာနေထိုင်သူတွေအတွက် ၁၀,၅၀၀ ဦးအတွက်ကို တစ်ဦးလျှင် ဆန် ၇ ပြည်၊ ၄ ဗူးနှုန်းဖြင့် ဆန်အိတ် ၃,၁၅၀ အိတ်ကို WFP အစီအစဉ်ဖြင့် လအလိုက် ထောက်ပံ့ ပေးခဲ့ကြောင်း။

ရွှေဘိုခရိုင်အတွင်းမှာ နယ်မြေလုံခြုံအေးချမ်းရေး၊  တရားဥပဒေစိုးမိုးရေးအတွက် အကြမ်းဖက် နှိမ်နင်းရေးလုပ်ငန်းများကို တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်သူ့စစ်များ၊ ပြည်သူ့လုံခြုံရေးနှင့် အကြမ်းဖက်မှုနှိမ်နင်းရေးအဖွဲ့များနှင့်ပူးပေါင်းပြီး PDF အကြမ်းဖက်သောင်းကျန်းသူများကို တိုက်ခိုက် ချေမှုန်းလျက်ရှိပါကြောင်း၊ နယ်မြေဒေသတည်ငြိမ်အေးချမ်းမှုရရှိလာပါက နယ်မြေနေရပ်စွန့်ခွာပြည်သူများ ၎င်းတို့၏နေရပ်ဒေသကို ပြန်လည်ဝင်ရောက်နေထိုင်စေပြီး အေးချမ်းလုံခြုံစွာ နေထိုင်စားသောက် နိုင်ရေးအတွက် ကျောင်းနေအရွယ်ကလေးများ လွတ်လပ်ပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို တိုင်းဒေသကြီးအစိုးရကြီးကြပ်အဖွဲ့၊ တပ်မတော်ပူးပေါင်းဆောင်ရွက်မှု တို့နှင့် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပညာရေးဝန်ကြီးဌာနနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့တို့ရဲ့ ပေါင်းစပ်ဖြေကြားမှုနှင့်အတူ ပြန်လည်ဖြေကြားခဲ့ပါသည်။