နောက်ဆုံးရသတင်းများ
MY EN

(ခ)-ဦးခင်မောင်ဌေး(ပျဉ်းမနားမဲဆန္ဒနယ်)

2026-10-06
နေပြည်တော်ကောင်စီ
မေးခွန်း
ဦးခင်မောင်ဌေး (ပျဉ်းမနား မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အဝေရာဆည်တာဘောင်အနီးငလိုက်ချောင်းအားချောင်းဖြောင့်တူး‌ဖော်ရန် အစီအစဉ်ရှိ မရှိသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အဝေရာဆည်တာဘောင်အနီး ရေတိုက်စားသည့်အခါ ရွာ၏အစီအစဉ်များဖြင့် မျောတိုင် ရိုက်ခြင်း ဝါးကပ်ကာခြင်းများ ဆောင်ရွက်ရပါကြောင်း၊ ရေထပ်ပြီးတိုးလာသည့်အခါ တာဘောင်ကို တိုးလာပြီး ထပ်စားသည့်အတွက် နေပြည်တော် ကောင်စီအစီအစဉ်ဖြင့် သက်ဆိုင်ရာ ဆည်/မြောင်းဌာနနှင့် ပြည်သူများပေါင်းပြီး ထပ်ပြီးမျောတိုင်စိုက်ခြင်းနှင့် အကာအရံထပ်ပြီး လုပ်ထားပါကြောင်း၊ တာဘောင်အနီးအနားမှာ ငလိုက်ချောင်းသည် ကွေ့ပြီးပေါင်းလောင်းမြစ်ထဲကို စီးသွားပါကြောင်း၊ ၎င်းချောင်းကို တာဘောင်လုပ်မည့်အစား ချောင်းကို ဖြောင့်လိုက်မည်ဆိုလျှင် တာဘောင်မြေပြိုကျမည့်အန္တရာယ်ကနေ ကင်းလွတ်သွားနိုင်မည့် အနေအထားဖြစ်ပါကြောင်း။

ပျဉ်းမနားမြို့နယ်၊ ကျွန်းဦးရွာအရှေ့ဘက်တွင်ရှိသည့် ငလိုက်ချောင်းသည် ပေါင်းလောင်း မြစ်အတွင်းသို့ စီးဝင်သွားသည့်ချောင်းဖြစ်ပါကြောင်း၊ အဆိုပါ ငလိုက်ချောင်းကို ဆင်သေချောင်းမှ ချောင်းရေများစီးဆင်းဝင်ရောက်လာပြီး ငလိုက်ချောင်းရေနှင့်အတူ ပေါင်းဆုံပြီး အရှိန်အဟုန်ဖြင့် ပိုမိုအားကောင်းကာ ပေါင်းလောင်းမြစ်ထဲကို စီးဝင်သွားပါကြောင်း၊ ချောင်းရေ စီးဆင်းမှုကြောင့် ကျေးရွာများအတွင်း ရေဝင်နစ်မြုပ်မှုမရှိစေရန် တာဘောင်များလည်း တည်ဆောက် ထားသည်များ ရှိပါကြောင်း၊ သို့သော် အဝေရာဆည်တာဘောင်အနီး ဖြတ်သန်းစီးဆင်းနေသည့် ငလိုက်ချောင်း အနေဖြင့် ကွေ့ကောက်ပြီး ပေါင်းလောင်းမြစ်ထဲသို့ ချောင်းရေများစီးဆင်းသွားသည့် အတွက် တာဘောင် ပေ၃၀၀ ခန့် ချောင်းရေတိုက်စားမှုကြောင့်ယခုနှစ် ဩဂုတ်လ ဒုတိယအပတ်၌ တာဘောင်မြေသားများ ပြိုကျမှုဖြစ်ပေါ်ခဲ့ပါကြောင်း၊ လတ်တလော အဝေရာဆည်တာဘောင်ကျိုး ပေါက်မှု မဖြစ်စေရန် နေပြည်တော်ကောင်စီအစီအစဉ်ဖြင့် သက်ဆိုင်ရာဆည်/မြောင်းဌာနနှင့် ပြည်သူများ ပူးပေါင်းပြီး မျောတိုင်များ စိုက်ထူပြီး ဝါးကပ်များ ကာရံတားဆီးခြင်း လုပ်ငန်းများ ကို ဆောင်ရွက်ထားရှိခြင်း ဖြစ်ပါကြောင်း၊ ၎င်းအဝေရာဆည်တာဘောင်ကျိုးပေါက်သွားမည်ဆိုပါက တာဘောင်အနီးတွင်ရှိသည့် ပတ်ဝန်းကျင်ကျေးရွာများဖြစ်သည့် ကျွန်းဦးရွာ၊ စက်ရုံရွာ၊ နှမ်းတောရွာ၊ သစ်ဆိမ့်ပင်ရွာနှင့် ဇီးဖြူပင်ရွာ များသည် ငလိုက်ချောင်းမှ ချောင်းရေများ ရေဝင်နစ်မြုပ်ပြီး အန္တရာယ်ရှိမည်ဖြစ်ပြီး တောင်သူများ စိုက်ပျိုးထားသည့် လယ်ယာမြေလည်း ပျက်စီးသွားမည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပျဉ်းမနားမြို့နယ်အတွင်းရှိ ကျေးရွာ ၅ ရွာ ရေကြီးနစ်မြုပ်မှု ကင်းဝေး စေ ရန်နှင့် တောင်သူများစိုက်ပျိုးထားသည့် လယ်ယာများ ရေကြီးနစ်မြုပ်မရှိစေရန် အဝေရာ ဆည်တာပေါင် အနီး ကွေ့ကောက်စီးဆင်းနေသည့် ငလိုက်ချောင်းအား ချောင်းဖြောင့် တူးဖော ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ /မရှိကို သိလိုပါကြောင်းဖြင့်မေးပါသည်။

အဖြေ
အဖြေ

နေပြည်တော်ကောင်စီ၊ ကောင်စီဝင်၊ ဦးခင်မောင်လတ် က 

နေပြည်တော်အတွင်းရှိ ငလိုက်ချောင်းနှင့် ဆင်သေချောင်းသည် ပျဉ်းမနားမြို့နယ်၊ ညောင်ပင်သာ ရွာအနီးတွင်ပေါင်းဆုံ၍ ငလိုက်ချောင်း-ဆင်သေချောင်းအဖြစ် စီးဆင်းပြီး ချောင်းအောက်ပိုင်းတွင် ပေါင်းလောင်းမြစ်-စစ်တောင်းမြစ်အတွင်းသို့ ကွေ့ကောက်စီးဆင်းသွားသောချောင်းဖြစ်ပါသဖြင့် ဆင်သေ- ငလိုက်ချောင်းရေကြီးချိန်တွင် ရေကြီးရေလျှံမှုများ မဖြစ်ပေါ်စေရေးအတွက် ပေါင်းလောင်းရေလွှဲဆည် (အဝေရာဆည်)၏ လက်ယာဘက်ခြမ်းတွင် အလျား ၂၃,၂၀၀ ပေ၊ အမြင့် ၁၂ ပေရှိသည့် ရေလျှံထိန်း တာဘောင်တည်ဆောက်ထားပြီး ဆင်သေ-ငလိုက်ချောင်းသည် ရေလျှံထိန်းတာဘောင်၏ ပေတိုင် ၁၅,၀၀၀ ပေအနီးတွင် ကွေ့ကောက်စီးဆင်းလျက်ရှိပါကြောင်း၊ ယခင်က ဆင်သေ-ငလိုက်ချောင်းနှင့် ရေလျှံထိန်းတာဘောင်မှာ ပေ ၃၀၀ အကွာရှိသော်လည်း ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီတွင် ချောင်းရေ တိုက်စားမှုကြောင့် ရေလျှံထိန်းတာဘောင်အခြေအထိ ရောက်ရှိလာခဲ့သဖြင့် နေပြည်တော် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် အစပိုင်းတွင် ပေါင်းလောင်း ရေလွှဲဆည် ရေလျှံထိန်းတာဘောင် ရေတိုက်စားခံရမှုမှကာကွယ်ရန် အလျား ၁,၇၇၃ ပေ၊ အကျယ် ၄၂ ပေ၊ အနက် ၉ ပေ ဆင်သေချောင်းဖြောင့်ခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့ ဆောင်ရွက်ခဲ့ရာ ရေလျှံထိန်းတာဘောင် ရေတိုက်စားခံရမှု လျော့ပါးသက်သာသော်လည်း မိုးများ၍ ချောင်းရေကြီးချိန်တွင် ရေလျှံထိန်းတာဘောင်ဘက်သို့ လာရောက်သည့် ရေပမာဏများပြားသည့် အတွက် ကျေးရွာနှင့်ဌာနပူးပေါင်း၍ ရေလျှံထိန်းတာဘောင် ထိခိုက်ပျက်စီးမှုမရှိစေရေး ရေလွှဲတန်းနှင့်ရေကာတန်းရိုက်၍ယာယီကာကွယ်ခြင်းဆောင်ရွက်ခဲ့ပြီး ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်း ရေကြီးရေလျှံမှုလျော့နည်း သက်သာစေရေးနှင့် ရေလျှံထိန်းတာဘောင် ထိခိုက်ပျက်စီးမှုမရှိစေရေး အတွက် မိုးလေဝသနှင့် ရာသီဥတုအခြေအနေ၊ ရေစီးရေလာနှင့် ရေဝင်ရောက်မှုအခြေအနေတို့ကို စောင့်ကြည့်၍ ပေါင်းလောင်းရေလွှဲဆည် သဲထုတ်ရေတံခါးမှ ရေထိန်းညှိလျှော့ချခြင်းများ ဆောင်ရွက် ခဲ့ပါကြောင်း။

နေပြည်တော် ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆင်သေချောင်းရေလမ်းပိုင်း ၂၀ ၊ ဇီးကုန်းတံတားရေလမ်းပိုင်း ၂၃ ၊ ရှားစေးဖို ရေလမ်းနှင့် ရေလမ်းပိုင်း ၂၄ ၊ အေးမြင့်သာယာရေလမ်းတို့တွင် သောင်တူးဖော်ခြင်း၊ ချောင်းဖြောင့်ခြင်းနှင့် ကမ်းထိန်းလုပ်ငန်းများဆောင်ရွက်ရန် ပြည်ထောင်စုရန်ပုံငွေနှင့် နေပြည်တော်ကောင်စီရန်ပုံငွေတို့ ခွင့်ပြုပါရှိပြီးဖြစ်သဖြင့် ပွင့်လင်းရာသီတွင် လုပ်ငန်းများစတင်ဆောင်ရွက်ရန် စီစဉ်လျက်ရှိပြီး ဘဏ္ဍာရေးနှစ်အတွင်း ပြီးစီးအောင်ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ ကျွန်းဦးရွာ၊ စက်ရုံရွာ၊ နှမ်းတောရွာ၊ သစ်ဆိမ့်ပင်ရွာနှင့် ဇီးဖြူပင်ရွာစသည့် ကျေးရွာများရှိ ရေလမ်းပိုင်းသည် ငလိုက်ချောင်း -ဆင်သေ ချောင်းရေလမ်းပိုင်း ၂၈ ၊ ဆင်သေရေလမ်းတွင်ပါဝင်ပြီး နေပြည်တော ်ကောင်စီ၏ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရေကြီးရေလျှံမှုများ လျော့ပါးရေး ရေလမ်းပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း အလျား ၁,၃၀၀ မီတာ၊ ပေအားဖြင့် ၄,၂၆၅ ပေအတွက် ခန့်မှန်းကုန်ကျငွေကျပ် ၃၀၆၉.၃၀ သန်းအား ပထမ ဦးစားပေးဆောင်ရွက်ရန် ရန်ပုံငွေလျာထားတင်ပြတောင်းခံသွားမည်ဖြစ်ပြီး အဆိုပါရေလမ်းပိုင်း ပိုမို ထိရောက်နိုင်စေရေးအတွက် ဆင်သေချောင်းရေလမ်းပိုင်း ၂၆ ၊ ရုံးပင်ဇောင်းရေလမ်းနှင့် ရေလမ်း ပိုင်း ၂၇ ၊ ညောင်ပင်ကြီးရေလမ်းပိုင်းတို့တွင် ရေကြီးရေလျှံမှုလျော့ပါးစေရေးအတွက် ရေလမ်းပြုပြင် ထိန်းသိမ်းခြင်းလုပ်ငန်းအား အလျား ၈,၆၇၀ မီတာ၊ ပေအားဖြင့် ၂၈,၄၅၀ ပေအတွက် ခန့်မှန်း ကုန်ကျငွေကျပ် ၂၁၉၈၈.၂၀ သန်းအား ပထမဦးစားပေးဆောင်ရွက်ရန် ရန်ပုံငွေလျာထားတင်ပြ တောင်းခံသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။