MY EN

(င)- ဦးအောင်မြသန်း(ညောင်တုန်းမဲဆန္ဒနယ်)

2026-10-05
တတိယအကြိမ်
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးအောင်မြသန်း (ညောင်တုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ညောင်တုန်းမြို့နယ်၊ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံရှိ သုံးထပ်ဆောင်ဆောက်လုပ်နေမှုနှင့်စပ်လျဉ်း၍ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ၂၀၁၀ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ညောင်တုန်းမဲဆန္ဒနယ်မှ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြု ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်များ ရွေးကောက်ခံခဲ့ရပြီး ၂၀၁၀ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပထမအကြိမ် လွှတ်တော်သို့ တက်ရောက် ခွင့်ရခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်ကာလအတွင်း၌ မိမိတို့‌ ညောင်တုန်းမြို့ ရေကြီးခဲ့ပါကြောင်း၊ ဧရာဝတီ မြစ်ရေကြီး၍ ဧရာဝတီမြစ်ကမ်းဘေးတွင်ရှိသည့် ညောင်တုန်းမြို့သည်လည်း ရေဘေးစိုးရိမ်ပြီး ရေလျှံခဲ့ပါကြောင်း၊  ၎င်းအတွက် ထိုစဉ်က သမ္မတကြီးဖြစ်သည့် သမ္မတကြီး ဦးသိန်းစိန်ကိုယ်တိုင်ညောင်တုန်းမြို့သို့ရောက်ရှိ၍ ရေဘေးအတွက် ထောက်ပံ့ခြင်း၊ စားနပ်ရိက္ခာများပေးအပ်ခြင်း၊ လမ်းညွှန်ခြင်းများ ဆောင်ရွက်ခဲ့ရပါကြောင်း၊ ထိုအခြေအနေတွင် ညောင်တုန်းမြို့ရှိ ပြည်သူများ၏ ရေကြီးရေလျှံလျှင် ပျက်စီးနိုင်သည့် ပစ္စည်းများကိုလည်း ရေနှင့်လွတ်ရာရွှေ့ပြောင်းခဲ့ရပါကြောင်း၊ ဆေးရုံကြီးရှိ လူနာများကိုလည်း အနီးတွင်ရှိသည့် အ.ထ.က(၂)ကျောင်းအပေါ်ထပ်သို့ ရွှေ့ပြောင်း၍ နေရာချထားခဲ့ရပါကြောင်း၊ ၎င်းအခြေအနေကိုလည်း ထိုစဉ်က ကျန်းမာရေးဝန်ကြီးဖြစ်သည့်၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်ကို တင်ပြခဲ့ပါကြောင်း၊ ထိုအတွက် ပြည်ထောင်စု ဝန်ကြီးသည် ညောင်တုန်းမြို့သို့ဆင်းလာမည်ဟု မိမိတို့ကို အကြောင်းကြားခဲ့သော်လည်း အကြောင်း ကြောင်းကြောင့် မလာဖြစ်ပါကြောင်း၊ ဧရာဝတီမြစ်ရေ၊ ပန်းလှိုင်မြစ်ရေကြီးသည့်အခါ ညောင်တုန်း မြို့နယ်အတွက် ရေဘေးသည် နှစ်စဉ်နှစ်တိုင်းလိုပဲ စိုးရိမ်ရသည့်အနေအထားရှိသည့်အတွက် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်မတိုင်မီ ပြည်ထောင်စုဝန်ကြီးကို  မိမိတို့မှ ခုတင် ၅၀ မှ ခုတင် ၁၀၀ အထိ အဆင့်မြှင့် တင်ပေးပါရန် နှုတ်ဖြင့် တင်ပြခဲ့ပါကြောင်း၊ ပြည်ထောင်စုဝန်ကြီးသည်လည်း ခုတင် ၅၀ မှ ခုတင် ၁၀၀ အထိ ခွင့်ပြု၍ ဝန်ထမ်းဆောင်နှစ်ဆောင်နှင့် သုံးထပ်လူနာဆောင်တစ်ဆောင်ကို ခွင့်ပြုခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် အတည်ပြုခဲ့ပါကြောင်း၊ သို့သော် ၂၀၁၆ ခုနှစ်မှ ၂၀၂၀ ပြည့်နှစ် ၅ နှစ် ကာလအတွင်း လွှတ်တော်သက်တမ်းကာလအတွင်း ထိုအချိန်တွင် လွှတ်တော်လည်း အသစ်ဖြစ်ပြီး အစိုးရလည်း အသစ်ဖြစ်ပါကြောင်း၊  ထိုကာလအတွင်း ဝန်ထမ်းဆောင်များ တည်ဆောက်ပြီးစီးခဲ့သော်လည်း သုံးထပ်လူနာဆောင်သည် အကြောင်းအမျိုးမျိုးကြောင့် ဆောက်လုပ်မှုရပ်နားခဲ့ပြီး ရပ်နားခဲ့ရခြင်း၏ အကြောင်းအမျိုးမျိုးထဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပါဝင်ခဲ့ခြင်း မရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်တွင် တပ်မတော်မှ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ နှင့်အညီ နိုင်ငံတော်အာဏာကိုထိန်းသိမ်းပြီးနောက်ပိုင်းတွင် မိမိတို့ဆေးရုံကြီးကို ဆက်လက် တည်ဆောက် လာသည်ကိုတွေ့ရှိရပါကြောင်း၊ ယခုလည်း နိုင်ငံတော်အစိုးရနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးရုံကြီး အမြန်ပြီးစီးရန်အတွက် အားစိုက်ခွန်စိုက် ဆောင်ရွက်နေသည်ကိုလည်း တွေ့ရှိရပါ ကြောင်း။

သို့ဖြစ်၍ ညောင်တုန်းမြို့၊ ပြည်သူ့ဆေးရုံကြီး၏ သုံးထပ်လူနာဆောင်နှင့်စပ်လျဉ်း၍ မေးမြန်း လိုသည်မှာ-

(၁)     ဆေးရုံကြီး၏ သုံးထပ်လူနာဆောင်သည် မည်သည့်ကုမ္ပဏီ သို့မဟုတ် မည်သည့်ဌာနမှ နိုင်ငံတော်၏ရန်ပုံငွေမည်မျှဖြင့် ဆောက်လုပ်နေပါသလဲ၊

(၂)      မည်သည့်ဘဏ္ဍာရေးနှစ်တွင် လူနာဆောင်တွင် လူနာများသည် ဆေးကုသခွင့် ရရှိနိုင် မည်ကို မေးမြန်းခဲ့ပါသည်။ 

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က                   

ဧရာဝတီတိုင်းဒေသကြီး၊ ညောင်တုန်းမြို့နယ်၊ ပြည်သူ့ဆေးရုံသည် တိုးချဲ့သုံးထပ်ဆောင် ဆောက်လုပ်ခြင်းလုပ်ငန်းများကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကာလတွင် ခွင့်ပြုရန်ပုံငွေကျပ် သန်း ၄၀၀ ဖြင့် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ထိန်းချုပ်မှုဖြင့် တင်ဒါခေါ်ယူခဲ့ပါကြောင်း၊ တင်ဒါ အောင် တန်ဖိုး ကျပ် ၆၆၈.၂၇၉ သန်းဖြင့် တင်ဒါအောင်ကုမ္ပဏီနှင့် ဧရာဝတီတိုင်းဒေသကြီး ကုသရေးဦးစီးဌာနတို့ စာချုပ်ချုပ်ဆိုဆောင်ရွက်ခဲ့ပါကြောင်း၊ စီမံကိန်းကာလအတွင်းတန်ဖိုး၏ ၅၀ ရာခိုင်နှုန်းအထိ လုပ်ငန်းပြီးစီး၍ ငွေပေးချေမှုဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ သို့သော်လည်း နောက်ပိုင်း တွင် လုပ်ငန်းဆက်လက် ဆောင်ရွက်ရန်အတွက် ကုမ္ပဏီမှ စာချုပ်ပါစည်းကမ်းချက်များကို လိုက်နာ ဆောင်ရွက်မှုမရှိသည့်အတွက် မူလတင်ဒါအောင်ကုမ္ပဏီနှင့် စာချုပ်ရပ်ဆဲခြင်း ဆိုင်ရာလုပ်ငန်းများ ကို ဆောင်ရွက်ခဲ့ရာ၁၉-၆-၂ဝ၂၄ ရက်တွင် စာချုပ်ရပ်စဲဆောင်ရွက်မှု ပြီးစီးခဲ့ပါကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အဆိုပါအဆောက်အဦ ဆက်လက်ဆောင်ရွက်ရန်အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနသို့ လုပ်ငန်းအပ်နှံဆောင်ရွက်ခဲ့သည်ဖြစ်ပါကြောင်း။

၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်ကာလစီမံကိန်းတန်ဖိုးအရ ကျန်သည့်ရန်ပုံငွေကျပ် ၃၃၄.၁၄၀ သန်းနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ အဆောက်အဦအထူးအဖွဲ့ (၁၅)မှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေး နှစ်မှ စ၍ တာဝန်ယူဆောင်ရွက်ခဲ့သည်ဖြစ်ပါကြောင်း၊ ယနေ့ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း လူနာကုသဆောင် အချောသတ်ဆောင်ရွက်ရန်အတွက် ကျပ် ၉၉၇ သန်းဖြင့် လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ပါကြောင်း၊ တိုးချဲ့သုံးထပ်ဆောင် ပြင်ပဆက်စပ်လုပ်ငန်းနှင့် ဓာတ်လှေကား တပ်ဆင်ခြင်း လုပ်ငန်းများဆောင်ရွက်ရန် ကျန်ရှိသေးသည်ဖြစ်ပါကြောင်း၊ ထိုပြင်ပဆက်စပ်လုပ်ငန်း များနှင့် ဓာတ်လှေကားတပ်ဆင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ရန်ပုံငွေကို လာမည့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်အတွင်း လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် ဆောက်လုပ် ရေးလုပ်ငန်းများ ပြီးစီးချိန် မိမိတို့ခန့်မှန်းသည်မှာ ၂၀၂၈ ခုနှစ် နှစ်ဦးပိုင်းတွင် စတင်အသုံးပြု နိုင်မည်ဖြစ်၍ လူနာများကို ဆေးကုသမှုလုပ်ငန်းများ ထိုအဆောင်၌ ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးအောင်မြသန်း(ညောင်တုန်းမဲဆန္ဒနယ်) က စပ်ဆက်မေးခွန်း မေးမြန်းခဲ့ပါသည်။

ညောင်တုန်းဆေးရုံကြီး၌ အလှူရှင်များနှင့် မိမိတို့ပါ လစဉ် ဗုဒ္ဓဟူးနေ့တိုင်းတွင် နိုင်ငံ့ဝန်ထမ်း ပင်စင်အငြိမ်းစားများ ၁၅၀ ဦးခန့်ကို အာဟာရဒါနနှင့် အခမဲ့ဆေးကုသခြင်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း၊ အာဟာရဒါနသည် မိမိတို့တစ်တွေ မခက်ခဲသော်လည်း အခမဲ့ဆေးကုသသည့် နေရာ တွင် သက်ကြီးရွယ်အိုများဖြစ်သည့်အတွက် ဆီးချိုကျဆေး၊ သွေးပေါင်ကျဆေးတို့သည် ဝယ်ယူ သုံးစွဲရသည်မှာ ခက်ခဲပါကြောင်း၊ ထို့ကြောင့် အငြိမ်းစား နိုင်ငံ့ဝန်ထမ်း ပင်စင်စားများကို ဗုဒ္ဓဟူးနေ့ တိုင်းတွေ့သည့် အာဟာရဒါနအခမဲ့ဆေးကုသခြင်းသည် ဝန်ကြီးဌာနအနေဖြင့် စောစောက မိမိ တင်ပြသည့် လူကြီးအတွက် လိုအပ်သည့် ဆေးများ ပံ့ပိုးမှု ရှိ မရှိ၊ စောစောက ဒုတိယဝန်ကြီး ဖြေကြားသည့်အထဲတွင်လည်း ၂၀၂၈ ခုနှစ်တွင် ပြီးဆုံးမည်ဟုသိရသည့်အတွက် ညောင်တုန်းမြို့သူ မြို့သားများကိုယ်စား အထူးပဲ ကျေးဇူးတင်ပါကြောင်း၊ ဆက်လက်တင်ပြလိုသည်မှာ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် လွှတ်တော်မှတစ်ဆင့် တင်ပြခြင်းမဟုတ်ဘဲ နုတ်ဖြင့်တင်ပြီး ပြည်ထောင်စု ဝန်ကြီးမှလည်း နှုတ်ဖြင့် ခွင့်ပြုခဲ့သည့်အတွက် ကတိကဝတ်မရှိခဲ့သည်ကို ယနေ့အခြေအနေအရ သိရပါကြောင်း၊ ထို့ကြောင့် ဆေးရုံကြီးပြီးဆုံးပြီး ဖွင့်သည့်အခါ ခုတင် ၅၀ မှ ခုတင် ၁၀၀ အဖြစ် အသိအမှတ်ပြုသည့် ခွင့်ပြုချက်များ တစ်ခါတည်းပေးနိုင်ရန် တင်ပြခဲ့ပါသည်။ 

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က                   

အငြိမ်းစားဝန်ထမ်းများကို ကျန်းမာရေးစောင့်ရှောက်မှု အခမဲ့ဆောင်ရွက်ပေးနိုင်မှု နှင့် စပ်လျဉ်းပြီး ကျန်းမာရေးဝန်ကြီးဌာနအနေနှင့် ပြည်သူ ပြည်သားများ အားလုံး ကျန်းမာရေး စောင့်ရှောက်မှုရရှိနိုင်ရေးကို ဆောင်ရွက်ရာမှာ ဦးစားပေးအစီအစဉ်နှင့် ဆောင်ရွက်ရသည့်ကိစ္စရပ် များ ရှိပါကြောင်း၊နိုင်ငံ့ဝန်ထမ်းများအားလုံးကို အခမဲ့ဆေးကုသမှုခံယူရရှိနိုင်ရန် မိမိတို့ စီစဉ် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းများအနေနှင့် တချို့ဆေးရုံများတွင် အခမဲ့ကုသမှုရ သော်လည်း CDMRI လိုစက်ကြီးများ၊ ကင်ဆာစက်ကြီးများနှင့် ဆေးကုသမှုခံယူသည့် အခါ နိုင်ငံတော် ကို ပြန်လည်ပေးသွင်းရသည့် ပမာဏကိုလည်း မိမိတို့က စိုက်ထုတ်ပြီး ကျန်းမာရေး ဝန်ကြီးဌာနမှ ပြန်လည်တင်ပြတောင်းခံလာသည်ကို ပြန်လည်ချပေးထားခြင်းများလည်းရှိပါ ကြောင်း ၊ အငြိမ်းစားဝန်ထမ်းများနှင့်စပ်လျဉ်းပြီး ဦးစားပေး ဆောင်ရွက်မှု အစီအစဉ်ဖြစ်ပါကြောင်း၊ အငြိမ်းစားဝန်ထမ်းများအနေနှင့် ဆေးရုံတွင်လာရောက်ပြသသည့် အခါ ရာခိုင်နှုန်းပြည့် မဟုတ်ဘဲ ၅၀ ရာခိုင်နှုန်းသက်သာနိုင်ရန် ဆောင်ရွက်ထားရှိခြင်းဖြစ်ပါကြောင်း၊ ထို့အပြင် အငြိမ်းစား ဝန်ထမ်းကြီးများအတွက် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုကို ဆောင်ရွက်နိုင်ရန်အတွက် ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ဆေးရုံကြီးများတွင် စတင် ဆောင်ရွက်နေပြီဖြစ်ပါကြောင်း၊ ယခုနောက်ပိုင်းတွင်ခုတင် ၂၀၀ ဆေးရုံ၊ ခုတင် ၁၀၀ ဆေးရုံတွေအထိ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ။ 

          ဒုတိယတစ်ခုအနေဖြင့် ညောင်တုန်းမြို့နယ်ရှိ ခုတင်အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို တင်ပြသွားမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့်ယခင်လွှတ်တော်ကတိကဝတ်အနေနှင့် ရှိခဲ့သလားလို့ ကျွန်တော်တို့ပြန်လည်ပြီး‌ စိစစ်ပါ့မယ်ခင်ဗျား။ လက်ရှိကတော့ ဝန်ကြီးဌာနအနေနှင့် ဆေးရုံများ ခုတင်မြှင့်တင်ရေးကို ဆောင်ရွက်ရာမှာ စဉ်းစားရမည့်အချက် ၃ ချက်ပေါ်မူတည်ပြီး ဦးစားပေး ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ မဖြစ်မနေပြည့်စုံရမည့် မူဝါဒမဟုတ်ပါကြောင်း၊ ပထမတစ်ခုအနေဖြင့်ဆေးရုံ၏လက်ရှိဆောင်ရွက်သည့် လုပ်ငန်းဆောင်ရွက်မှုအခြေအနေ သုံးနှစ် တာကာလအတွင်း စိစစ်ခြင်းဖြစ်ပါကြောင်း၊ သုံးနှစ်တာကာလအတွင်းလက်ရှိ ခုတင် ၅၀ သတ်မှတ် ထားသော်လည်း ခုတင် ၅၀ ထက်လူနာကျော်လွန် ဖွဲ့စည်းပုံထက်ကျော်လွန် ပြီးလူနာများကို ကုသနေရပါက အဆင့်မြှင့်တင်ပေးရန်အတွက် ဦးစားပေးထဲတွင်ပါဝင်ပါကြောင်း၊ ဒုတိယတစ်ခုမှ ဒေသလိုအပ်ချက်ဖြစ်ပါကြောင်း၊ တချို့ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှု လူဦးရေ မပြည့်စုံ သော်လည်း တခြားသွားစရာနေရာ ဝေးလံခက်ခဲခြင်း လူနာသယ်ယူပို့ဆောင်ရေး၊ ညွှန်ပို့ရန်ခက်ခဲ ပါက ဆိုရင် ၎င်းနေရာတ အထူးကုဆရာဝန်လည်း ထားရန်လိုအပ်သည့်အခါမျိုးတွင် ဆေးရုံဖွဲ့စည်းပုံ စဉ်းစားခြင်းဖြစ်ပါကြောင်း၊ နောက်အဓိကအကျဆုံးအချက်မှ လူ့စွမ်းအားအရင်းအမြစ်များ ပံ့ပိုးပေး နိုင်မှုနှင့် စက်ကိရိယာပစ္စည်းထောက်ပံ့ပေးနိုင်မှု အခြေအနေ ဖြစ်ပါကြောင်း၊ အဆောက်အဦ၊ စက်ကိရိယာပစ္စည်းများ ဘတ်ဂျက်လျာထားဆောင်ရွက် ပေးလို့ရသော်လည်း လူ့စွမ်းအားအရင်း အမြစ်ကို အမြန်ဖြည့်ဆည်းပေး၍ မရနိုင်သေးပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန အနေဖြင့် လူ့စွမ်းအား အရင်းအမြစ်များ ဆုံးရှုံးခဲ့မှုဖြစ်ပေါ်သည့် အတွက် ပြန်လည်ဖြည့်တင်းနိုင်ရေးကို အစွမ်းကုန်ကြိုးစားဆောင်ရွက်နေခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် လက်ရှိကာလတွင် ဖွင့်လှစ်ထားပြီးသား ဆေးရုံများနှင့် နယ်မြေဒေသအခြေအနေ တည်ငြိမ်အေးချမ်းလာပြီး ပြန်လည် ဖွင့်လှစ်ရမည့်ဆေးရုံများမှ ဝန်ထမ်းများ အင်အားပြည့်ထမ်းဆောင်နိုင်ရေး ကို ဦးစားပေးပြီး ဆောင်ရွက် နေခြင်းဖြစ်သည့်အတွက်ကြောင့် ဖွဲ့စည်းပုံတိုးချဲ့ရေးများကို ဦးစားမပေး နိုင်သေးခြင်းဖြစ်ကြောင်းဖြင့် ဖြေကြားခဲ့ပါသည်။