မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ၌ တိုးချဲ့ ၂ ထပ်ဆောင်တစ်လုံး ခွင့်ပြုဆောက်လုပ်ပေးနိုင်ပါရန် သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံအား ၉-၁၀-၁၉၆၃ ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး ၂၀-၂-၁၉၆၅ ရက်နေ့တွင် ဆောက်လုပ် ပြီးစီးခဲ့ပါကြောင်း၊ ၁၈-၆-၁၉၆၆ ရက်နေ့ ဆေးရုံဖွင့်လှစ်သည့်အချိန်၌ ၁၆ ခုတင်ဆံ့ မြို့နယ် ပြည်သူ့ဆေးရုံအဖြစ် ဝန်ထမ်းအင်အား ၂၅ ဦးဖြင့် စတင်ဖွင့်လှစ်ခွင့်ရရှိခဲ့ပြီး ၂၁-၁၀-၂၀၀၈ ရက်နေ့တွင် ၂၅ ခုတင်ဆံ့ဆေးရုံအဖြစ် ဝန်ထမ်းအင်အား ၅၅ ဦး ဖြင့် တိုးမြှင့်ဖွင့်လှစ်ခဲ့ပါကြောင်း၊ ဆေးရုံ ဖွင့်လှစ်ပြီး ၄၂ နှစ်ကြာတွင် ၁၆ ခုတင်မှ ၂၅ ခုတင်ဆံ့သို့ တိုးမြှင့်ခွင့်ရရှိခဲ့ခြင်းလည်း ဖြစ်ပါကြောင်း၊ သို့သော်ဆေးရုံအဆောက်အဦများ တိုးမြှင့်ခြင်း၊ တိုးချဲ့ခြင်းများ မရှိခဲ့ပါကြောင်း၊ ဆေးရုံတည်ဆောက်ခဲ့သည့် ၉-၁၀-၁၉၆၃ ရက်နေ့မှ ယနေ့ ၅-၁၀-၂၀၂၆ ရက်နေ့ထိ ဆေးရုံအဆောက်အဦ၏သက်တမ်းမှ နှစ်ပေါင်း ၆၃ နှစ် ရှိခဲ့ပြီဖြစ်ပါကြောင်း၊ လက်ရှိတွင် ဆေးရုံအဆောက်အဦမှာ အိုဟောင်းနေပါသော်လည်း ထိန်းသိမ်းပြုပြင်ပြီး ကုသရေး လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါကြောင်း၊ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံ၏ မြေယာပိုင်ဆိုင်မှု ပုံစံများ ခိုင်မာစွာရရှိထားပြီး မြေနေရာအကျယ်အဝန်းမှာ အလျား ၅၅၅ ပေ၊ အနံ ၁၇၆ ပေရှိပြီး လက်ရှိ ဆေးရုံပင်မဆောင်အကျယ်အဝန်းမှာ အလျား ၁၂၀ ပေ၊ အနံ ၈၀ ပေ ရှိသည့်အတွက် ဆေးရုံ အဆောက်အဦသစ်ဆောက်လုပ်ရန် လိုအပ်သော မြေအကျယ်အဝန်းလည်း လုံလောက်စွာကျန်ရှိ နေပါကြောင်း။
မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံသည် ယနေ့အချိန် အထိ နှစ်ပေါင်း ၆၃ နှစ်ကြာခဲ့ပြီဖြစ်သဖြင့် အဆောက်အဦ၊ အုတ်၊ အင်္ဂတေများ ကြံ့ခိုင်မှုနည်းပါးလာခြင်း၊ အမိုးများ၊ မျက်နှာကြက်များ ဆွေးမြည့် လာခြင်းများလဲ ရှိလာပါကြောင်း၊ ဆေးရုံပင်မဆောင်အတွင်း အရေးကြီးဌာနများဖြစ်သည့် ဓာတ်ခွဲ ခန်း၊ TB ဌာန၊ သွားဆေးခန်း၊ ဖွား/သေမှတ်ပုံတင်ခန်း၊ ဆေးမှတ်တမ်းထိန်းသိမ်းခန်း၊ ဆေးပေးခန်း များအားလုံးကို အခန်းကျဉ်းများဖြင့် ဆောင်ရွက်နေရပါကြောင်း၊ ထို့အပြင် အရေးပေါ်လူနာများ အတွက် အထူးကြပ်မတ်ကုသခန်း၊ ကူးစက်ရောဂါများ အတွက် သီးသန့်ခန်း၊ အသားဝါကလေးများ မီးပြရန်အခန်း၊ ကျယ်ဝန်းသော အရေးပေါ်ပြင်ပ လူနာခန်းများအတွက် လိုအပ်လျက်ရှိနေပါကြောင်း၊ သို့ဖြစ်ပါ၍ မင်းတုန်းမြို့နယ် ပြည်သူ့ဆေးရုံအား အသစ်ထပ်မံတိုးချဲ့၍ အဆောင်သစ်တိုးချဲ့ နှစ်ထပ် ဆောင်တစ်လုံး ခွင့်ပြုဆောက်လုပ်ပေးနိုင်ပါရန် တင်ပြတောင်းခံအပ်ပါကြောင်းဖြင့် မေးမြန်းခဲ့ပါ သည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က
မင်းတုန်းမြို့နယ်တွင် ၂၅ ခုတင်ဆံ့ မြို့နယ်ဆေးရုံ ၁ ရုံ၊ မြောက်ပြင်နှင့် ကျောက်တိုင်တိုက်နယ် ဆေးရုံ ၂ ရုံရှိပါကြောင်း၊ တိုက်နယ်ဆေးရုံ ၂ ရုံကို ဒေသအခြေအနေအရ ဖွင့်လှစ်နိုင်ခြင်းမရှိသည့် အတွက် မြို့နယ်ဆေးရုံတစ်ခုတည်းကိုသာ အားထားနေရသည့် အနေအထားဖြစ်ပါကြောင်း၊ လက်ရှိ မင်းတုန်းမြို့နယ်ဆေးရုံမှာ အတွင်းလူနာ ၁၆ ဦးမှ ၂ဝ ဦးအထိကိုလည်းကောင်း၊ ပြင်ပလူနာ ၁ဝ ဦးမှ ၁၅ ဦး အထိကိုလည်းကောင်း နေ့စဉ်ကျန်းမာရေးစောင့်ရှောက်မှုပေးလျက်ရှိပါကြောင်း၊ မင်းတုန်း မြို့နယ်ဆေးရုံကို ၁၉၆၃ ခုနှစ်တွင် စတင်တည်ဆောက်ခဲ့သည့်အတွက် အဆောက်အဦ အိုဟောင်းခြင်း၊ အခန်းဖွဲ့စည်းပုံများ ကျဉ်းခြင်းတို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုပေးရာတွင် အကန့်အသတ် ရှိနေသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် လက်ရှိအသုံးပြုလျက်ရှိသော ဆေးရုံ အဆောက်အဦ အား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွင်း သာမန်အသုံးစရိတ်ရန်ပုံငွေဖြင့် ပြုပြင်အသုံးပြု ပြင်ဆင်ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်းနှင့် တိုးချဲ့ ၂ ထပ် ဆောင်အသစ်ဆောက်လုပ်ရန်အတွက်လည်း ဘဏ္ဍာငွေ လျာထား ဆောင်ရွက်ပေးမည် ဖြစ်ပါကြောင်း၊ ဒေသအခြေအနေအရ အဆောက်အဦသစ် ဆောက်လုပ်ခြင်း လုပ်ငန်း အကောင်အထည် ဖော်နိုင်ခြင်း ရှိ/ မရှိ၊ ဘဏ္ဍာရေးနှစ်တစ်နှစ်အတွင်းမှာ လုပ်ငန်းတစ်ခုလုံး ပြီးစီးနိုင်ခြင်း ရှိ /မရှိ တို့ကို စိစစ်နေဆဲဖြစ်ပါကြောင်း၊ စိစစ်ချက်များအပေါ်မူတည်ပြီး အနီးကပ်ဆုံး ဘဏ္ဍာရေးနှစ် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် လုပ်ငန်းတစ်ခုလုံး၏ ရာနှုန်းပြည့် ၁၀၀ ရာခိုင်နှုန်း သို့မဟုတ် လုပ်ငန်း၏ တစ်စိတ်တစ်ပိုင်းတန်ဖိုးကို လျာထားဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ဖြေကြားပါသည်။