မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ထမ်းများ ပြန်လည်ခန့်ထားပြီး ဆေးရုံ ပြန်လည်ဖွင့်လှစ်နိုင်ရေးအမြန်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ် ဆားမှော်တိုက်နယ်ဆေးရုံသည် လူဦးရေ ၂၀၀၀၀၊ ၄၀၀၀၀၊ ၂၄၀၀၀၊ ၃၀၀၀၀ ခန့်ရှိသည့် ဆားမှော်၊ ကညှင်မြိုင်၊ ကျွန်သုံးလုံး၊ အင်းပေါင်း၊ ထီးချိုင့်၊ တောင်နီ ကျေးရွာနေ ပြည်သူလူထု၏ အားကိုးအားထားရာ ဆေးရုံတစ်ခုဖြစ်ပါကြောင်း၊ ၂၀၂၁ ခုနှစ် နိုင်ငံရေး အရှုပ်အရှင်း ကာလာများတွင် ဆားမှော်တိုက်နယ်ဆေးရုံမှ ဆရာဝန်၊ သူနာပြု ဝန်ထမ်းများ တချို့ CDM လုပ်သွားခဲ့သည့်အတွက် ဆေးရုံပိတ်ထားခဲ့ရပြီး ကျန်းမာရေးအတွက် အခက်အခဲများစွာ ဖြစ်ခဲ့ကြရပါကြောင်း၊ ၂၀၂၄ ခုနှစ်တွင် ဆရာဝန်အသစ် ပြန်လည်ခန့်ထားပေးခဲ့ပြီး ဆေးရုံပြန်လည် ဖွင့်လှစ်ပေးနိုင်ခဲ့သည့်အတွက် ဒေသနေပြည်သူအများ ဝမ်းသာခဲ့ကြပြီး ဆေးရုံအတွက်လည်း ပံ့ပိုးခဲ့ ကြခြင်းဖြစ်ပါကြောင်း၊ သို့သော် ဖွင့်လှစ်ပြီးမကြာမီမှာပဲ ဆရာဝန်သည် ခြိမ်းခြောက်ခံရပြီး ပြန်သွား သည့်အတွက် ဆေးရုံပြန်ပိတ်ထားခဲ့သည်မှ ယနေ့အထိ ဖြစ်ပါကြောင်း။
ဆားမှော်ကျေးရွာ၏ ဆေးရုံနှင့်ကိုက် ၅၀၀ လောက်တွင် တပ်မတော် တပ်ရင်းတစ်ခု အခြေစိုက်ရှိနေပါကြောင်း၊ ကျေးရွာတွင်လည်း ပြည်သူ့စစ်အဖွဲ့ရှိပါကြောင်း၊ ၁ မိုင်ခွဲ ၂ မိုင်လောက် ဝေး သည့် ကညှင်မြိုင်ရွာတွင်လည်း တပ်မတော်နှင့် In Line ဖြစ်သည့် သျှားနီအာမီလို့ခေါ်သည့် အဖွဲ့တစ်ခု လည်း အခြေစိုက်ရှိနေပြီဖြစ်ပါကြောင်း၊ ဒေသလုံခြုံရေးကို ဝိုင်းဝန်းကြပ်မတ်ဆောင်ရွက် နေကြပြီဖြစ် ပါကြောင်း၊ ထို့ကြောင့် ဆားမှော်ကျေးရွာ တိုက်နယ်ဆေးရုံအတွက် လိုအပ်သည့် ဆရာဝန်၊ သူနာပြု ဝန်ထမ်းများ ပြန်လည်ခန့်အပ်ထားပြီး ဆေးရုံပြန်လည်ဖွင့်လှစ်နိုင်ရေး အမြန်စီမံ ဆောင်ရွက် ပေးရန် အစီအစဉ်များ ရှိ /မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါ ကြောင်း မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က
မိုးကောင်းမြို့နယ်၊ ဆားမှော်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများ တာဝန်မှပျက်ကွက် ခဲ့သဖြင့် ၂၀၂၁ ခုနှစ်တွင် ဆေးရုံပိတ်ထားခဲ့ပြီး ၂၀၂၄ ခုနှစ် ပြန်လည်ဖွင့်လှစ်သည့်အခါ မြစ်ကြီးနား ဆေးရုံမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဆားမှော်တိုက်နယ်ဆရာဝန်အဖြစ် တွဲဖက်တာဝန် ထမ်းဆောင် စေခဲ့ပါကြောင်း၊ သို့သော် ခြိမ်းခြောက်ခံရမှုကြောင့် အဆိုပါဆရာဝန်ကို ဆားမှော်တိုက်နယ်ဆေးရုံမှ မိုးကောင်းပြည်သူ့ဆေးရုံသို့ ပြောင်းရွှေ့တွဲဖက်ထားရှိခဲ့ရပါကြောင်း၊ ပြန်လည်တာဝန်ချထားနိုင် ရေး ဆောင်ရွက်ရာတွင် အဆိုပါဆရာဝန်အနေဖြင့် စိုးရိမ်ပူပန်မှုရှိနေဆဲဖြစ်သည့်အတွက်ကြောင့် အခြား လက်ထောက် ဆရာဝန်တစ်ဦးဖြင့် အစားထိုးတာဝန် ထမ်းဆောင်ရန် မိမိတို့စီစဉ်ထားပါကြောင်း၊ ကချင် ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင်ရွက်ပြီး မြစ်ကြီးနားဆေးရုံကြီးမှ လက်ထောက်ဆရာဝန်တစ်ဦးကို ဝန်ထမ်းချထားရေး ဆောင်ရွက်ရာတွင် ၎င်းအချိန်က ဒေသအခြေအနေအရ ဆားမှော်တိုက်နယ်သို့ ဆရာဝန်စေလွှတ် တာဝန်ထမ်းဆောင်နိုင်ရေးကို ဆိုင်းငံ့ရန် မိမိတို့ ဆုံးဖြတ်ထားရှိခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ ယခုအခါ ကိုယ်စားလှယ်တော်ကြီး တင်ပြခဲ့သလို ဒေသတည်ငြိမ်အေးချမ်းလာပြီဖြစ်သည့် အတွက် ဆရာဝန်တစ်ဦးအား ဆားမှော်တိုက်နယ် ဆေးရုံတွင် နှစ်လအတွင်း အမြန်ဆုံးတာဝန်ပေးအပ် ဆောင်ရွက်ပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြည်နယ်အစိုးရနှင့် ညှိနှိုင်းဆောင် ရွက်ပေး မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။