မိုင်းရှူးမြို့နယ်တွင် ပြည်သူ့ဆေးရုံ၌ ကျန်းမာရေးဝန်ထမ်းများ၊ ရောဂါရှာဖွေစမ်းသပ်သည့် စက်ပစ္စည်း ကိရိယာများနှင့် ၂၅ ခုတင်မှ ၅၀ ခုတင်ဆံ့သို့ အဆင့်မြှင့်တင်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် ၂၅ ခုတင်ဆံ့ ဆေးရုံတစ်ခုနှင့် ၁၆ ခုတင်ဆံ့ တိုက်နယ်ဆေးရုံ ၂ ခုရှိပါကြောင်း၊ မြို့ပေါ်ရှိ ၂၅ ခုတင်ဆံ့ ဆေးရုံတွင် ကုသရေးဆရာဝန်တစ်ဦးသာရှိပြီး လက်ထောက် ဆရာဝန်တစ်ဦး ထပ်မံခန့်ပေးပါရန် လိုအပ်နေပါကြောင်းနှင့် ယခုလက်ရှိ အသုံးပြုလျက်ရှိသော ရောဂါရှာဖွေစမ်းသပ်ရေး စက်ပစ္စည်းကိရိယာများသည်လည်း ဟောင်းနွမ်းနေပြီဖြစ်ခြင်း၊ ခေတ်မမီ သော စက်ပစ္စည်းကိရိယာများဖြစ်ခြင်းတို့ကြောင့် ခေတ်မီသော စက်ပစ္စည်းကိရိယာအသစ်များဖြင့် အစားထိုးချပေးပါရန်လည်း လိုအပ်နေပါကြောင်း၊ မိုင်းရှူးမြို့နယ်အတွင်း မှီတင်းနေထိုင်ကြသော ဒေသခံ မိဘပြည်သူများ၏ လိုအင်ဆန္ဒအရ ၂၅ ခုတင်မှ ၅၀ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးစေ လိုပါသော်လည်း နှစ်စဉ်ဆေးရုံသို့လာရောက်ကုသခံ လူနာအချိုးသည် ကျန်းမာရေးဝန်ကြီးဌာနမှ သတ်မှတ်သောအချိုးနှင့် ပြည့်မီရန် လိုအပ်နေသည်ကို တွေ့ရမည်ဖြစ်ပါကြောင်း။
မိုင်းရှူးမြို့နယ် ဆေးရုံအဆင့်နှင့် ကူသ၍မရနိုင်သော လူနာအများ အပြားတို့သည် အဆင့်မြင့် သော ဆေးရုံကြီးများရှိသည့် မိုင်းရှူးမြို့နယ်နှင့် မိုင်ပေါင်း ၁၇၅ မိုင်ဝေးသော တောင်ကြီးမြို့ နှင့် ၁၁၅ မိုင်ဝေးသော လွိုင်လင်မြို့၊ ၁၁၉ မိုင်ဝေးသော လားရှိုးမြို့များသို့လည်းကောင်း လစဉ်၊ နှစ်စဉ် ငွေကြေး မြောက်မြားစွာ အကုန်အကျခံပြီး သွားရောက်ကုသနေကြရပါကြောင်း၊ ငွေကြေးမတတ်နိုင်သော လူနာများသည် မိမိတို့၏အသက်ကို အဆုံးအရှုံး ခံသည့်ဘဝတို့နှင့် ကြုံတွေ့နေရပါသောကြောင့် ကျန်းမာရေးဝန်ကြီးဌာနမှ နှစ်စဉ်ပျမ်းမျှလူနာအချိုး သတ်မှတ်ချက်အရဟုဆိုခြင်းထက် တခြားမြို့ကြီး များနှင့် မိုင်ပေါင်းရာချီဝေးကွာသော မိုင်းရှူးမြို့နယ်၏ တည်နေရာဒေသကို အခြေခံသော ဦးစားပေး စနစ်ဖြင့် ၅၀ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးပါရန် နှင့် အဆင့်မြှင့်တင်ပေးမှသာ ကုသခံလူနာ အချိုး တိုးတက်လာမည်ဖြစ်ပါကြောင်း နှင့်
(၁) မြို့နယ်ဆရာဝန်တစ်ဦးတည်းသာရှိသော မိုင်းရှူးမြို့နယ်ဆရာဝန်ကြီးသည် နေ့စဉ် ဆေးရုံ၏ကုသရေးလုပ်ငန်းများ၊ စီမံခန့်ခွဲရေးဆိုင်ရာအစည်းအဝေးများနှင့်လုပ်ငန်းများ၊ ကွင်းဆင်းကျန်းမာရေးလုပ်ငန်းများ၊ တာဝန်အရ ခရီးထွက်ရန်ရှိသည့်အခါများတွင် ဆေးရုံ၌ကုသပေးမည့် ဆရာဝန်လုံးဝမရှိသဖြင့် လက်ထောက်ဆရာဝန်တစ်ဦး ခန့်ပေး ပါရန်နှင့် မိုင်းရှူးမြို့နယ်အတွင်းရှိ ဆေးရုံများ၌ စံကိုက်ပြည့်မီသော ဆေးရုံဖြစ်အောင် ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိ၊
(၂) မိုင်းရှူးမြို့ပေါ်ရှိ ပြည်သူ့ဆေးရုံတွင် ကုသခံလူနာများသောရက်များတွင် ခုတင်လုံလောက်မှု မရှိပါသဖြင့် ပြည့်စုံလုံလောက်မှုရှိအောင် ကူညီပေးပါရန်နှင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေး နှစ်များ၌ သက်ဆိုင်ရာဌာနများသို့ တင်ပြတောင်းခံထားခဲ့ပြီးဖြစ်သော တိုးချဲ့နှစ်ထပ် လူနာဆောင် ခွဲစိတ်ခန်းပါ အဆောက်အဦသစ်တစ်ဆောင်အား ဆောက်လုပ်ပေးပါရန် အစီအစဉ် ရှိ မရှိ၊
(၃) ခေတ်မီရောဂါရှာဖွေစမ်းသပ်သည့် ပစ္စည်းကိရိယာအသစ် ပြည့်စုံလုံလောက်အောင် ချပေးရန် အစီအစဉ် ရှိ မရှိနှင့်
(၄) ၂၅ ခုတင်ဆံ့ဆေးရုံအဆင့်မှ ၅၀ ခုတင်ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ မရှိနှင့် ရှိပါက မည်သည့်ကာလတွင် ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုပါ
ကြောင်းဖြင့် မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့တွင် ၂၅ ခုတင်ဆံ့ ပြည်သူ့ဆေးရုံ ၁ ရုံ၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံနှင့် မိုင်းစံ(မုန်းဆန်း)တိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ ၃ ရုံရှိပါကြောင်း၊ ကျေးလက်ကျန်းမာရေးဌာန ၂ ခုနှင့် ကျေးလက်ကျန်းမာရေးဌာနခွဲ ၁၁ ခုတို့ဖြင့် ကျန်းမာရေး စောင့်ရှောက်မှု ပေးလျက်ရှိပြီး မိုင်းရှူးပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး နှင့်အတူ အထက်တန်းသူနာပြု ၅ ဦး၊ သူနာပြု ၇ ဦးနှင့် အခြားကျန်းမာရေးဝန်ထမ်း ၇ ဦးတို့မှ နေ့စဉ် ပျမ်းမျှ အတွင်းလူနာ ၁၉ ဦးနှင့် ပြင်ပလူနာ ၂ဝ ဦးခန့်အား ကျန်းမာရေးစောင့်ရှောက်မှုပေးလျက် ရှိပါကြောင်း၊ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံကြီး၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမို တိုးတက်လာစေရေးအတွက် လက်ထောက်ဆရာဝန်တစ်ဦးကို ယခုနှစ် ၂၀၂၆ ခုနှစ် အတွင်း ခန့်ထား ပေးမည်ဖြစ်ပါကြောင်းနှင့် မိုးရှူးမြို့နယ် ပြည်သူ့ဆေးရုံအတွက် Digital X-Ray (100 mA) Machine Inverter Type (1) တစ်ခုအား ထောက်ပံ့ပေးထားပြီးဖြစ်ပါကြောင်းနှင့် ဓာတ်ခွဲခန်းအတွက်လိုအပ် သည့် ခေတ်မီရောဂါရှာဖွေ စမ်းသပ်သည့် ဓာတ်ခွဲခန်းသုံးစက်ကိရိယာများကိုလည်း ယခုဘဏ္ဍာနှစ် တွင် ဆက်လက်ဖြည့်ဆည်း ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း။
မိုင်းရှူးမြို့နယ်ဆေးရုံ အဆင့်တိုးမြှင့်ရေးနှင့်စပ်လျဉ်းပြီး အနည်းငယ် ရှင်းလင်းတင်ပြလို ပါ ကြောင်း၊ ဆေးရုံများအဆင့်မြှင့်တင်ခြင်းနှင့်ပတ်သက်ပြီး ကျန်းမာရေးဦးစီးဌာန အနေဖြင့် ဦးစားပေး အစီအစဉ်ဖြစ်သည့် သုံးနှစ်အတွင်း ကျန်းမာရေးစောက်ရှောက်မှုအခြေအနေ၊ ဒေသလိုအပ်ချက်နှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်များကို ပြီးခဲ့သည်မေးခွန်းများတွင်လည်း မိမိ အနေဖြင့် တင်ပြ ထားပြီးဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာန၏ ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့ ဖွဲ့စည်းပုံတိုးမြှင့် သည့်အခါ အဓိကအနေဖြင့် ဆရာဝန်၊ သူနာပြုအင်အား တိုးမြှင့်သွားခြင်း ဖြစ်ပြီး အထူးကုဆရာဝန် များ မပါရှိသေးပါကြောင်း၊ ဥပမာအားဖြင့် ၂၅ ခုတင်ဆံ့ဆေးရုံမှာ ဆရာဝန် ၆ ဦး၊ သူနာပြု ၁၆ ဦး ရှိရမည်ဖြစ်ပြီး ခုတင် ၅၀ ဆံ့ ဆေးရုံတွင် ဆရာဝန် ၈ ဦးနှင့် သူနာပြု ၂၃ ဦး ရှိရမည်ဖြစ်ပါကြောင်း၊ ယခုလက်ရှိဆေးရုံ၌ ၂၅ ခုတင်ဆံ့တွင် ရှိရမည့်ဆရာဝန်အရေအတွက်တောင် မရှိသေးသည့် အတွက် မိမိတို့အနေဖြင့် လူ့စွမ်းအားအရင်းအမြစ်ကို ဖြည့်ဆည်းခြင်းကို ဦးစားပေး ဆောင်ရွက် ခြင်းသည် ဒေသ၏ကျန်းမာရေး စောင့်ရှောက်မှုကို ပိုမိုတိုးမြင့်အောင် ဆောင်ရွက်နိုင် မည်ဖြစ်ပါကြောင်း ။
ထို့ကြောင့် မိုင်းရှူးပြည်သူ့ဆေးရုံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုကောင်းမွန် တိုးတက်လာစေရေးအတွက် ဆရာဝန်၊ သူနာပြုနှင့် တခြားဝန်ထမ်းများ ထပ်မံဖြည့်ဆည်းခန့်ထား ပေးရေး၊ ဆေးဝါးနှင့်စက်ကိရိယာပစ္စည်းများ ထောက်ပံ့ပေးရေးတွေကို ဦးစားပေး ဆောင်ရွက်သွား မည်ဖြစ်ပြီး နောင်မှာ ဆေးရုံ၏လုပ်ငန်းဆောင်ရွက်မှုများ တိုးတက်လာမှုအပေါ် မူတည်ပြီး ခုတင်အဆင့်မြှင့်တင်ခြင်းကို စဉ်းစားဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။
ဦးစိုင်းကံ(မိုင်းရှူးမဲဆန္ဒနယ်)မှ ဆက်စပ်မေးခွန်းအားမေးမြန်းပါသည်။
မိမိအနေဖြင့် ကြယ်ပွင့်ပြမေးခွန်းများ မေးမြန်းရာတွင် မိမိဒေသ၏ အမှန်တကယ်ဖြစ်နေသည့် အခြေအနေများကို သေချာစွာ ကွင်းဆင်းလေ့လာသိရှိပြီးမှသာ ပြည်သူများ ကိုယ်စား မေးမြန်းတင်ပြ တောင်းဆိုပေးခြင်းဖြစ်ပါကြောင်း။
၂၀၂၂-၂၀၂၃ ခုနှစ်မှစတင်ပြီး မိုင်းရှူးမြို့နယ်နှင့် ကျေးသီးမြို့နယ် နှစ်မြို့ကိုစုပေါင်းပြီး မိုင်းရှူး ခရိုင်မြို့အဆင့်သို့ တိုးမြှင့်သတ်မှတ်ခဲ့ပါကြောင်း၊ မိုင်းရှူးမြို့သည် ပတ္တမြားထွက်သည့် မြို့ဖြစ်သည် နှင့်အညီ နိုင်ငံတော်ကိုလည်း အခွန်ဘဏ္ဍာငွေ မြောက်မြားစွာရရှိခဲ့သည့် မြို့တစ်မြို့ဖြစ်ပါကြောင်းနှင့် စုစုပေါင်းလူဦးရေမှာ ၃ သိန်း နီးပါးခန့်ရှိပြီး မိုင်းရှူးမြို့နယ်၊ မိုင်းရှူးခရိုင်အနေဖြင့်တွက်မည်ဆိုပါက လူဦးရေ ၄ သိန်းနီးပါးခန့် ရှိသည့်မြို့လည်းဖြစ်ပါကြောင်း၊ မိုင်းရှူးမြို့နယ်နှင့် နယ်နိမိတ်ချင်း အများဆုံး ထိစပ်သည့် တန့်ယန်းခရိုင်မြို့ သည် မိုင်းရှူးမြို့နှင့် ၅၀ မိုင်ကျော် ကွာဝေးပြီး လူဦးရေစုစုပေါင်း ၂၆၀,၀၀၀ ကျော် မှီတင်းနေထိုင်လျက်ရှိကြပါကြောင်း၊ မိုင်းရှူးမြို့နယ်ရှိ ပြည်သူ့ဆေးရုံကို ၅၀ ခုတင်ဆံ့ တိုးမြှင့်ပေးပါက ပြည်သူလူထုပေါင်း ၆ သိန်းကျော်တို့၏ ကျန်းမာရေးပိုင်းဆိုင်ရာကုသရေး ပိုင်း တွင် စိတ်အေးချမ်းသာစွာ ဖြစ်စေမည်ဖြစ်ပါသောကြောင့် မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံကို ၅၀ ခုတင်ဆံ့ အဆင့်သို့ တိုးမြှင့်ပေးပါရန် လိုအပ်နေပါကြောင်းနှင့် သင့်လျော်မှန်ကန်မည်ဖြစ်ပါကြောင်း အကြံပြု တင်ပြအပ်ပါကြောင်း၊ “ရေမြင့်မှ ကြာတင့်ပါမည်။ ရေမြင့်မှ ကြာမြင့်ပါမည်” ဆိုရိုးစကားနှင့် အညီ ဆေးရုံကို အဆင့်မြှင့်တင်ပေးမှာသာ ကုသခံလူနာအချိုး မြင့်လာမည်ဖြစ်ပါကြောင်းနှင့် ယခု မိုင်းရှူးမှာ ကုသဆောင် နှစ်ထပ်ဆောင် တည်ဆောက်ပေးရန်လည်း လိုအပ်နေပါကြောင်း၊ ကုသ ဆောင်လက်ရှိ အနေအထားမှ ကျဉ်းမြောင်းပြီး အဆင်မပြေမှုများ ရှိနေပါကြောင်း၊ ထို့ကြောင့် နှစ်ထပ် ကုသဆောင် ဆောက်လုပ်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် ယခု မိမိတင်ပြတောင်းဆိုချက်များ သည် မိုင်းရှူးခရိုင်အတွင်း မှီတင်းနေထိုင်ကြသော ပြည်သူများအားလုံးတို့၏အသံ၊ ဆန္ဒ၊ မျှော်လင့်ချက် နှင့်လိုအပ်ချက် အမှန်တကယ်ဖြစ်ပါသဖြင့် ၂၅ ခုတင်ဆံ့မှ ၅၀ ခုတင်ဆံ့အဆင့်သို့ အထူးပြန်လည် စိစစ်ပြီး ကူညီဆောင်ရွက်ပေးပါရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က
ကိုယ်စားလှယ်တော်ကြီး၏ ဒေသလိုအပ်ချက်အပေါ် တင်ပြတောင်းခံထားမှုကို မှတ်တမ်းတင် ဆက်လက် စောင့်ကြည့်တင်ပြပြီးဖြစ်ပါကြောင်း၊ ဆေးရုံတိုးတက်လာအောင် ဝိုင်းဝန်းပံ့ပိုးပြီး စက်ပစ္စည်း ကိရိယာ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖြည့်ဆည်းပေးပြီး ၎င်းအပေါ် မူတည်ပြီးအခုလက်ရှိ သတ်မှတ် ခုတင်ဦးရေကို မမှီသေးဘူးဖြစ်ပါကြောင်း၊ ၎င်းကို ကျော်လုပ်ရမည်ဖြစ်ပါကြောင်း၊ ထို့အတွက် မိမိတို့ ဆက်လက်စောင့်ကြည့်ပြီး ပံ့ပိုးဆောင်ရွက် ပေးမည်ဖြစ်ပါကြောင်း နှင့် အဆောက်အဦ ဆောက်လုပ် ရေးနှင့်စပ်လျဉ်း၍ လိုအပ်ချက်ကို ပြန်လည်စိစစ်ပြီးမှ မိမိအနေဖြင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့်ဖြေကြား ခွင့်ပြုပါကြောင်းဖြင့် ပြန်လည်ဖြေကြားခဲ့ပါသည်။