နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထ အကြိမ် ထောက်ပံ့ကြေးကို ထောက်ပံ့ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်း သည့် မေးခွန်း
မိမိမေးမြန်းလိုသည့် မေးခွန်းမှာ နိုင်ငံတော်အတွင်း နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင် လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေ ဝန်ထမ်းများ၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ဝင်များ၊ နေ့စားဝန်ထမ်း၊ နေ့စားအလုပ်သမားများနှင့် အငြိမ်းစားဝန်ထမ်းများအတွက် နိုင်ငံတော် မှ စတုတ္ထအကြိမ်ထောက်ပံ့ခြင်းနှင့် လစဉ်ပုံမှန် ဆန်၊ ဆီနှင့် မီးဖိုချောင်သုံး စားသောက် ကုန်ပစ္စည်းများကို နိုင်ငံတော်အစိုးမှ ထောက်ပံ့ပေးနိုင်ပါရန် အစီအစဉ် ရှိ မရှိ နိုင်ငံ့ဝန်ထမ်း များ ကိုယ်စား လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် တင်ပြတောင်းဆိုမေးမြန်းသွားမှာဖြစ်ပါကြောင်း။
နိုင်ငံတော်အတွင်း နိုင်ငံတော်၏ တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံဝန်ထမ်းများ၊ တပ်မတော် ကြည်း၊ ရေ၊ လေဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ နေ့စားဝန်ထမ်းများ၊ နေ့စား အလုပ်သမားများနှင့် အငြိမ်းစားဝန်ထမ်းများသည် နိုင်ငံတော်အစိုးရ ယန္တရားကို လည်ပတ် အောင်ဆောင်ရွက်နေကြသည့် နိုင်ငံတော်အစိုးရ၏ ရင်ဝယ် သားသမီး၊ တိုင်းသူပြည်သား များသာ ဖြစ်ကြပါကြောင်း၊ အစိုးရသည် မိဘ၊ နိုင်ငံ့ဝန်ထမ်းများသည် သားသမီးများလည်းဖြစ်ကြပါကြောင်း၊ ထို့အတူ မိမိတို့ လွှတ်တော်ကြီးသည်လည်း ပြည်သူများအသံကို နားထောင်ရသည့် ရင်ခွင်ကြီး တစ်ခုဖြစ်ပါကြောင်း၊ ယနေ့ဖြစ်ပေါ်နေသည့်ကုန်ဈေးနှုန်းကြီး မြင့်လာမှု စားဝတ်နေရေးခက်ခဲမှု လောကဓံလှိုင်းများကို နေ့စဉ် ရင်ဆိုင်ဖြေရှင်းနေရသည့် လူအများစုသည် နိုင်ငံတော်အစိုးရ၏ သားသမီးများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများနှင့်အခြေခံပြည်သူများသာ ဖြစ်ပါကြောင်း၊ နိုင်ငံတော် အတွင်း တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများသည် နိုင်ငံတော်တည်ဆောက်ရေးတွင် အလွန် အရေးပါသူများဖြစ်သကဲ့သို့ ခက်ခဲသောကာလများတွင်ပင် မိမိတို့၏ ဌာနများကိုစွန့်ခွာ ခြင်းမရှိဘဲ နိုင်ငံတော်အတွက် တာဝန်ထမ်းဆောင်ခဲ့ကြသည့် သူများဖြစ်၍ မိမိတို့ လေးစားတန်ဖိုး ထားရသည့် ဝန်ထမ်းများဖြစ်ပါကြောင်း၊ လက်ရှိခံစားခွင့်နှင့် ရပိုင်ခွင့်တစ်ခုထဲပေါ်တွင် မှီခို ရပ်တည် နေကြသည့် နိုင်ငံ့ဝန်ထမ်းများအတွက် အခြေခံလစာအပြင် နိုင်ငံတော်အစိုးရဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနမှ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် ပထမအကြိမ် ၃၀,၀၀၀ ကျပ်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ် လတွင် ဒုတိယ အကြိမ် ၃၀,၀၀၀ ကျပ်၊ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလတွင် တတိယအကြိမ် ၃၀,၀၀၀ ကျပ် စုစုပေါင်း ၉၀,၀၀၀ ကျပ် ထောက်ပံ့ခဲ့ပြီးသည်ကိုလည်း လေးစားစွာသိရှိရပါကြောင်း၊ သို့သော် လည်း ကုန်ဈေးနှုန်း ကြီးမြင့်မှု၊ ခြိမ်းခြောက်မှုဒဏ်များကို ဝန်ထမ်းများလက်ရှိ ခံစားနေရ ဆဲဖြစ်ပါကြောင်း။
ထို့အတွက်ကြောင့် အစိုးရ၏ ရင်ခွင်သားသမီး ဝန်ထမ်းများ ကုန်ဈေးနှုန်းခြိမ်းခြောက်မှုကို အံတုနိုင်ရန် ၎င်းတို့၏စိတ်အင်အားကိုလည်း ပိုမိုဖြည့်ဆည်းပေးနိုင်ရန် လိုအပ်လျက်ရှိပါကြောင်း၊ မိဘဆိုသည်မှာ သားသမီးများ၏ စိတ်ခံစားချက်ကို သိရှိရန်လည်းလိုအပ်လှပါကြောင်း၊ အဂတိ ကင်းရှင်းရန်ဆိုလျှင် ဝန်ထမ်းကောင်းများလည်း လိုအပ်ပါကြောင်း၊ ဝန်ထမ်းကောင်းမှ တိုင်းပြည် ကောင်းမည်ဖြစ်ပါကြောင်း၊ ထို့အတူ အူမတောင့်မှသာလည်း သီလစောင့်နိုင်ကြမည်ဖြစ်ပါကြောင်း၊ ထို့အတူအငြိမ်းစား ဝန်ထမ်းများအတွက်လည်း ထည့်သွင်းစဉ်းစားပေးစေလိုပါကြောင်း၊ ထို့အတွက် ဝင်ငွေနှင့်ထွက်ငွေ မမျှတမှုအပေါ်တွင် စိတ်ဖိစီးခံစားနေကြရသည့်နိုင်ငံ့ဝန်ထမ်းများအတွက် တစ်ဖက်တစ်လမ်း မှလည်း ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကို လျှော့ချပေးစေလိုသည့်စေတနာဖြင့် နိုင်ငံတော်မှ စတုတ္ထအကြိမ်ထောက်ပံ့ကြေးအပြင် လစဉ် ဆန်၊ ဆီ မီးဖိုချောင်သုံး အခြား စားသောက်ကုန်များ ထောက်ပံ့ပေးနိုင်ရန် အစီအစဉ် ရှိ မရှိ သိရှိလိုသောကြောင့် အစိုးရ၏ သားသမီးများဖြစ်သည့် နိုင်ငံ့ဝန်ထမ်းများကိုယ်စား ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်း ခဲ့ပါသည်။
ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က
နိုင်ငံတော်၏တာဝန်ကို ထမ်းဆောင်လျက်ရှိကြသည့် နိုင်ငံ့ဝန်ထမ်းများအား အပို ထောက်ပံ့ကြေး သုံးကြိမ် ခံစားခွင့် ပြုခဲ့ပါကြောင်း၊ ပထမအကြိမ်အနေဖြင့် ကျပ် ၃၀,၀၀၀ကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတွင် လည်းကောင်း ၊ ဒုတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ မှစ၍လည်းကောင်း ၊ တတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ မှစ၍လည်းကောင်း စုစုပေါင်းကျပ် ၉၀,၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့် ပြုခဲ့ ပြီးဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြသော အငြိမ်းစားဝန်ထမ်းများအား အပို ထောက်ပံ့ကြေးအဖြစ် တစ်ဦးလျှင် တစ်လ ကျပ် ၃၀,၀၀၀ ကို ပထမအကြိမ်၊ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လမှစ၍ လည်းကောင်း ၊ ဒုတိယအကြိမ် ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာ လ မှစ၍ လည်းကောင်း စုစုပေါင်းကျပ် ၆၀၀၀၀ ကို အပိုထောက်ပံ့ကြေးအဖြစ် လစဉ်ခံစားခွင့်ပြုခဲ့ ပါကြောင်း၊ လက်ရှိအချိန်တွင် အငြိမ်းစားယူမည့်မြို့ပြဝန်ထမ်းများ၏ အငြိမ်းစား လစာသည် ၁-၄-၂၀၁၈ ရက် လစာမှစ၍ ခွင့်ပြုခဲ့သည့် လစာနှုန်းထားအရ နိုင်ငံ့ဝန်ထမ်း နည်းဥပဒေများ၊ နည်းဥပဒေ ၂၄၆၊ နည်းဥပဒေခွဲ (ခ)တွင် ပြဋ္ဌာန်းထားသည့် ပုံသေနည်းများဖြင့်တွက်ချက်ထားသည့် အငြိမ်းစား လစာ တွင် အပိုထောက်ပံ့ကြေးအဖြစ် နှစ်ကြိမ်ခွင့်ပြုထားသည့် တစ်ဦးလျှင် တစ်လကျပ် ၆၀,၀၀၀ အား ထပ်ပေါင်း၍ ခံစားခွင့်ရှိပါကြောင်း။
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက နေပြည်တော်ကောင်စီအပါအဝင် တိုင်း ဒေသကြီး ပြည်နယ်များတွင် သက်ဆိုင်ရာအစိုးရအဖွဲ့များ၏ စီစဉ်လမ်းညွှန်မှုများဖြင့် ဆန်များကို သင့်တင့်မျှတသောဈေးနှုန်းများဖြင့် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ အပါအဝင် ပြည်သူများက ဝယ်ယူရရှိနိုင်ရေးအတွက် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အလိုက် ဆီစားသုံးရန် လိုအပ်ချက်၊ လမ်းပန်းဆက်သွယ်ရေးနှင့် နယ်မြေလုံခြုံရေးအခြေအနေများအရ စားအုန်းဆီ ဖြန့်ဖြူးရန် ခွဲတမ်း များ လျာထားသတ်မှတ် ပေးလျက်ရှိပြီး သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရ အဖွဲ့များ၏ အစီအစဉ်ဖြင့် နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအပါအဝင် စားသုံးသူပြည်သူ များအား အိမ်ထောင်စုအလိုက် ဆီဝယ်ယူခွင့်စာအုပ်များဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိပါကြောင်း၊ အချို့သော တိုင်းဒေသကြီးပြည်နယ်များသည် တိုင်းဒေသကြီး ပြည်နယ်အစိုးရအစီအစဉ်ဖြင့် အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာ ထုတ်ယူသည့်အခါတွင် ပြည်သူ့ဆေးရုံကြီးများတွင် ကျန်းမာရေးစောင့်ရှောက်စစ်ဆေးပေးခြင်း၊ ဆန်၊ ဆီ၊ ကြက်ဥ၊ ကုန်ခြောက်ပစ္စည်းများကိုလည်း အခါအားလျော်စွာ ထောက်ပံ့ပေးခြင်း၊ စားသောက် ဖွယ်ရာများ ထောက်ပံ့ပေးခြင်းနှင့် သက်ဆိုင်ရာ လက်လီလက်ကား ကိုယ်စားလှယ်များ၊ သက်ဆိုင်ရာ ဌာနများ၊ အသင်းအဖွဲ့များနှင့် ပေါင်းစပ် ညှိနှိုင်း၍ ဈေးနှုန်းချိုသာစွာဖြင့် လစဉ်ရောင်းချပေးခြင်းတို့ကို ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊
လတ်တလောအချိန်တွင် နိုင်ငံတော်၏မူဝါဒအရ ကုန်ထုတ်လုပ်မှု တိုးမြင့်လာစေရေး၊ နိုင်ငံ့ စီးပွားမြှင့်တင်ရေး၊ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေရေးတို့အတွက် ဦးစားပေးသတ်မှတ်ပြီး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အဆိုပါ ကဏ္ဍများဖွံ့ဖြိုး တိုးတက်လာစေရေးအတွက် နိုင်ငံတော်မှ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အသေးစား၊အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေတို့မှ ချေးငွေ ထုတ်ချေးခြင်း၊ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးခြင်းတို့ဖြင့် ဆောင်ရွက်ပေးလျက် ရှိပါ ကြောင်း၊ ယင်းသို့ ဆောင်ရွက်ပေးခြင်းဖြင့် ဝန်ထမ်းများအပါအဝင် ပြည်သူအားလုံးအတွက် တစ်ဖက် တစ်လမ်းမှ ကုန်ဈေးနှုန်းကြီးမြင့်သည့်ဒဏ်ကို လျှော့ချပေးနိုင်ရေးကိုလည်း ရည်ရွယ်၍ ဆောင်ရွက်ပေးခြင်းဖြစ်ပါကြောင်း၊ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစား ယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ်ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရမှ ထောက်ပံ့ ပေးနိုင်ရေးအတွက် နိုင်ငံတော်၏ဘဏ္ဍာရေးအခြေအနေ၊ ဘတ်ဂျက်ခံ နိုင်ရည်ရှိမှု အခြေအနေ၊ နိုင်ငံတော်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့အပေါ်တွင်မူတည်၍ စိစစ်သုံးသပ် ဆောင်ရွက် ရခြင်းဖြစ်ပါကြောင်း။
ယခုလက်ရှိအချိန်တွင် အငြိမ်းစားယူမည့်ဝန်ထမ်းများအပါအဝင် နိုင်ငံ့ဝန်ထမ်းအားလုံး အတွက်ရာထူးအဆင့်အလိုက် သတ်မှတ်ချိန်နှုန်းလစာ အပြင် အပိုထောက်ပံ့ကြေး၊ ဝတ်စုံစရိတ်၊ အိမ်ငှား စရိတ်၊ ရာထူးအဆင့်အလိုက် သတ်မှတ်ထားသည့် ဒေသစရိတ်များ၊ တာဝန်ဖြင့် ခရီးသွား လာခြင်းအတွက် အမှန်တကယ်ကုန်ကျသည့် ခရီးစရိတ်၊ ခရီး နေ့တွက်စရိတ်၊ တည်းခိုစရိတ်နှင့် သီးခြားသတ်မှတ်ချက် များဖြင့် ခံစားခွင့်ပြုထားသည့် စရိတ်များနှင့် အငြိမ်းစားဝန်ထမ်းများအတွက် ပင်စင်လစာအပြင် အပို ထောက်ပံ့ကြေးတို့ကို ခံစားခွင့်ပြုလျက်ရှိနေခြင်းတို့ကြောင့်နိုင်ငံ့ဝန်ထမ်း များနှင့် အငြိမ်းစားယူမည့် ဝန်ထမ်းများအတွက် လစဉ် ဆန်၊ ဆီ၊ ကုန်ခြောက်ပစ္စည်းများနှင့် စတုတ္ထအကြိမ် ထောက်ပံ့ကြေးကို နိုင်ငံတော်အစိုးရအနေဖြင့် လတ်တလောတွင် ထောက်ပံ့ပေးရန် အစီအစဉ် မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။