MY EN

(ဈ)-ဦးတင်ဦး(အိမ်မဲ မဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင်ဦး (အိမ်မဲ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အိမ်မဲမြို့နယ်၊ အိမ်မဲ-ဝါးခယ်မကားလမ်းမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာအုပ်စုချင်း ဆက်လမ်း၏ မြေသားလမ်းအား ကျောက်ချောလမ်းခင်းပေးရန်  အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း

အိမ်မဲ-ဝါးခယ်မလမ်းမှ ကြာတန်းကျေးရွာသို့ ဆက်သွယ်ထားသော ကျေးရွာအုပ်စုချင်း ဆက်လမ်းသည် ၁၉၉၇-၁၉၉၈ ခုနှစ်လောက်က ပြည်သူလူထုလုပ်အားဖြင့် ဖောက်လုပ်ထားသည့် လမ်းဖြစ်ပါကြောင်း၊ ကျေးရွာ အုပ်စု ၆ အုပ်စု၊ ကျေးရွာခွဲ ၂၉ ရွာ၊ အိမ်ခြေ ၂၄၇၀ လုံး၊ အိမ်ထောင်စု ၂၄၉၆ စု၊ လူဦးရေ ၁၁၅၁၆ ဦးရှိပြီး ကျေးလက်ကျန်းမာရေး ၁ ခု၊ ကျေးလက် ကျန်းမာရေးဌာနခွဲ ၃ ခု၊ အ.ထ.က ကျောင်း ၁ ကျောင်း၊ အ.လ.က ကျောင်း ၁ ကျောင်း၊ အ.မ.က (မူလွန်)ကျောင်း ၁ ကျောင်း၊ အ.မ.က ကျောင်း ၃ ကျောင်း၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေး၊ စိုက်ပျိုးရေးကိစ္စရပ်များ အတွက် နေ့စဉ်အသုံးပြုနေရသော ကျေးရွာအုပ်စုချင်းဆက် လမ်းဖြစ်ပါကြောင်း၊ ၎င်းလမ်းသည် မြေသားလမ်းဖြစ်သည့်အတွက် နွေအခါများတွင်သာ အသုံးပြု၍ရပြီး မိုးအခါတွင်အသုံးပြု၍ မရပါသောကြောင့် ဒေသခံပြည်သူများ အနေဖြင့်အခက်အခဲကြုံတွေ့လျက် ရှိပါကြောင်း၊ ၎င်းလမ်းသည် ၆ မိုင် ၅ ဖာလုံ ရှိပြီး သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဖွံ့ဖြိုးရေး ဦးစီးဌာန ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class A အဆင့်ရှိလမ်းဖြစ်ပါကြောင်း၊ ၂၀၂၄- ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် စတင်၍ ကျောက်ချောလမ်းအဖြစ် ၁ မိုင် ၂ ဖာလုံ အား အဆင့်မြှင့်တင် ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ကျန်ရှိနေသော ၅ မိုင် ၄ ဖာလုံခန့်မှာ မြေသားလမ်းဖြစ်သောကြောင့် မိုးအခါများတွင် သွားလာ၍ မရဘဲ လမ်းပျက်စီးမှုများ နှစ်စဉ်ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ အိမ်မဲမြို့နယ် တွင် အစိုးရအဆက်ဆက် အခြားကျေးလက် လမ်းများကို မြေသားလမ်းအဖြစ်မှ ကျောက်ခင်း လမ်းများ အဖြစ် အဆင့်မြှင့်တင်ပေးခဲ့ကြသော်လည်း ၎င်းလမ်း စတင်ဖောက်လုပ်ခဲ့သည့် ၁၉၉၇- ၁၉၉၈ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ ၂၆ နှစ်လုံးလုံး မြေသားလမ်းအဖြစ်နှင့်သာ ရှိနေခဲ့ပြီး ချန်လှပ်ခံခဲ့ရသော ကျေးရွာအုပ်စုချင်းဆက်လမ်းလည်းဖြစ်ပါကြောင်း။ 

၂၀၂၄ ခုနှစ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရတာဝန်ယူသည့်အချိန်တွင် ကျောက်ခင်း လမ်းအဖြစ် အဆင့်မြှင့်တင်ပေးခဲ့သည့်အတွက် ဒေသခံပြည်သူများမှ နိုင်ငံတော်အကြီးအကဲနှင့် သမဝါယမကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနကို အထူးကျေးဇူးတင်လျက်ရှိပြီး ယခု အစိုးရအသစ် တာဝန်ယူသည့် အချိန်ကာလအတွင်း ကျောက်ခင်းလမ်းအဖြစ် အပြီးတိုင်ဆောင်ရွက်ပေးမည်ဟုလည်း ယုံကြည်မျှော်လင့် အားကိုးလျက်ရှိပါကြောင်း သို့ဖြစ်ပါ၍ အိမ်မဲ-ဝါးခယ်မလမ်းမှ ကြာတန်းကျေးရွာကို ဆက်သွယ်ထားရှိသော ကျေးရွာအုပ်စုချင်းဆက်လမ်းတွင် ကျန်ရှိနေသောမြေသားလမ်း ၅ မိုင် ၄ ဖာလုံခန့်အား နှစ်စဉ်ဘဏ္ဍာရေးနှစ်အလိုက် ထည့်သွင်းလျာထားသတ်မှတ်၍ ကျောက်ချောလမ်း အဖြစ်အဆင့်မြှင့်တင်ပြီး ပြီးဆုံး‌အောင်အထိ ဆောင်ရွက်ပေးနိုင်ခြင်း ရှိ/ မရှိ ကိုသိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

အိမ်မဲမြို့နယ်၊ အိမ်မဲ၊ ဝါးခယ်မကားလမ်းမှ ကြာတန်းလမ်း သည်၁မိုင် ၂ ဖာလုံကနေပြီး၂ မိုင် အထိမြေသားလမ်းဖြစ်ပါပြီး ပြည်ထောင်စုမှ စီမံခန့်ခွဲသော Class-A အဆင့်ရှိသည့်လမ်း ဖြစ်ပါ ကြောင်း၊ ကျောက်ချောလမ်း ၁ မိုင် ၂ ဖာလုံ၊ မြေသားလမ်း ၅ မိုင် ၃.၅၂ ဖာလုံ စုစုပေါင်း ၆ မိုင် ၅.၅၂ ဖာလုံ ရှိပါကြောင်း၊ အဆိုပါလမ်းအား ၂၀၂၄ - ၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ၇ ဖာလုံ၊ ၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၌ ၃ ဖာလုံ ကျောက်ချောလမ်းခင်းခြင်းကို ပြည်ထောင်စု ငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် အရှည် ၂ ဖာလုံ ကျောက်ချောလမ်း ခင်းခြင်းကို ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်လျက် ရှိပြီး  ကျောက်ချောလမ်း အရှည် ၁ မိုင် ၄ ဖာလုံ ဆောင်ရွက်ပြီးဖြစ်ပြီး ၅ မိုင် ၁.၅၂ ဖာလုံ ကျန်ရှိမည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ကျေးလက်လမ်းဖွံ့ဖြိုးရေး မဟာဗျူဟာအရ မြေသားလမ်းမှ ကျောက်ချောလမ်း အဆင့်မြှင့်တင်ခြင်း ၃ ဖာလုံကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် ရန်ပုံငွေတွင် ထည့်သွင်း လျာထားသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ် မူတည်၍ ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါ ကြောင်း ဖြေကြားခဲပါသည်။