MY EN

(က)- ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
သာသနာရေးဝန်ကြီးဌာန
မေးခွန်း
ဦးဉာဏ်ဝင်းထိုက် (ဗိုလ်တထောင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်၊ ဘုရားပတ်ဝန်းကျင်နှင့် ဗိုလ်တထောင်ဆိပ်ကမ်း တို့အား သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်း သည့်မေးခွန်း

ဗိုလ်တထောင်မြို့နယ်သည်  ရန်ကုန်မြို့စတည်ကတည်းက တည်ရှိသည့်ရှေးဟောင်းမြို့ တစ်မြို့ ဖြစ်ပါကြောင်း၊ရှေးဟောင်းသမိုင်းဝင်ဖြစ်သည့် ကျိုက်ဒေးအပ် ဆံတော်ဦးဗိုလ်တထောင်စေတီတော် ကြီး အပြင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အစိုးရအဖွဲ့ဝင်များ လုပ်ကြံခံရသည့် သမိုင်းဝင် ဝန်ကြီးများရုံးနှင့် ကိုလိုနီခေတ်ကျောင်းများဖြစ်သည့် အ.ထ.က (၆) စိန်ပေါ၊ အ.ထ.က (၂)နှင့် အ.ထ.က (၄) ကျောင်းများ ရန်ကုန်မြို့၏ Heritage Bulding စာရင်းတွင်ပါရှိပါကြောင်း၊ အခြားသော သမိုင်းဝင် အဆောက်အဦ များရှိပါကြောင်း။ 

ဗိုလ်တထောင်စေတီတော်ကြီး၏ အထူးခြားဆုံးအချက်သည် စေတီတော်အတွင်းပိုင်းရှိ ‌‌ရှေးရောင် လျှောက်လမ်းတစ်လျှောက်မှဝင်ပြီး ဓာတ်တော်တိုက်ရှေးဟောင်းဗုဒ္ဓဆင်းတုတော်များ၊ သာသ နာနိကပစ္စည်းများကို အနီးကပ်ဖူးမျှော်လေ့လာနိုင်ပါကြောင်း၊ ဗိုလ်တထောင်ဘုရားကြီးကို ပြည်တွင်း ပြည်ပဘုရားဖူးများအပြင် ထိုင်း၊ သီရိလင်္ကာ၊ ဂျပန်အပါအဝင် နိုင်ငံပေါင်း ၁၀ နိုင်ငံမှ ဘုရားဖူးများ လာရောက်လည်ပတ်လျက်ရှိပါကြောင်း၊ နိုင်ငံများသည် ဗုဒ္ဓဘာသာဝင်များ၊ သမိုင်းလေ့လာသူ၊ ယဉ်ကျေးမှုနှင့် ဗိသုကာလက်ရာစိတ်ဝင်စားသူများ မပြတ်လာရောက်ဖူးမျှော်လျက်ရှိနေပါကြောင်း၊ ဘုရားကြီး၏မျက်နှာစာမှလွဲ၍ အခြားနေရာများတွင် သန့်ရှင်းသပ်ရပ်မှုအားနည်းနေ၍ ဘုရားကြီးနှင့် တစ်ဆက်တည်း ဗိုလ်တထောင် ကမ်းနားတွင်ဆိုလျှင် စနစ်တကျမဟုတ်သည့် ပျံကျဈေးသည်များ၊ ခိုစာရောင်း ငှက်လွှတ် ဈေးသည်များ၊ အရွယ်မျိုးစုံတောင်းရမ်းသည့်သူများ၊ ကြုံသလိုစည်းကမ်းမဲ့စွာ ရပ်ထားသည့်အငှားယာဉ်၊ အနှေးယာဉ်များနှင့်ပြည့်နှက်နေ၍ ထိုပတ်ဝန်းကျင်သည်သန့်ရှင်းမှုမရှိဘဲ ညစ်ပတ်ဆိုးရွားလျက်ရှိပါကြောင်း၊ ညဘက်တွင် ပျံကျဈေးကိုလည်း ကြုံသလိုဆိုင်နေရာ များဖွင့်ပြီး ရောင်းချနေပါကြောင်း၊ တချို့ မီးမရှိသည့် ချောင်ကျသည့် နေရာများတွင် ဒုစရိုက် သမားများ၊ ဆေးသုံးသည့်သူများ၊ မကောင်းတာလုပ်သည့် သူများ အားလုံးသည် ခိုအောင်းအခြေချသည့်နေရာ လည်းဖြစ်ပါကြောင်း၊ ကမ်းနား၏ နေ့ညအလှနှင့် သန့်ရှင်းသာယာမှုကို ညှိုးနွမ်း ညစ်ပေနေပြီး ဘုရားကြီးနှင့် ဘယ်လိုမှမတင့်တယ်သည့်နေရာတစ်ခုဖြစ်ပါကြောင်း။

ဘုရားကြီးသို့လာသည့် ဘုရားဖူးယာဉ်များသည်လည်း ယာဉ်ရပ်နားရန် သီးသန့်နေရာ မရှိသော် ကြောင့် ယာဉ်များ၏ ကြုံသလိုရပ်နေရသည့်ဖြစ်သည့်အတွက် ဘုရားပွဲနှင့် လူကြီးခရီးစဉ် များရှိသည့် နေ့များတွင် ယာဉ်ကြောများ လမ်းများ မပြတ်ပိတ်ပါကြောင်း၊ ထို့ကြောင့် ဗိုလ်တထောင် ကမ်းနား နေရာလွတ်တွင် ဘုရားဖူးယာဉ်များရပ်ရန်နေရာစီစဉ်ပေးခြင်း၊ ကမ်းနားတွင် အားကစား လုပ်သည့် ပစ္စည်းများပျက်ဆီးသည်ကိုလည်း အသစ်ဆောင်ရွက်ပေးခြင်း၊ ကမ်းထိန်းနံရံများတွင် အမှိုက်များ စည်းကမ်းမဲ့ပစ်နေသည်ကို တားမြစ်၍ သန့်ရှင်းလှပအောင်ဆောင်ရွက်ပေးခြင်း၊ ကမ်းနားသည် နံနက် ညပိုင်းများတွင် နေဝင် နေထွက်အလှကို ကြည့်ရှုရန်နှင့် အပန်းဖြေရန် လုပ်ပေးထားသည့် အလှထိုင် ခုံများသည်လည်း ကျိုးပဲ့ညစ်ပေပျက်စီး၍ သန့်ရှင်းအောင် အစားထိုးစီစဉ်ပေးခြင်း၊ ဆိပ်ကမ်း နှင့် ဆိပ်ခံဗောတံတားများတွင် ပြည်သူများတက်၍လေညှင်းခံခြင်း၊ ထိုင်စကားပြောခြင်းများ လုပ်နေပါ ကြောင်း၊ ထိုဗောတံတားများသည်လည်း ပေါက်ပြဲ၍ သစ်သားခင်း များထောင်နေလို့ ပြည်သူများ အန္တရာယ်ရှိသည်ဖြစ်သည့်အတွက် ပြင်ဆင်ပေးခြင်း၊ ကမ်းနားတွင် ဖြစ်သလိုဈေးဆိုင်များခင်း၍ နေ့ ဈေး ညဈေးရောင်းသည်ကိုလည်း စနစ်တကျစီစဉ် ပေးခြင်းတို့အပြင် အခြားလိုအပ်သည့်ကိစ္စများ ဆောင်ရွက်ပေးနိုင်ရန်လည်း လိုအပ်မည်ဖြစ်ပါကြောင်း။

ဘုရားကြီးနှင့်ကပ်နေသည့် ကမ်းနားမှကွန်တိန်နာ ဝန်းသည်လည်း လူနေရပ်ကွက်များအတွက် အလွန်အန္တရာယ်များပါကြောင်း၊ ၂၀၀၈ ခုနှစ် နာဂစ်တွင် ကွန်တိန်နာ တချို့ပြိုကျ၍ လူများထိခိုက် ဒဏ်ရာ မဖြစ်ခဲ့သည်ကို ကျေးဇူးတင်ရမည်ဖြစ်ပါကြောင်း၊ ထိုကွန်တိန်နာတွင် နေ့စဉ်အတင်အချ ရွှေ့ပြောင်းလုပ် လို့ထွက်လာသည့်မြေပြင်၏ ပြင်းထန်သည့်တုန်ခါမှု၊ ရိုက်ခတ်မှုများသည် ထိုအနားတွင်နေထိုင်သည့် ပြည်သူများအတွက် အန္တရာယ်ရှိသလို အနားတွင်ရှိသည့် ဘုရားကြီးအပါအဝင် အဆောက်အဦများ၏ ကြံ့ခိုင်မှုကိုအားနည်း၍ သက်တမ်းတိုစေပါကြောင်း၊ တုန်ခါမှု၏ ရိုက်ခတ်သည့် ပြင်းထန်မှုတွင် ကပ်နေသည့်ဘုန်းကြီးကျောင်းအပါအဝင် ဝါကြီးသည့် သံဃာတော်များ၏ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်၍ သံဃာတော်များ၏နေ့စဉ် တရားကျင့်ကြံမှု၊ ကြိုးပမ်းမှုများကိုလည်း အနှောင့် အယှက်ဖြစ် ၍ ကြာလာရင်အဆင်မပြေနိုင်ကြောင်း၊ ထိုနားမှာရှိသည့် ပြည်သူ၏ သံဃာတော်များ ပြောဆိုလာပါ ကြောင်း၊ ထို့ကြောင့် ထိုကွန်တိန်နာဝန်ကြီးကိုလည်း တစ်ခုခုစီစဉ်ဆောင်ရွက် ပေးရန်လိုအပ်မည် ဖြစ်ပါ ကြောင်း။

ထို့အတွက်ကြောင့် ပြည်တွင်း ပြည်ပ ဘုရားဖူးများမပြတ် လာရောက်ဖူးမျှော်ကြည်ညို လျက်ရှိ သည့် ဗိုလ်တထောင်မြို့၏ ကျက်သရေဆောင် သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦး စေတီ တော်ကြီး၏ ပတ်ဝန်းကျင်နေရာများ သန့်ရှင်းသာယာလှပစေရေးနှင့် ဘုရားကြီးနှင့် တစ်ဆက် တည်းရှိသည့် ဗိုလ်တထောင်ကမ်းနားကို ဘုရားဖူးရင်း အပန်းဖြေ သွားလာနိုင်ရန်၊ ကမ္ဘာလှည့်ခရီး သည်များအပါအဝင် သွားလာနိုင်စေရန် နိုင်ငံတကာအဆင့်မီ ပြုပြင်ပေးခြင်းနှင့် သန့်ရှင်းသာယာ လှပမှု စနစ်တကျဖြစ်စေဖို့ ဆောင်ရွက်ပေးနိုင်ရန် အစီအစဉ် ရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

သာသနာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးလင်းအောင် က

ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့အနေဖြင့် စေတီတော်ဩဝါဒါစရိယဆရာတော်ကြီးများထံ ဩဝါဒခံယူ၍ စေတီတော်ကြီး၏ ရင်ပြင်တော်တစ်ခု လုံးသည် စေတီတော်အင်္ဂါရပ်များနှင့်အညီဖြစ်စေရန် နှစ်စဉ် ပြန်လည်ပြုပြင်မွမ်းမံထိန်းသိမ်း ဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတီတော်ကြီး၏ ရင်ပြင်တော်တစ်ခုလုံး ပိုမိုကောင်းမွန်သန့်ရှင်း သပ်ရပ်မှုရှိစေရန် စေတီတော်ကြီးရှိ ဝတ္တကမြေသာယာလှပရေးဌာနကို ယခင်က ဝန်ထမ်းအင်အား ၂၅ ဦးဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ဝန်ထမ်းအင်အား ၄၅ ဦး တိုးမြှင့် ခန့်အပ်ပြီး ရင်ပြင်တော် ပတ်လည် သန့်ရှင်းရေးလုပ်ငန်းကို ဦးစားပေးဆောင်ရွက်လျက်ရှိပါကြောင်း။

ဖိနပ်အပ်နှံလက်ခံခြင်း၊ အုန်းသီး၊ ငှက်ပျောသီးများစွန့်ပစ်၍ သိမ်းဆည်းခြင်း၊ သန့်ရှင်းခြင်း လုပ်ငန်းများကိုလည်း တာဝန်ခွဲဝေ၍ စနစ်တကျစီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် စေတီတော် ကြီး၏ ဂေါပကအဖွဲ့ ဝန်ထမ်းများစုပေါင်း၍ အပတ်စဉ် ကြာသပတေးနေ့တွင် လည်းကောင်း၊ စေတနာရှင် ကုသိုလ်ပြုအသင်းအဖွဲ့များသည် အပတ်စဉ် စနေ၊ တနင်္ဂနွေနေ့များတွင်လည်းကောင်း သန့်ရှင်းရေးလုပ်ငန်းများကို ကုသိုလ်ပြုဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ရင်ပြင်တော်ပေါ်တွင် အလှူခံ များ၊ တောင်းရမ်းစားသူများ၊ အရက်သေစာသောက်စားထားသူများ၊ မြန်မာ့ယဉ်ကျေးမှုနှင့် မကိုက်ညီ သော ဝတ်စားဆင်ယင်မှုများ စကပ်တို၊ ဘောင်းဘီတို၊ ရင်ပြတ်၊ လက်တစ်လုံး ကြိုးအင်္ကျီများ၊ ခြေအိတ်ဝတ်ဆင်ခြင်း၊ ဖိနပ်စီးခြင်း တို့ကို ခွင့်ပြုထားခြင်းမရှိဘဲ လုံခြုံရေးဝန်ထမ်းများမှ အမြဲတစေကြပ် မတ်စောင့်ကြည့် စစ်ဆေးဆောင်ရွက် လျက်ရှိပါကြောင်း။

စေတီတော်လုံခြုံရေးနှင့်စပ်လျဉ်း၍ အတွင်းစည်း အပြင်စည်းသတ်မှတ်၍ ယခင်လုံခြုံရေး ဝန်ထမ်းအင်အား စုစုပေါင်း ၅၀ ဦးခန့်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယခုအချိန်တွင် လုံခြုံရေးဝန်ထမ်း အင်အားစုစုပေါင်း ၇၁ ဦးအထိ တိုးမြှင့်ခန့်အပ်ထားပြီး အဆိုင်း ၂ ဆိုင်းခွဲ၍ တစ်ဆိုင်းလျှင် တာဝန် ချိန်အား ၂၄ နာရီ ပေးအပ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အတွင်းစည်းဖြစ်သော စေတီတော်ကြီး ရင်ပြင်တော်တစ်ခုလုံးကို လုံခြုံရေးဝန်ထမ်း ၁၈ ဦးဖြင့်လည်းကောင်း၊ အပြင်စည်းဖြစ်သော ဘုရားလမ်း ပတ်လည်နှင့် အစ်မတော်မြနန်းနွယ် ကျောင်းဆောင်တို့တွင် လုံခြုံရေးဝန်ထမ်း ၁၀ ဦးဖြင့်လည်းကောင်း တာဝန်များခွဲဝေဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့အပြင် CCTV အလုံးရေ ၁၆၅ လုံးတို့ကို CCTV စောင့်ကြည့် လုံခြုံရေးဝန်ထမ်း ၉ ဦးတို့အနက် အလှည့်ကျတာဝန်ပေးအပ်၍ အချိန်ပြည့်စောင့်ကြည့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဘုရားဖူးယာဉ်များအဆင်ပြေစေရန် ယာဉ်ရပ်နားနိုင်ရန်အတွက် ဘုရား ပိုင်ဧရိယာတွင် အခမဲ့စီစဉ်ဆောင်ရွက်ထားရှိသော်လည်း ယာဉ်ရပ်နားနိုင်သည့်နေရာ စုစုပေါင်း အကျယ်အဝန်းသည် ကျဉ်းမြောင်းသည့်အတွက်ကြောင့် ဘုရားဖူး များသည့် စနေ၊ တနင်္ဂနွေနေ့ များ တွင် ယာဉ်ရပ်နားရန် နေရာအခက်အခဲများ မဖြစ်ပေါ်စေရန်အတွက် ဝန်ထမ်းများဖြင့် ကြပ်မတ် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

စေတီတော်ကြီး၏ ရင်ပြင်တော်ပေါ်ရှိ အမှိုက်ပုံးများထဲရှိ အမှိုက်များကိုလည်း မြို့နယ်စည်ပင် သာယာရေးကော်မတီမှ နေ့စဉ်လာရောက်၍ စနစ်တကျသိမ်းဆည်းဆောင်ရွက်လျက်ရှိပါကြောင်း။ လမ်းမဘေးတွင်ရှိသည့် လမ်းဘေးဈေးသည်များကိုလည်း မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့်ပူး ပေါင်း၍ သတိပေးရှင်းလင်းဆောင်ရွက်လျက်ရှိပါကြောင်း၊ စေတီတော်ကြီး၏ ဘုရားလမ်းပတ်လည် သည်လည်း အလင်းရောင်များရရှိစေရန်အတွက် Solar စနစ်နှင့် လမ်းမီးများကို စနစ်တကျတပ်ဆင် ဆောင်ရွက် ထားရှိပါကြောင်း။

ဘုရားဖူးလာရောက်သူများ အဝင် အထွက် အဆင်ပြေစေရန် ယခင်က အရှေ့ဘက်မုခ်တစ်ခု တည်းကိုသာ ဖွင့်လှစ်၍  အဝင် အထွက် ပြုလုပ်ခဲ့သော်လည်း ယခု ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ မှစတင်၍ တောင်ဘက်မုခ်ကို ဘုရားဖူးအဝင် အထွက်အဆင်ပြေစေရန် ဖွင့်လှစ်ဆောင်ရွက်ထားရှိပါကြောင်း၊ သာသနာရေးဝန်ကြီးဌာနအနေဖြင့် နိုင်ငံတော်သမ္မတရုံး၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံတစ်ဝန်တွင် ရှိသည့် ဘုရား၊ စေတီ၊ ပုထိုးများ၊ သာသနိကအဆောက်အအုံများ ပရိဝုဏ်အတွင်း အပြင် သန့်ရှင်းသပ်ရပ် ကြည်ညိုဖွယ်ဖြစ်စေရန်အတွက် လိုအပ်သလိုကြပ်မတ်ဆောင်ရွက်ပေးနိုင်ရန် တိုင်းဒေ သကြီး ပြည်နယ်အစိုးရအဖွဲ့များအားလုံးကို ၂၆-၅-၂၀၂၆ ရက်စွဲပါစာအမှတ်၊၅၀၀/၄-၂၂/ သာသနာ ရေး(၀၈၃၈)ဖြင့် ညှိနှိုင်းမေတ္တာရပ်ခံထားရှိပါကြောင်း၊  ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့လည်း ၅-၆-၂၀၂၆ ရက်စွဲပါ စာအမှတ်၊ ၄/၉-၂(၇)/ပြန်/သာ(၆၅၇၃)ဖြင့် ရန်ကုန်မြို့တော် စည်ပင် သာယာရေး ကော်မ တီ၊ ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေး မှူးရုံး၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများကို ညွှန်ကြား၍ ပူးပေါင်းဆောင်ရွက်လျက်ရှိပါ ကြောင်း။

ကိုယ်စားလှယ်တော်ကြီးမေးမြန်းသည့် ဗိုလ်တစ်ထောင်မြို့နယ်၏ ကျက်သရေဆောင်ဖြစ် သော သမိုင်းဝင်ဗိုလ်တထောင် ကျိုက်ဒေးအပ်ဆံတော်ဦးစေတီတော်ကြီး သန့်ရှင်းသပ်ရပ်သာယာ လှပစေခြင်းနှင့် ဘုရားကြီးအနီးရှိ ဗိုလ်တထောင်ဆိပ်ကမ်းသည် ဘုရားဖူးလာရင်းနှင့် တစ်ဆက် တည်း အပန်းဖြေသွားလာနိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ သန့်ရှင်းသပ်ရပ်သာယာ လှပစေခြင်း တို့သည် ဆောင်ရွက်ပေးနိုင်ရန် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လေ့လာ သုံးသပ်လျာ ထားလျက် ရှိပါကြောင်းနှင့် ပြည်သူများစိတ်ချမ်းမြေ့စွာ ဘုရားဖူးကုသိုလ်ပြုနိုင်ရန် အတွက် ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။