MY EN

(ဂ)- ဦးတင်ထွန်းလွင်(ကလေးဝ မဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင်ထွန်းလွင် (ကလေးဝ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကလေးဝမြို့နယ်တွင် ဒေသစရိတ်ခံစားခွင့်မရှိသည့်နေရာများသို့ ပြောင်းရွှေ့တာဝန် ထမ်းဆောင် နေရ သော နိုင်ငံ့ဝန်ထမ်းများအား ဒေသစရိတ်ခံစားခွင့်ရရှိနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်း နှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိအနေဖြင့်ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကြီး၏ ခွင့်ပြုချက်အရ လုံခြုံရေးနှင့် အခြား အကြောင်း များကြောင့် ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသကျေးရွာများမှ ဒေသစရိတ်ခံစားခွင့်မရှိ သည့် ဒေသ မြို့များသို့ ယာယီပြောင်းရွှေ့တွဲဖက်တာဝန်ထမ်းဆောင်နေကြရသော နိုင်ငံ့ဝန်ထမ်းများအား အထူး အစီအစဉ်တစ်ရပ်အနေဖြင့် ဒေသစရိတ်ခံစားခွင့်ရရှိနိုင်ရေးဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိကို သိရှိလိုသောကြောင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းသွားမည်ဖြစ်ပါကြောင်း။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်တွင် လုံခြုံရေးအခြေအနေအရလည်းကောင်း၊ မိသားစုအလိုက် တိုက်ပွဲရှောင်နေကြရသဖြင့်လည်းကောင်း၊ နယ်မြေငြိမ်းချမ်းမှုမရှိခြင်း တို့ကြောင့် လည်းကောင်း၊ တခြားအကြောင်းအမျိုးမျိုးတို့ကြောင့်လည်းကောင်း၊ နိုင်ငံ့ဝန်ထမ်း အများအားဖြင့် ကျောင်းဆရာ ဆရာမများသည် ယင်းတို့တာဝန်ကျရာ ဝေးလံခေါင်ပါး သောဒေသစရိတ် ခံစားခွင့် ရှိသည့် ဒေသကျေးရွာများမှ အသက်အိုးအိမ်လုံခြုံစိတ်ချရာ ဒေသစရိတ် ခံစားခွင့်မရှိသည့် ဒေသမြို့ များသို့ ယာယီပြောင်းရွှေ့တွဲဖက်တာဝန်ထမ်းဆောင်ကြရလျက်ရှိပါကြောင်း၊ ထိုနည်းတူမြန်မာ နိုင်ငံ အတွင်းရှိတခြားမြို့များတွင်လည်း ယခုကဲ့သို့ လုံခြုံအေးချမ်းရာ ဒေသမြို့များသို့ ယာယီ ပြောင်းရွှေ့ တွဲဖက်တာဝန်ထမ်းဆောင်နေကြရသော ဝန်ထမ်းအမြောက်အမြား ရှိလိမ့်မည်ဖြစ်ပါကြောင်း၊ အထက်ပါ ဒေသစရိတ်ခံစားခွင့် မရရှိသည့်ဒေသမြို့များသို့ ယာယီပြောင်းရွှေ့ တွဲဖက်တာဝန် ထမ်းဆောင်နေကြရသော ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းဥပဒေ စာမျက်နှာ ၅၆၊ အခန်း (၁၂) ၊ အပိုဒ် ၁၃၅၊ အပိုဒ်ခွဲ (ခ)၊ အပိုဒ်ခွဲငယ်(၁)၊ (၂)၊ (၃)ပါ ပြဋ္ဌာန်းချက်များအရ ဒေသစရိတ်ခံစား ခွင့်မရရှိသဖြင့် စီးပွားရေးအကျပ်အတည်း၊ နေထိုင်ရေးအခက်အခဲ၊ လူမှုရေးဒုက္ခများဖြင့် ကြုံတွေ့ နေကြရပါတယ်။ ဒေသစရိတ်ရရှိခဲ့သောနေရာများမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများသည် ၎င်းတို့ အတွက် လုံခြုံအေးချမ်းရာဒေသများသို့ တွဲဖက်တာဝန်ထမ်း‌ဆောင်ကြရာတွင် ဒေသစရိတ်ခံစားခွင့် မရရှိ ကြတော့သောကြောင့် အိမ်ငှားခများ အဆမတန်မြင့်မားခြင်းအပြင် စားဝတ်နေရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဒေသအတွင်း အစစအရာရာကုန်ဈေးနှုန်းများ ကြီးမြင့်သည့်ဒဏ် စသည့်အခက်အခဲ များစွာ ရင်ဆိုင်နေကြရပါကြောင်း၊ မိမိတို့သားသမီးများ၏ပညာရေး၊ ကျန်းမာရေးများအား ငဲ့ကွက်၍ လည်းကောင်း ဌာန၏တာဝန်များကို ဆက်လက်တာဝန်ထမ်းဆောင်လိုသောဆန္ဒများကြောင့်သာ ယာယီတွဲဖက်တာဝန်ကျသောနေရာများ၌ ကျောင်းပိတ်ရက်၊ နားရက်များတွင် နေ့စားအလုပ် လုပ်ကိုင်ခြင်း၊ အငှားအလုပ် လုပ်ကိုင်ခြင်း၊ ရရာအလုပ်များကို လုပ်ကိုင်နေရခြင်းစသည့် သမာ အာဇီဝ ကျသောလုပ်ငန်းများကို လုပ်ကိုင်ပြီး မိသားစုစားဝတ်နေရေးအခက်အခဲများ ရင်ဆိုင်ဖြေရှင်း နေကြရပါကြောင်း၊

လူမှုရေးခက်ခဲသော ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသကျေးရွာများတွင် တာဝန် ထမ်းဆောင် ခဲ့ကြသော နိုင်ငံ့ဝန်ထမ်းများသည် ၎င်းတို့၏ဆန္ဒအရ ယခုကဲ့သို့ ယာယီအပြောင်းအရွှေ့တွဲဖက် တာဝန်ထမ်းဆောင်ကြရသူများမှာ နိုင်ငံတော်နှင့် နိုင်ငံသားများအပေါ် တာဝန်သိမှု၊ သစ္စာရှိမှု၊ ယခုကာလထက်တိုင် ဆက်လက်တာဝန်ထမ်းဆောင်နေကြသူများဖြစ်ရာ ၎င်းတို့၏စီးပွား‌ရေး၊ လူမှုရေး အခက်အခဲ၊ အကျပ်အတည်းများ ပြေလည်စေရန်အလို့ငှာ အဆိုပါထူးခြားသော ဒေသများ ရှိ နိုင်ငံ့ဝန်ထမ်းများအား ယင်းတို့ ယခင်မူလခံစားလျက်ရှိသော ဒေသစရိတ်များအတိုင်း ခံစား ခွင့်ရ ရှိနိုင်ရေးအတွက် ပြည်ထောင်စုအစိုးရမှ အထူးရရှိရေးအတွက် သိရှိလိုပါသဖြင့် မဲဆန္ဒရှင်ကျောင်း ဆရာ ဆရာမများ၊ ဝန်ထမ်းများ၏ ကိုယ်စား မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က

မြန်မာနိုင်ငံအတွင်း တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ဝေးလံခေါင်သီ၍ လူမှုရေးခက်ခဲသော ဒေသများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ်ခံစားခွင့်နှင့် စပ်လျဉ်း၍ ပြည်ထောင်စုအဆင့်စိစစ်ရေးကော်မတီက အခြေခံအချက်ကြီး ၁၁ ချက်ကို တိုင်း ဒေသကြီး ပြည်နယ်များအလိုက် စိစစ်ရန်စံနှုန်းအဖြစ်သတ်မှတ်ထားရှိခဲ့ပြီး ပြည်ထောင်စုအဆင့် စိစစ်ရေး ကော်မတီက အခြေခံအချက်များအပေါ် တွင်ရရှိသည့် အမှတ်များအလိုက် ပြန်လည် စိစစ် သုံးသပ်ပြီးသည့်နောက် မြို့ပေါ် ၁၂၄ မြို့နှင့် ကျေးရွာအုပ်စု ၃,၀၇၁ အုပ်စု၊ ကျေးရွာ ၂ ရွာအား ဝေးလံ ခေါင်သီ၍ လူမှုရေး ခက်ခဲသောဒေသများအဖြစ် (က) လူမှုရေး သင့်တင့်သောဒေသများ၊ (ခ) လူမှုရေးခက်ခဲသောဒေသများနှင့် (ဂ) လူမှုရေးအခက်ခဲဆုံးဒေသများအဖြစ် အုပ်စု ၃ အုပ်စု ခွဲခြား သတ်မှတ်ကာ ယခင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ၈-၅-၂၀၁၉ ရက်စွဲပါ အမိန့်ကြော်ငြာစာ အမှတ်(၄၄/၂၀၁၉) ဖြင့် ၁-၅-၂၀၁၉ ရက်မှစ၍ ဒေသစရိတ်ကို ခံစားခွင့်ပြုခဲ့ပါကြောင်း၊ အခြေခံအချက် ၁၁ ချက်မှာ -

(က) လုံခြုံရေးတည်ငြိမ်အေးချမ်းမှုအခြေအနေ၊

(ခ)   လမ်းပန်းဆက်သွယ်ရေးခက်ခဲခြင်းအခြေအနေ၊

(ဂ)   ဆက်သွယ်ရေးစနစ်ခက်ခဲမှုအခြေအနေ၊

(ဃ) ကုန်ဈေးနှုန်းကြီးမြင့်မှုအခြေအနေ၊

(င)   ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေ ၊

(စ)   ပညာရေးစနစ် ဖွံ့ဖြိုးမှုအခြေအနေ၊

(ဆ)  လျှပ်စစ်ဓါတ်အားလုံလောက်မှုအခြေအနေ၊

(ဇ)   စီးပွားရေးလုပ်ငန်းများဖြစ်ထွန်းမှုအခြေအနေ၊

(ဈ)  ရာသီဥတုအခြေအနေ၊

(ည)  လူမှုပတ်ဝန်းကျင်ခက်ခဲမှုအခြေအနေ၊

(ဋ )  စက်သုံးဆီဖြန့်ဖြူးပေးနိုင်မှုအခြေအနေတို့ဖြစ်ပါတယ်ရှင်။

အဆိုပါ အမိန့်ကြော်ငြာစာအမှတ်(၄၄/၂ဝ၁၉)အရ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ကလေးဝ မြို့နယ်ရှိ ကျေးရွာအုပ်စု ၃၂ အုပ်စုသည် လူမှုရေးသင့်တင့်သောဒေသများအုပ်စုတွင် ပါဝင်ပြီး အဆိုပါကျေးရွာအုပ်စုများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများသည်နိုင်ငံ့ ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ ဒေသစရိတ်ခံစားခွင့်ရှိပါကြောင်း။

ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသ၊ ကျေးရွာများမှ ဒေသစရိတ်ခံစားခွင့်မရှိသည့်ဒေသ၊ မြို့ များသို့ ယာယီပြောင်းရွှေ့ တာဝန်ထမ်းဆောင်နေကြသော နိုင်ငံ့ဝန်ထမ်းများအတွက် ဒေသစရိတ် ခံစားခွင့်နှင့်စပ်လျဉ်း၍ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ၊ နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ (ခ) အရ ဒေသစရိတ်ခံစားခွင့်ရှိသည့်ဒေသမှ ဒေသစရိတ်ခံစားခွင့်မရှိသည့်ဒေသသို့ ယာယီ ပြောင်းရွှေ့ရပါက ယင်းသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်ရသည့် ကာလအတွင်း၌ သတ်မှတ်ချက်များနှင့်ညီညွတ်မှ သာလျှင် ဒေသစရိတ်ဆက်လက်ခံစားခွင့်ရှိပါကြောင်း၊ သတ်မှတ်ချက်များမှာ-

(က) ယာယီပြောင်းရွှေ့သည့်ကာလသည် ကူးပြောင်းချိန်မပါဝင်ဘဲ လေးလထက် မကျော်လွန်ခြင်း၊

(ခ)   ယာယီပြောင်းရွှေ့သည့်ကာလကုန်ဆုံးလျှင် ဝန်ထမ်းအား ဒေသစရိတ်ခံစားခွင့် ရှိသည့်ရာထူးသို့ ပြန်လည်ပြောင်းရွှေ့ရန် ရည်ရွယ်ကြောင်းဖြင့် ပြောင်းရွှေ့မိန့် တွင် ထည့်သွင်းဖော်ပြထားခြင်း၊

(ဂ)   ယာယီပြောင်းရွှေ့သည့်ကာလတွင် ဝန်ထမ်းနှင့်အတူနေပြီး ဝန်ထမ်းအပေါ်တွင် လုံးဝမှီခိုနေရသည့် ဇနီး သို့မဟုတ် ခင်ပွန်း၊ သားသမီးများ (လင်ပါ မယားပါ သားသမီး များနှင့် တရားဝင်မွေးစားသားသမီးများအပါအဝင်) ဖြစ်သော မိသားစု သည် မူလရာထူးတည်ရာဖြစ်သည့်ဒေသ စရိတ်ခံစားခွင့်ရှိသောဒေသ၌ ဆက်လက် နေထိုင်လျက်ရှိခြင်းတို့ဖြစ်ပါကြောင်း၊

သို့ဖြစ်ပါ၍ လွှတ်တော်ကိုယ်စားလှယ်ကြီး မေးမြန်းသည့်မေးခွန်းနှင့်စပ်လျဉ်း၍ လက်ရှိ စစ်ကိုင်းတိုင်းဒေသကြီးအခြေအနေအရ ဒေသစရိတ်ခံစားခွင့်ရှိသည့် ဒေသ၊ ကျေးရွာများမှဒေသ စရိတ် ခံစားခွင့်မရှိသည့်ဒေသ၊ မြို့များသို့ ယာယီပြောင်းရွှေ့(တွဲဖက်) တာဝန်ထမ်းဆောင်နေရသော စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်ရှိ ဝန်ထမ်းများသည် နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများ၊ နည်းဥပဒေ ၁၅၃၊ နည်းဥပဒေခွဲ (ခ)ပါ သတ်မှတ်ချက်များနှင့်ညီညွတ်မှုရှိပါက ဒေသစရိတ်ကို ခံစားခွင့် ရှိမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးတင်ထွန်းလွင်(ကလေးဝမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ဝန်ကြီးဖြေသွားသည့် ဥပဒေအတိုင်း ဆရာ ဆရာမများ လည်း သိရှိပြီး ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်တွင် ကျောင်းပေါင်း ၉၇ ကျောင်းရှိ ပါကြောင်း၊ ယခုအချိန်အထိ ကျောင်းမဖွင့်နိုင် သည်မှာ ၆၆ ကျောင်းရှိပါကြောင်း၊ အဆိုပါ ၆၆ ကျောင်းသည် ဒေသရှားပါးစရိတ်များ မရရှိကြပါကြောင်း၊ အေးချမ်းတည်ငြိမ်ရာမြို့များကို ပြောင်းရွှေ့နေထိုင်ရသည့် အခါတွင် အခက်အခဲ အကျပ်အတည်းများ အများကြီးဖြစ်ပါကြောင်း၊ မိသားစုအလိုက်ပြောင်းရွှေ့နေထိုင် ရသည့်အတွက် အဆိုပါဒေသရှိ ၇၈ ကျောင်းသည် ဒေသစရိတ်ရသည့်ကျောင်းများဖြစ်ပြီး ကျန်သည့် ၁၉ ကျောင်းက ဒေသစရိတ်မရပါကြောင်း၊ ဒေသစရိတ်ရရှိ သည့်ကျောင်း ၁၂ ကျောင်းကရ၍ ၆၆ ကျောင်းက မရပါကြောင်း၊ ၁၂ ကျောင်းရသည်မှာ ကျောင်းများဖွင့်၍ ပြန်လည်ပေးခြင်းဖြစ်ပါကြောင်း၊ ၆၆ ကျောင်းက ကျောင်းများ ပိတ်ထားသည့်အခါ ဒေသတည်ငြိမ်အေးချမ်းမှုရှိသည့်အခါ၊ လုံခြုံမှုရှိ သည့်အခါ၊ မြို့ပေါ်ရှိသည့် ဒေသ လုံခြုံမှုရှိသည့်ကျောင်းတွေကို ပြောင်းရွှေ့နေထိုင်ရခြင်း ဖြစ်သည့် အတွက် ၆၆ ကျောင်းတွင်ရှိသည့် ဒေသ ခံစားခွင့်များကိုလည်း ပြည်ထောင်စုမှ ထည့်သွင်း စဉ်းစား ပေးစေချင်ပါကြောင်း မိမိ အနေဖြင့် လွှတ်တော်ဥက္ကဋ္ဌကြီးမှတစ်ဆင့် လေးစားစွာတင်ပြအပ်ပါ ကြောင်းဖြင့် ဆက်စပ်မေးခွန်းကို မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါ်သန်းသန်းလင်း က

မိမိ အနေဖြင့် ခံစားခွင့်ရှိသည်များကို နိုင်ငံ့ဝန်ထမ်းဥပဒေအရ ပြောခြင်းဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ ဝန်ထမ်းများနှင့် အခုနက ပညာရေးဝန်ကြီးဌာနအောက်တွင်ရှိသည့် ဝန်ထမ်း များအနေနဖြင့် ဒေသစရိတ် ခံစားခွင့်ရရှိရန်ဆိုလျှင် သက်ဆိုင်ရာဝန်ကြီးဌာနများကသာ တွက်ချက်ပြီး နည်းဥပဒေနှင့် ကိုက်ညီလျှင် ဒေသစရိတ်ခံစားခွင့်ရှိသည့်ဝန်ထမ်းများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများက တွက်ချက်ပြီး ဘဏ္ဍာရေးနှစ်အလိုက်လျာထားရန် တင်ပြရမှာဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။