MY EN

(ဇ)-ဦးသန့်ဇော်(ကွမ်းခြံကုန်းမဲဆန္ဒနယ်)

2026-10-02
တတိယအကြိမ်
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးသန့်ဇော် (ကွမ်းခြံကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကွမ်းခြံကုန်းမြို့နယ်၊ ကြခတ်ကုန်းလေးနှင့် မြိုင်သာယာကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို  သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

          ကွမ်းခြံကုန်းမြို့နယ် တောင်ဘက် မုတ်ကျွန်းတောင်ကြားတွင် လက်ခုပ်ကုန်းတိုက်နယ်ရှိပြီး ကြခတ်ကုန်းလေးကျေးရွာနှင့် မြိုင်သာယာကျေးရွာ ရွာချင်းဆက်လမ်း ၂.၁၈ မိုင်၊ ၁၄,၀၀၀ ပေခန့်ရှိပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် မြေသားလမ်းနှင့်  ၎င်းလမ်းပေါ်ရှိတည်ဆောက်ရန်လိုအပ်သည့် အလျား ၃၀ ပေ ကွန်ကရစ်တံတားနှစ်စင်းကိုလည်း တည်ဆောက်ခဲ့ပြီး ယနေ့ အချိန်ထိ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းမရှိတော့သည်ကိုလည်း တွေ့ရှိရပါကြောင်း၊ အဆိုပါလမ်းသည် ဒေသခံပြည်သူများ၏ ပြုပြင်ထိန်းသိမ်းမှုဖြင့် နွေရာသီတွင် သွားလာမှုအဆင်ပြေ နိုင်သော်လည်း မိုးရာသီနှင့် ဆောင်းရာသီကာလများသည် မိုးများသောဒေသဖြစ်သည်နှင့်အညီ လမ်းတစ်လျှောက်ချိုင့်ခွက်များ၊ မြေသားပျော့သည့်နေရာများတွင် ရွှံ့ဗွက်အိုင်များဖြစ်ပြီး သွားလာ ဆက်သွယ်ရန် အလွန်ခက်ခဲပြီး ၎င်းလမ်းကိုဆက်သွယ်ပြီး အသုံးပြုသည့်ကျေးရွာများ အနေဖြင့် လယ်ယာလုပ်ငန်းခွင်သို့ သွားရောက်ရာတွင်လည်းကောင်း၊ စိုက်ပျိုးရေးထုတ်ကုန် နှင့် ရေထွက်ကုန် အား လက်ခုပ်ကုန်းကျေးရွာမှတစ်ဆင့် မြို့များသို့ပို့ဆောင်ရာတွင်လည်းကောင်း၊ မြိုင်သာယာကျေးရွာ တွင် ကျေးလက်ဆေးပေးခန်းမရှိသည့်အတွက် အရေးပေါ်အခြေအနေ၌ လက်ခုပ်ကုန်း တိုက်နယ် ဆေးရုံသို့ သွားရောက်ရာတွင်လည်းကောင်း၊ ပညာရေးအနေဖြင့်လည်း မြိုင်သာယာ ကျေးရွာမှာ မူလတန်းကျောင်းသာရှိသဖြင့် အထက်တန်း၊ အလယ်တန်းတက်မည့် ကျောင်းသား ကျောင်းသူ များက မြိုင်သာယာ-ကြခတ်ကုန်းလေးလမ်းကို အသုံးပြုပြီး သွားလာရသည့်အခါ မိုးတွင်းနှင့် ဆောင်းရာသီ အချိန်များတွင် အလွန်ခက်ခဲစွာသွားလာရပါကြောင်း၊ လမ်း၏အကျိုးပြုအနေအထားမှ ကျေးရွာနှစ်ရွာရှိ အိမ်ခြေ ၃၀၀၊ လူဦးရေ ၈၀၀ ခန့်နှင့် မိုးစပါးစိုက်ဧက ၅၀၀ ဧကခန့်ဖြစ်ပါကြောင်း၊ ၎င်းလမ်းကောင်းမွန် ပါက ဒေသခံပြည်သူများ၏ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးတို့နှင့် ၎င်းတို့၏ စိုက်ပျိုးရေးထွက်ကုန်၊ ရေထွက်ကုန်များ အဆင်ပြေစွာသွားလာပို့ဆောင်နိုင်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် အဓိကလမ်းမ ဖြစ် သည့် ဒလ-လက်ခုပ်ကုန်းလမ်းမှတစ်ဆင့် ရန်ကုန်မြို့သို့လည်းကောင်း၊ ကွမ်းခြံကုန်းမြို့သို့ လည်းကောင်း၊ မြို့နယ်အတွင်းမှာရှိသည့် ကျေးရွာအချင်းချင်းသို့လည်းကောင်း သွားရောက်နိုင်မည် ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကြခတ်ကုန်းလေးနှင့် မြိုင်သာယာလမ်း ၂.၁၈ မိုင်အား ရာသီမရွေးသွားလာနိုင်သည့် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခင်းပေးရန် မည်သည့်ဘဏ္ဍာရေး နှစ်တွင် စတင်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က

ကြခတ်ကုန်းလေးကျေးရွာနှင့် မြိုင်သာယာ ကျေးရွာချင်းဆက်လမ်းသည် ၂ မိုင်၊ ၂.၁၈ ဖာလုံ ရှိပြီး တိုင်းဒေသကြီးမှစီမံခန့်ခွဲသော Class B အဆင့်ရှိသော မြေသားလမ်းဖြစ်ပါကြောင်း၊ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေဖြင့် ၂ မိုင်၊ ၂.၁၈ ဖာလုံ ဆောင်ရွက်ခဲ့ပြီး ယခုအခါ သွားလာရန်ခက်ခဲလျက်ရှိပါကြောင်း၊ ယခု အဆိုပါလမ်းကို မြေသားတာဘောင် ပြုပြင် ခြင်း နှင့် ကျောက်ချောလမ်းခင်းခြင်းကို ဦးစွာဆောင်ရွက် ရမည်ဖြစ်ပါကြောင်း။

ကျေးလက်လမ်းဖွံ့ဖြိုးရေးမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ၂ မိုင်နှင့် ၂.၁၈ ဖာလုံအနက် ၁ မိုင်၊ ၄.၅၃ ဖာလုံ ကျောက်ချောခင်းခြင်းလုပ်ငန်းကို ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးငွေလုံးငွေရင်း ရန်ပုံငွေတွင် လျာထားပေးသွားမည်ဖြစ်ပြီး ရန်ပုံငွေရရှိမှုအပေါ်မူတည်၍ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်းနှင့် ကွန်ကရစ်လမ်းအဆင့်မြှင့်တင်ခြင်းအား လတ်တလောတွင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိပါကြောင်း ဖြေကြားခဲ့ပါသည်။