MY EN

(စ)-ဦးစိုင်းထွန်းလင်း(မိုးနဲမဲဆန္ဒနယ်)

2026-10-01
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးစိုင်းထွန်းလင်း (မိုးနဲ မဲဆန္ဒနယ်) ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)

မိုးနဲမြို့ရှောင်လမ်းစီမံကိန်းအား ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ရှမ်းပြည်နယ်(တောင်ပိုင်း)၏ မဟာဗျူဟာမြောက်လမ်းမကြီးတစ်ခုဖြစ်သည့် တောင်ကြီး၊ နမ့်စန်၊ မိုးနဲ၊ လင်းခေး၊ တာဆွတ်တိန်း၊ ဟိုမိန်း၊ မယ်ဟောင်ဆောင် (ထိုင်းနိုင်ငံ) နယ်စပ်ဖြတ်ကျော် ကားလမ်းပိုင်းသည် အနာဂတ်တွင် ဒေသတွင်းကုန်သွယ်ရေးနှင့် နိုင်ငံတကာ ခရီးသွားလာရေးအတွက် အလွန်အရေးပါသည့် သွေးကြောသစ်လမ်းမကြီးတစ်ခု ဖြစ်လာတော့မည်ဖြစ်ပါကြောင်း၊ ရှေးရှမ်းစော်ဘွားကြီးများ တည်ဆောက်ခဲ့သည့် မြို့ရိုးအဝင်တံခါးပေါက်များသည် ကြာဖူးပုံနှင့် အမြင်ဆန်းအောင်တစ်မျိုး တည်ဆောက်ထားပါကြောင်း၊ ရှေးစော်ဘွားကြီးများ တည်ထားခဲ့သည့် ရှေးဟောင်းစေတီပုထိုးများသည် ရှေးသာသနိက အဆောက်အအုံများဖြစ်ပြီး မြို့လယ်ရှိ လမ်းမကြီး ဘေးနားတွင်တည်ရှိနေသည့် အဆောက်အဦများဖြစ်ပါကြောင်း၊ လမ်းမကြီးပေါ်မှာ သာသနာ အဆောက်အအုံများ၏ ရှေးဟောင်းအမွေအနှစ်များ အများကြီးရှိနေသည့်အတွက်ကြောင့် သက်ဆိုင်ရာ ဝန်ကြီးအနေဖြင့် အဆိုပါ ရှေးဟောင်းအမွေအနှစ်များအား ရေရှည်ကာကွယ် စောင့်ရှောက်နိုင်ရန်နှင့် စီးပွားရေးဈေးကွက်လိုအပ်ချက်အရ စက်ရုံ၊ အလုပ်ရုံ၊ ပွဲရုံ၊ အဝေးပြေးယာဉ်ရပ်နားစခန်းများ ဟိုတယ် ခရီးသွားလာရေးစသည့် အခြေခံအဆောက်အအုံများ စနစ်တကျဖွံ့ဖြိုးလာစေရန် ရည်ရွယ်ပြီး မိုးနဲမြို့ အရှေ့ဘက်တောင်ခြေမှ ကွေ့ပတ်ဖောက်လုပ်မည့် မိုးနဲမြို့ရှောင်လမ်းကို ၂၀၂၀ ပြည့်နှစ်တွင် သက်ဆိုင်ရာ ဝန်ကြီးဌာနမှ လမ်းအူကြောင်း ရှာဖွေခြင်းလုပ်ငန်းများကို ဆောင်ရွက်ပြီးစီးခဲ့ပါကြောင်း၊ သို့သော် ယခုအခါ အဆိုပါလမ်းအူကြောင်းများ ရှာဖွေပြီးဖြစ်သည့် မိုးနဲမြို့ရှောင်လမ်းဖောက်လုပ်ခြင်းလုပ်ငန်းသည် ဆက်လက် အကောင်အထည်မဖော်နိုင်ခြင်းမရှိဘဲ ကာလရှည်စွာရပ်တန့်နေသည့်အတွက်ကြောင့် ဒေသခံ မိဘ ပြည်သူများနှင့် ယဉ်ကျေးမှုအမွေအနှစ်ထိန်းသိမ်းလိုသူများကြားမှာ ဒေသဖွံ့ဖြိုးမှု နောက်ကျကျန်ရစ် မှာကိုလည်းကောင်း၊ ရှေးဟောင်းအမွေအနှစ်များ ထိခိုက်ပျက်စီးမှာကိုလည်းကောင်း စိုးရိမ်ပူပန်မှုများ ဖြစ်နေပါကြောင်း။ 

သို့ဖြစ်ပါ၍ ရှမ်းပြည်နယ်(တောင်ပိုင်း)၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေး အာဆီယံ စီးပွားရေး မဟာဗျူဟာမြောက်လမ်းမကြီးကို ကြိုတင်ပြင်ဆင်နိုင်ရေးနှင့် သမိုင်းဝင်မိုးနဲမြို့၏ ရှေးဟောင်း ယဉ်ကျေးမှုလက်ရာများ ရေရှည်တည်တံ့ခိုင်မြဲရေးအတွက်   ယခင်က လမ်းအူကြောင်း ရှာဖွေခြင်းလုပ်ငန်းများ ပြီးစီးခဲ့သော်လည်း ယခုအခါ အကြောင်းအမျိုးမျိုးကြောင့် ကာလရှည်ကြာလုပ်ငန်းရပ်နားနေသည့် မိုးနဲမြို့ရှောင်လမ်း စီမံကိန်းကို သက်ဆိုင်ရာဝန်ကြီးဌာနအနေဖြင့် ဆက်လက်အကောင်အထည်ဖော် ဖောက်လုပ် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိ နှင့်     အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်၊ မည်သည့် ကာလတွင် လုပ်ငန်းများ စတင်စိုက်ထူ အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

မေးမြန်းထားသော မြို့ရှောင်လမ်းသည် ပြည်ထောင်စုအစိုးရမှ စီမံခန့်ခွဲသော နမ့်စန် - မိုးနဲ - မိုင်းတုံ မိုင်းဆတ်လမ်း၏ မိုးနဲမြို့အဝင် မိုင်တိုင် ၂၉ မှ မြို့အထွက် မိုင်တိုင် ၃၀/၄ အထိ ၁ မိုင် ၄ ဖာလုံရှိသော မြို့တွင်းလမ်းပိုင်းအား ရှောင်ကွင်းဖောက်လုပ်လိုသောလမ်းဖြစ်ပါကြောင်း၊ မိုးနဲမြို့တွင်း လမ်း၏ လမ်းအခြေအနေမှာ ၁၈ ပေအကျယ် ကတ္တရာလမ်းဖြစ်ပြီး တစ်ရက်ပျမ်းမျှ ယာဉ်စီးရေမှာ ၄၅၂ စီးခန့် ရှိသဖြင့် လက်ရှိလမ်းအကျယ်နဲ့ လောလောဆယ်တော့ လုံလောက်မှုရှိသည်ကို တွေ့ရှိရပါကြောင်း၊ ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် မိုးနဲမြို့တွင်းလမ်း ၁ မိုင် ၄ ဖာလုံ အတွင်း ၁၈ ပေအကျယ် ကတ္တရာထပ်ပိုးလွှာခင်းခြင်း ၁ မိုင် ဆောင်ရွက်သွားပေးမည်ဖြစ်ပါကြောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း)တွင် လမ်းမိုင်ပေါင်း ၃,၄၁၀ မိုင် ၃ ဖာလုံရှိပြီး ကတ္တရာလမ်း မဖြစ်သေးသည့် အပိုင်းမှ ကျောက်ခင်းလမ်း ၂၂၅ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁၁၇ မိုင် ၇ ဖာလုံ၊ မြေလမ်း ၆၅၉ မိုင်နှင့် ဆိုင်ကယ်လမ်း ၁၅၉ မိုင် ဖြစ်ပါကြောင်း။ 

မိုးနဲမြို့ရှောင်လမ်း ဖောက်လုပ်ရန်အတွက် ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတွင် မြို့နယ်အဆင့် ဌာန ဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများပါဝင်သည့် အဖွဲ့နှင့် လမ်းအူကြောင်း ရှာဖွေခြင်း၊ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် လမ်းလေယာဉ်ကွင်းဒီဇိုင်းနှင့် ပုံထုတ်ဌာနခွဲ၊ လမ်းဦးစီးဌာနမှ လမ်းတိုင်း တာရေးအဖွဲ့နဲ့ လမ်းအူကြောင်းအား ကွင်းဆင်းတိုင်းတာခဲ့ရာ နမ့်စန်-မိုးနဲ-မိုင်းတုံ-မိုင်းဆတ်လမ်း မိုင်တိုင် ၂၁/၁ ပန်အူကျေးရွာအနီးမှစ၍ လမ်း၏ လက်ဝဲဘက်သို့ ခွဲထွက်ပြီး မိုးနဲမြို့ကို ရှောင်၍ မိုးနဲမြို့နှင့်လင်းခေးမြို့ကြား ဝမ်ဟေကျေးရွာအလွန် မိုင်တိုင် ၃၅/၃ တွင် လမ်းအူ ကြောင်းဆုံး၍ စုစုပေါင်းလျာထားလမ်းကြောင်းအရှည်မှာ ၁၄ မိုင် ၂ ဖာလုံခန့်ရှိပါကြောင်း၊ မိုးနဲမြို့ ရှောင်လမ်း ဖောက်လုပ်မည်ဆိုပါက လမ်းအကျယ် သတ်မှတ်ချက်မှာ ၁၅၀ ပေဖြစ်သဖြင့် လမ်းနယ်ဧရိယာမှာ ၂၅၉ ဧကခန့်ရှိမည်ဖြစ်ပြီး ယာမြေ ၂၂၅ ဧကနှင့် လယ်မြေ ၃၄ ဧကပါဝင်နေပါကြောင်း၊ လမ်းနယ်သတ်မှတ် သိမ်းသွင်းရန်အတွက် လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများနှင့် ကွင်းဆင်းစစ်ဆေး၍ ညှိနှိုင်းဆောင်ရွက်ခြင်း၊ မြေယာများ သိမ်းဆည်းခြင်းနှင့် မြေယာလျော်ကြေးများပေးချေခြင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန အနေဖြင့် မြို့ရှောင်လမ်း ဖောက်လုပ်နိုင်ရေး တည်ဆောက်ရမည့် လမ်း၊ တံတားများအတွက် ဒီဇိုင်းပုံထုတ်ခြင်း၊ စီမံကိန်းတန်ဖိုးတွက် ချက်ခြင်း၊ စီမံကိန်း အသစ်ဆောင်ရွက်ရန် ခွင့်ပြုချက်တင်ပြတောင်းခံခြင်းတို့ကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း။

မိုးနဲမြို့တွင်းလမ်း ၁ မိုင် ၄ ဖာလုံ အား ရှောင်ကွင်းနိုင်ရန် မြို့ရှောင်လမ်းကတော့ ၁၄ မိုင် ၂ ဖာလုံ ဖောက်လုပ်ရမည်ဖြစ်ပါကြောင်း၊ လယ်ယာမြေ ၂၅၉ ဧကအတွက် လယ်ယာမြေ လျော်ကြေး များ ပေးချေရမည်ဖြစ်ခြင်း အစရှိသည့် မြို့ရှောင်လမ်းဖောက်လုပ်မည် ဆိုပါက ရရှိနိုင်မည့် အကျိုး ကျေးဇူးများနှင့် ထိခိုက်နစ်နာဆုံးရှုံးမှုများ၊ ဖောက်လုပ်မည့်ကုန်ကျစရိတ်များ စသည့်အချက်အလက် များအား တွက်ချက်စဉ်းစားသုံးသပ်ပြီးမှ ဆောင်ရွက်ရမည်ဖြစ်ခြင်းနှင့် လက်ရှိအခြေအနေ အရ ယာဉ်သွားလာမှုအတွက် ကောင်းစွာ လုံလောက်စွာရှိခြင်းတို့ကြောင့် လတ်တလောတွင် မိုးနဲမြို့ ရှောင်လမ်းဖောက်လုပ်ရန် အစီအစဉ် မရှိသေးပါကြောင်းနှင့် နောင်ယာဉ်သွားလာမှု များလာပါက ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် ပူးပေါင်းပြီး ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။