MY EN

(င)-ဦးမြင့်ကို(တနိုင်းမဲဆန္ဒနယ်)

2026-10-01
တတိယအကြိမ်
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးမြင့်ကို (တနိုင်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

တနိုင်းမြို့ပေါ်ရပ်ကွက် ၇ ခုနှင့် တပ်နယ်လက်အောက်ရှိ တပ်ရင်း၊ တပ်ဖွဲ့များအား နေ့စဉ်လျှပ်စစ်မီး သုံး နာရီ  ပုံမှန်ရရှိရေးအတွက် ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း 

          တနိုင်းမြို့ပေါ်အား လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို ၁၂-၁-၁၉၉၁ ရက်နေ့မှစ၍ ၁၀၀၀ ကေဗွီ ဒီဇယ်ဓာတ်အားပေးစက်ဖြင့် ၂၆၀ ဦး အား နေ့စဉ် ၃ နာရီ ဓာတ်အားဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလမှစပြီး ဓာတ်အားသုံးစွဲသူများပြားလာသည့်အတွက် ပြည်ထောင်စုအစိုးရမှ ၅၀၀ ကေဗွီ ဓာတ်အားပေးစက်တစ်လုံးပံ့ပိုးခဲ့ပြီး  မီးသုံးစွဲသူ ၄၀၅ ဦး  အား နေ့စဉ် သုံး နာရီ ဖြန့်ဖြူးပေးခဲ့ပါကြောင်း၊ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလမှစ၍ မီးသုံးစွဲသူဦးရေသည် ၆၉၃ ဦး အထိ တိုးမြှင့်လာသည့်အတွက် စက်သုံးဆီ လုံလောက်ခြင်းမရှိတော့သဖြင့် လျှပ်စစ်မီးပုံမှန်အတိုင်း သုံး နာရီ ပေးနိုင်ရန်အတွက် မြို့မီးလင်းရေး ကော်မတီအားဖွဲ့စည်းပြီးလစဉ် ဌာနမှ ရရှိသောစက်သုံးဆီဖြင့် ၁၅ ရက်၊ ကျန် ၁၅ ရက် မြို့မီးလင်းရေး ကော်မတီမှ စက်သုံးဆီထောက်ပံ့ခဲ့ပါကြောင်း၊ ၂၀၁၆ ခုနှစ်၊ ဩဂုတ်လတွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ မြို့ကိုနောက်ထပ် ၅၀၀ ကေဗွီအေ စက်အသစ်တစ်လုံးထပ်ပြီးပံ့ပိုးပါကြောင်း၊ နေ့စဉ် ၅၀၀ ကေဗွီအေ ၂ လုံး  ဖြင့် တစ်လလျှင်စက်သုံးဆီ ၁၅၆၃ ဂါလန်သုံးစွဲရပြီး နေ့စဉ် သုံး နာရီ ဓာတ်အားဖြန့်ဖြူးခဲ့ရာလစဉ် ဌာနမှ ရရှိသောဆီဖြင့် ၁၃ ရက်ကျန် ၁၇ ရက်ကို မြို့မီးလင်းရေးကော်မတီမှထောက်ပံ့ခဲ့ပါကြောင်း။

          မီးသုံးစွဲသည့်ဦးရေများပြားလာတာကြောင့် ၂၀၂၁ ခုနှစ်၊ ဧပြီလမှာ ပြည်နယ်အစိုးရမှ နောက်ထပ် ၅၀၀ ကေဗွီအေ ဓာတ်အားပေးစက် အသစ်တလုံးထပ်မံ၍ စုစုပေါင်း ၅၀၀ ကေဗွီ စက် သုံး လုံးဖြင့် မီးသုံးစွဲသူ ၂၂၄၆ ဦးအား နေ့စဉ် သုံး နာရီ ဓာတ်အား ဖြန့်ဖြူးခဲ့ပြီး တစ်လမှာ ဂါလန် ၁၇၅၅ ဂါလံ သုံးစွဲခဲ့ရပါကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ ဒီဇယ် ဈေးနှုန်းများ အဆမတန်မြင့်မား တက်လာ ခြင်း၊ ဒေသတွင်ဝယ်ယူရန်ခက်ခဲလာခြင်း ဓာတ်အားများ တိုး၍ကောက်ခံသော်လည်း စက်သုံးဆီ ထောက်ပံ့ရန် အဆင်မပြေခြင်းတို့ကြောင့်  ၁၃-၅-၂၀၂၅ ရက်နေ့တွင် မြို့မီးလင်းရေး ကော်မတီအား ဖျက်သိမ်းခဲ့ပါကြောင်း၊ မြို့မီးလင်းရေးကော်မတီ မရှိတော့သဖြင့် ဌာနမှရရှိသော ဒီဇယ်အဖြစ်သာ မောင်းနှင်ဓာတ်အားပေးရခြင်း၊ ဓာတ်အားပေးစက်များမှာလည်း စက်သက်တမ်းကြာရှည် လာတာ ကြောင့် မကြာခဏချို့ယွင်းခြင်း ယခင်က တစ်နှစ်မှာတစ်ကြိမ် မီးစက်ကုမ္ပဏီများမှ ကျွမ်းကျင် ပညာရှင်များ စက်ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သော်လည်း ၂၀၂၁ ခုနှစ် နောက်ပိုင်း နယ်မြေဒေသ  လုံခြုံရေးအခြေအနေအရ ပညာရှင်များ မလာရောက်နိုင်ခြင်း တို့ကြောင့် တနိုင်းမြို့၏ လျှပ်စစ်ဌာနမှာ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၁၆ လုံး အား ၅၀၀ ကေဗွီ စက်တလုံးဖြင့်သာ ၁ ရက် ၄ နာရီ မောင်းနှင်ပြီးမြို့ပေါ် ၇ ရပ်ကွက်နှင့် တပ်နယ်များကိုအပိုင်း သုံး ပိုင်း ပိုင်းကာ တစ် နာရီ အလှည့်ကျဓာတ်အားဖြန့်ဖြူးပေးလျက် ရှိပါကြောင်း၊ လက်ရှိ ၅၀၀ ကေဗွီ မီးစက် ၃ လုံး ရှိနေသော်လည်း တစ် လုံး သာကောင်းမွန်ပြီး ကျန် နှစ် လုံး မှာချို့ယွင်းနေ၍ ပစ္စည်းလဲလှယ်ရမည်ဖြစ်သည် အတွက်ကြောင့် အဆင်မပြေမှုနှင့် ကြုံတွေ့ နေရပါ သောကြောင့် တနိုင်းမြို့နယ် လျှပ်စစ်ဓာတ်အားပေးဌာနအား ၁၀၀ ကေဗွီ စက်အသစ် တစ်လုံး ပံ့ပိုးရန် အစီအစဉ်ရှိ /မရှိ နှင့် အစီအစဉ်ရှိပါက မည်သို့ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

တနိုင်းမြို့အား ၅၀၀ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် သုံး လုံးဖြင့် လစဉ် ဌာနဆီခွဲတမ်း ၁၇၅၅ ဂါလန်နှင့် ထပ်မံလိုအပ်သည့်စက်သုံးဆီအား မြို့မီးလင်းရေးကော်မတီ၏ ထောက်ပံ့မှုဖြင့် ဓာတ်အားသုံးစွဲသူ ၂၂၄၆ ဦးအား တစ်ရက်လျှင် သုံး နာရီဖြင့် နေ့စဉ်ဓာတ်အား ဖြန့်ဖြူးပေး ခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် နောက်ပိုင်းတွင် ဒီဇယ်စက်သုံးဆီဈေးနှုန်းများ အဆမတန် မြင့်တက်လာခြင်း၊ ဒေသတွင်ဝယ်ယူရန်ခက်ခဲလာခြင်း၊ ဓာတ်အားခများ တိုးမြှင့်ကောက်ခံသော်လည်း စက်သုံးဆီထောက်ပံ့ရန် အဆင်မပြေဖြစ်ခြင်းတို့ကြောင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့နှင့် မြို့မီးလင်းရေး ကော်မတီများပါဝင်သော အစည်းအဝေး ဆုံးဖြတ်ချက်အရ ၁၃-၅-၂၀၂၅ ရက်နေ့တွင် မြို့မီးလင်းရေး ကော်မတီအားဖျက်သိမ်းခဲ့ပြီး ဌာနဒီဇယ်ဆီခွဲတမ်း ၁၇၅၅ ဂါလန်ဖြင့် မောင်းနှင်ဓာတ်အားပေးခဲ့ ရပါကြောင်း၊ ထို့ပြင် ဒီဇယ် ဓာတ်အားပေးစက် သုံး လုံး ရှိသည့်အနက် နှစ် လုံးမှာ စက်မောင်း သက်တမ်းကြာမြင့်လာခြင်းကြောင့် ချို့ယွင်းခဲ့ပြီး မီးစက်ကုမ္ပဏီများမှ ကျွမ်းကျင်သူများမှလည်း နယ်မြေအခြေအနေကြောင့် သွားရောက်ပြုပြင်နိုင်မှု မရှိသဖြင့်ကျန်ရှိသည့် ၅၀၀ ကေဗွီအေ ဒီဇယ် ဓာတ်အားပေးစက် ၁ လုံးဖြင့်သာ ဌာနဆီခွဲတမ်း ၁၇၅၅ ဂါလန်ဖြင့် မောင်းနှင်၍ အုပ်စု သုံး စု ခွဲကာ အုပ်စု တစ် ခုလျှင် တစ် နာရီ ဆယ်ငါးမိနစ် စီဖြင့် အလှည့်ကျ ဓာတ်အားဖြန့်ဖြူးပေးခဲ့ရပါကြောင်း။

သို့ဖြစ်ပါ၍ တနိုင်းမြို့ပေါ်ရပ်ကွက်များ နေ့စဉ်လျှပ်စစ်မီး သုံး နာရီ ရရှိရေးအတွက် နယ်မြေ ဒေသအခြေအနေကောင်းမွန်ချိန်တွင် ကျွမ်းကျင်ပညာရှင်များအားစေလွှတ်ပြီး ချို့ယွင်းလျက်ရှိသည့် ၅၀၀ ကေဗွီအေ ဒီဇယ်ဓာတ်အားပေးစက် ၂ လုံးအား ပြန်လည်ပြုပြင်နိုင်ရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ဖျက်သိမ်းခဲ့သော တနိုင်းမြို့မီးလင်းရေးကော်မတီအား ပြန်လည်ဖွဲ့စည်းနိုင်ရေးဆက်လက် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးမြင့်ကို(တနိုင်းမဲဆန္ဒနယ်)က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။

မိမိတို့မြို့သည် ဒီဇယ်သုံးအင်ဂျင်စက်ကို အသုံးပြုလာသည်မှာ နှစ်ပေါင်း ၃၅ နှစ်ကျော်ပြီ ဖြစ် ပါကြောင်း၊  မဟာဓာတ်အားလိုင်းရောက်ရန် လက်ရှိ အနေအထားအရကြာအုံးမည် ဖြစ်သည့် အတွက် ရေရှည်မှာစက်သုံးဆီသည် မိမိတို့နိုင်ငံအနေဖြင့် ‌ဒေါ်လာသုံးစွဲနေရတာကြောင့် ဒေါ်လာ သုံးစွဲမှု လျော့နည်းအောင်၊ ကူညီရာရောက်အောင် လက်ရှိနိုင်ငံတော် သမ္မတကြီးမှလည်း ဆိုလာစနစ်များ သုံးစွဲမှုကို အားပေးနေတာကြောင့် တနိုင်းမြို့ကို ဆိုလာမီးပေးစနစ်ဖြင့် နိုင်ငံတော်အစိုးရနှင့်ပြည်သူတို့ အကျိုးတူဆောင်ရွက်လိုပါကြောင်း၊ ထို့ကြောင့် ဥက္ကဋ္ဌကြီးမှတစ်ဆင့် ၎င်းဆိုလာမီးပေးရေး လုပ်ငန်း အဆင်ပြေနိုင်ရေးအတွက် မည်သို့ကူညီဆောင်ရွက်ပေးနိုင်မည်ကို သိလိုပါကြောင်းနှင့် ဝန်ကြီးဌာနအနေဖြင့် ကူညီပေးရန်အစီအစဉ် ရှိ /မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

          တနိုင်းတွင် ဓာတ်အားရရှိရေးအတွက် တစ်ရက်ကို နေရောင်ခြည်ရရှိမည့် နာရီအချိန်ကို Solar Plant ကို တည်ဆောက်နိုင်မည်ဖြစ်ပါကြောင်း၊ လက်ရှိအနေအထားအရ ၃၀ မဂ္ဂါဝပ်၏ အောက် မှာ ပြည်နယ်အစိုးရတိုင်းဒေသကြီး အစိုးရအဖွဲ့များ၏ စီမံခန့်ခွဲမှုအောက်တွင်ရှိခြင်း၊ ၎င်းဓာတ်အား စနစ် မရောက်သေးသည့်အတွက်ကြောင့် ဓာတ်အားစနစ်နှင့် ချိတ်ဆက်ခြင်းမရှိခြင်းတို့ကြောင့် ၎င်းကို ပြည်နယ်အစိုးရအဖွဲ့၏ စီမံခန့်ခွဲမှုဖြင့် ဆောင်ရွက်နိုင်မည်ဖြစ်ပါကြောင်း၊ ၎င်းဆိုလာနှင့် စပ်လျဉ်းပြီး သက်ဆိုင်ရာဒေသတွင်ရှိသည့် ရင်းနှီးမြှုပ်နှံသူများပေါင်းပြီး Solar Plant ကို ဆောက်မည်ဆိုပါက လိုအပ်သည့်နည်းပညာပိုင်းဆိုင်ရာ အကြံပြုချက်များကို မိမိတို့ဌာနမှ ပေးနိုင်မည်ဖြစ်ပါကြောင်း၊ အားလုံးကို ကြိုဆိုပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။