ကလေး-ဂန့်ဂေါလမ်းရှိ ကမ္ဘားနီသံကူကွန်ကရစ်တံတား ဆောက်လက်စအား ရပ်နားထားခဲ့သဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိမိမေးမြန်းလိုသည့်မေးခွန်းသည် ကလေး-ဂန့်ဂေါလမ်းပိုင်း မိုင်တိုင် ၅၁/၄ နှင့် မိုင်တိုင် ၅၁/၆ အကြားရှိ ကမ္ဘားနီသံကူကွန်ကရစ်တံတားအရှည် ၆၂၅ ပေ ဆောက်လက်စသည် ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ၆ လ ဘတ်ဂျက်အစမှရပ်နားထားသဖြင့် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည်တည် ဆောက်မည်ကို သိရှိလိုပါကြောင်းကို မေးမြန်းသွားမည်ဖြစ်ပါကြောင်း။
ကလေး-ဂန့်ဂေါ လမ်းပိုင်း မိုင်တိုင် ၅၁/၄ နှင့် ၅၁/၆ အကြားရှိ ကမ္ဘားနီ သံကူကွန် ကရစ်တံတားအရှည် ၆၂၅ ပေသည် ချင်းပြည်နယ်မှ စီးဆင်းလာသော မဏိပူရမြစ်ပေါ်တွင် တည် ဆောက်ထားသည့် တံတားအသစ်ဖြစ်ပါကြောင်း၊ ယခုအသုံးပြုလျက်တံတားဟောင်းတွင် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ အစိုးရလက်ထက်တာဝန်ယူသည့်အချိန်မှ တည်ဆောက် ခဲ့သည့် ကား၊ ရထား တစ်စီးချင်းသာသွားလာနိုင်သည့်တံတားဟောင်း ဖြစ်ပါကြောင်း၊ ကမ္ဘားနီ တံတားအရှည် ၆၂၅ ပေရှိ၍ အခန်းခွဲ ၈၅ ပေ ၇ ခန်း၊ ပေ ၃၀ တစ်ခန်း၊ တံတား အကျယ် ၂၈ ပေ၊ တံတားခံနိုင်ဝန်တွင် တန် ၆၀ ရှိသည့် သံကူကွန်ကရစ်တံတားဖြစ်၍ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ် တွင် တည်ဆောက်ခဲ့ပြီး ရေလယ်တိုင်များ၊ ကမ်းကပ်ခုံများအထိ ပြီးစီးနေပြီ ဖြစ်ပါကြောင်း။
အဆိုပါတံတားတည်ဆောက်မှု ပြီးစီးလျှင် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှတစ်ဆင့် မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့သို့ အချိန်တိုအတွင်း သက်သာစွာရောက်ရှိပြီး ထိုမှတစ်ဆင့် မကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့များ ကိုလည်းကောင်း၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့မှ တစ်ဆင့် မုံရွာမြို့၊ စစ်ကိုင်းမြို့နှင့် မန္တလေးမြို့ များအထိ ရာသီမရွေးသွား လာနိုင်မည့်လမ်း ဖြစ်ပါကြောင်း၊ ထို့အပြင် ဂန့်ဂေါမြို့မှတစ်ဆင့် ချင်းပြည်နယ် (တောင်ပိုင်း) မင်းတပ်၊ မတူပီ၊ ကန်ပက်လက်မြို့များသို့လည်းကောင်း၊ ချင်းပြည်နယ်မြို့တော် ဟားခါးမြို့သို့ လွယ်ကူချောမွေ့စွာ သွားလာနိုင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဆက်သွယ်သည့် ပြည်ထောင်စုကွန်ရက် လမ်းမကြီး ပေါ်တွင် တည်ဆောက်ထားသည့် အရေးပါသည့်တံတားလည်း ဖြစ်ပါကြောင်း။
ကမ္ဘားနီတံတားတည်ဆောက် ပြီးစီးလျှင် စစ်ကိုင်းတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီး ကုန်စည်စီးဆင်းမှုမြန်ဆန်၍ အထိုက်အလျောက် ကုန်ဈေးနှုန်းများလည်းကျဆင်းမည် ဖြစ်ပါ ကြောင်း၊ ခရီးသွားပြည်သူများတွင်လည်း စိတ်ချမ်းမြေ့စွာ သွားလာနိုင်မည့်ခရီးလမ်း ဖြစ်ပါ ကြောင်း၊ သို့ဖြစ်၍ ကလေး-ဂန့်ဂေါလမ်းပိုင်းရှိ ကမ္ဘားနီသံကူကွန်ကရစ်တံတား အရှည် ၆၂၅ ပေသည် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ပြန်လည် တည်ဆောက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်ခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
စစ်ကိုင်းတိုင်းဒေသကြီး၊ ဂန့်ဂေါ-ကလေးလမ်း၊ မိုင်တိုင် ၅၁ မိုင် ၄ ဖာလုံနှင့် ၅၁ မိုင် ၆ ဖာလုံအကြားတွင်ရှိသည့် ကမ္ဘားနီ တံတားသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊ တံတားဦးစီးဌာနမှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၂၁-၂၀၂၂ (၆)လ ဘဏ္ဍာရေးနှစ် ၂ - ၁ - ၂၀၂၂ ရက်တွင် လုပ်ငန်းရပ်ဆိုင်းခဲ့ပါကြောင်း၊ ၁၉၉၅ ခုနှစ်တွင် တည်ဆောက်ထားခဲ့သော ကမ္ဘားနီရထားတံတား ၅၉၅ ပေသည် ရထားဖြတ်သန်းသွားလာနိုင်ရန် တည်ဆောက်ထားပြီး ၁၄ ပေ အကျယ်ရှိသဖြင့် မော်တော်ယာဉ် များလည်း ဖြတ်သန်းသွားလာလျက်ရှိပါကြောင်း။
ကမ္ဘားနီတံတားအသစ်၏ လုပ်ငန်းရပ်နားသည့်အချိန်တွင် တံတားတစ်စင်းလုံး၏ ၇၀ ရာခိုင်နှုန်း ပြီးစီးပြီး ဖြစ်ပါကြောင်း၊ တံတားအရှည်သည် ၆၂၅ ပေဖြစ်ပြီး တံတားခန်းဖွင့်တွင် ၈၅ ပေ x ၇ ခန်းနှင့် ၃၀ ပေ x ၁ ခန်းတို့ဖြစ်ပြီး ယာဉ်သွားလမ်းအကျယ်တွင် ၂၈ ပေဖြစ်ပါကြောင်း၊ တံတား တည်ဆောက်ခြင်းလုပ်ငန်း၏ အောက်ခြေကွန်ကရစ်လုပ်ငန်းနှင့် ကိုယ်ထည်လုပ်ငန်းများအားလုံး ဆောင်ရွက်ပြီးစီးပြီဖြစ်ပါကြောင်း၊ တံတားအပေါ်ထည်လုပ်ငန်းဖြစ်သည့် ကြိုတင်အားဖြည့် သံကူ ကွန်ကရစ် ယက်မ ၅ လုံး ကိုလည်း ထုတ်လုပ်ပြီးစီးပြီဖြစ်၍ ၃၀ ပေ သံကူကွန်ကရစ်ကြမ်းခင်း (၁)ခန်းလည်း ဆောင်ရွက် ပြီးစီးပြီ ဖြစ်ပါကြောင်း။
ကမ္ဘားနီတံတား ၆၂၅ ပေ တည်ဆောက်ခြင်း၏ ကျန်ရှိသော အပေါ်ထည်လုပ်ငန်း များသည် လတ်တလောအခြေအနေအရ ပြန်လည်တည်ဆောက်နိုင်ခြင်း မရှိသေးပါကြောင်းနှင့် အလုပ်သမားများနှင့် ဝန်ထမ်းများအခြေကျ ဆောင်ရွက်နိုင်မည့် နီးစပ်ရာဘဏ္ဍာရေးနှစ်တွင် ဆက်လက်တင်ပြဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။