မကွေးမြို့နယ်၊ ဂဲကြီးကုန်း၊ ယင်းကွေ့ချောင်းနှင့် လက်ပံတိုကျေးရွာများ၏ ကျေးရွာချင်းဆက်လမ်း အား ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေး မည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
တင်ပြပါလမ်းသည် ၂၀၁၃ ခုနှစ်က စတင်ဖောက်လုပ်ခဲ့သောလမ်းဖြစ်ပြီး လမ်းအရှည် ၁၀ မိုင်ခန့် ရှည်လျားသော မြေသားလမ်းဖြစ်ကြောင်း၊ မကွေးမြို့နယ်အတွင်းရှိ တင်ပြပါ ကျေးရွာ ၃ ရွာတွင် စုစုပေါင်း အိမ်ခြေ ၆၁၇ လုံး၊ အိမ်ထောင်စု ၆၃၀ စုနှင့် လူဦးရေ ၂,၇၆၇ ဦးရှိပြီး ကျေးရွာနေ ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးရွာထွက်ကုန် စိုက်ပျိုးသီးနှံများအတွက် ကုန်ထုတ်လမ်းအဖြစ် တင်ပြပါမြေသားလမ်းအား အဓိကထားအသုံးပြုနေခြင်းဖြစ်ကြောင်း၊ ယခု အခါ တင်ပြပါမြေသားလမ်းသည် ချိုင့်များ၊ ရွှံ့များဖြင့် ဆိုးရွားစွာပျက်စီးလျက်ရှိပြီး ကျေးရွာနေ ပြည်သူများအတွက် သွားလာအသုံးပြုရန် အခက်အခဲများဖြစ်ပေါ်လျက်ရှိကြောင်း၊ သို့ဖြစ်ပါ၍ မကွေးမြို့နယ်အတွင်းရှိ တင်ပြပါ ကျေးရွာ ၃ ရွာနေပြည်သူများ အားကိုးအားထားပြု သွားလာ နေရသော မြေသားလမ်းအား ရာသီမရွေးသွားလာနိုင်သော ကျောက်ချောလမ်းအဖြစ်အဆင့်မြှင့် တင်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက် ပေးနိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လွှတ်တော်ကိုယ်စားလှယ်ကြီးမေးမြန်းထားသည့် မကွေး-တောင်တွင်းကြီးလမ်းမှ ဂဲကြီးကုန်း-ယင်းကွေ့ချောင်း-လက်ပံတိုလမ်းသည် ရန်ကုန်-ပြည်-မန္တလေးလမ်းမှခွဲထွက်ပြီး ဂဲကြီးကုန်းကျေးရွာ၊ လက်ပံတိုကျေးရွာ၊ ယင်းကွေ့ချောင်းကျေးရွာများအား ဆက်သွယ်ထားသော လမ်းအရှည် ၉ မိုင်၊ ၇ ဖာလုံရှိသော မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသည့်လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း အခြေအနေသည် အမာခံလမ်း ၉ မိုင်၊ ၇ ဖာလုံ ဖြစ်ပါကြောင်း၊ မကွေးတိုင်းဒေသကြီးအတွင်းတွင် လမ်းမိုင်ပေါင်း ၄,၆၀၀ မိုင်၊ ၁ ဖာလုံရှိပြီး လက်ရှိလမ်းအခြေအနေသည် ကတ္တရာလမ်းမဖြစ်သေးသော လမ်းအနေဖြင့် ကျောက်ခင်းလမ်း ၄၄၈ မိုင် ၁ ဖာလုံ၊ အမာခံလမ်း ၁,၂၂၂ မိုင် ၆ ဖာလုံ၊ မြေသားလမ်း ၅ဝ၆ မိုင်၊ ၄ ဖာလုံနှင့် ဆိုင်ကယ်လမ်း ၁၂၄ မိုင် ၄ ဖာလုံ ဖြစ်ပါကြောင်း။
အဆိုပါလမ်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ရာသီမရွေးသွားလာနိုင်သော ကျောက်ခင်း လမ်းအဖြစ်ဆောင်ရွက်နိုင်ရန် လမ်းအရှည် ၁ မိုင်၊ ၄ ဖာလုံကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ရန်ပုံငွေတွင် လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ကျန်ရှိသော အမာခံလမ်းပိုင်းကိုလည်း တိုင်းဒေသကြီးငွေလုံးငွေရင်းရန်ပုံငွေတွင် နှစ်အလိုက်လျာထားပေးမည်ဖြစ်ပါကြောင်း မကွေးတိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။
ဦးစိုးတင့်နိုင်(မကွေးမဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်းခဲ့ပါသည်။
မိမိတင်ပြသည့် ၉ မိုင်တွင် ၁ မိုင်၊ ၄ ဖာလုံ ချပေးသည့်အတွက် ကျေးဇူးတင်ပါကြောင်း၊ သို့သော် အဆင့်ဆင့် နှစ်အလိုက်ဆောင်ရွက်သည့် လမ်းအစီအစဉ်အတိုင်း လမ်းစတင်ဆောင်ရွက်သည့် အချိန်တွင် လမ်းအစမှ ဆောင်ရွက်ခြင်းမလုပ်ဘဲ အမှန်တကယ်ပျက်စီးသည့် မိုင်တိုင် ၄ မိုင်မှစ၍ လမ်းဆုံကြားထဲတွင် ဂဲကြီးကုန်းအလွန် ပျက်စီးသည့် နေရာမှစ၍ ၁ မိုင်၊ ၄ ဖာလုံကို စတင်ဆောင်ရွက်ပေးရန် ဖြည့်စွက်တင်ပြခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
နယ်မြေတွင်ရှိသည့်သူများနှင့်ညှိနှိုင်း၍ ယခုလွှတ်တော်ကိုယ်စားလှယ်ကြီး တင်ပြသွားသည့် နေရာမှစ၍ ဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။