လက်ပံတန်း-သာရဝေါ သွားမဟာဗျူဟာလမ်းအား ကွန်ကရစ်လမ်းခင်းခြင်း သို့မဟုတ် အကြီးစား ပြင်/ထိန်း ပြုလုပ်ခြင်းကို မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သွားမည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
လက်ပံတန်း-သာရဝေါလမ်းပိုင်းသည် အရှည် မိုင် ၂၀ မိုင် ၂ ဖာလုံရှိ၍ ၁၉၉၀-၁၉၉၁ ခုနှစ်မှ ဖောက် လုပ်ခဲ့သော လမ်းပိုင်းတစ်ခုဖြစ်ပါကြောင်း၊ သာရဝေါနှင့် ဟင်္သာတဆက်သွယ်နိုင်မည့် တံတားကြီး သာ တည်ဆောက်လျှင် တိုင်းဒေသကြီးနှစ်ခုကို ဆက်သွယ်ပေးနိုင်သည့် လမ်းပိုင်းဖြစ်ပါကြောင်း၊ ကျေး လက်နေပြည်သူလူထုအများစုသည်လည်း အားကိုးအားထားပြု နေရသောလမ်းပိုင်းဖြစ်ပါကြောင်း၊ လမ်း အခြေအနေတွင် ဆိုးရွားစွာပျက်စီးချို့ယွင်းနေသည့်အတွက် ကျေးရွာနေ ပြည်သူလူထုအများစုသည် ကျန်း မာရေးအခက်အခဲများဖြစ်ပေါ်လာလျှင် လက်ပံတန်းမြို့သို့ အချိန် ၃ နာရီကျော်ကြာ သွားရမည့် အစား ဟင်္သာတမြို့နယ်ဘက်ခြမ်းသို့ ဧရာဝတီမြစ်ကို စက်လှေဖြင့် ကူး၍ သွားရောက်ကုသနေရပါ ကြောင်း။
မဟာဗျူဟာလမ်းပိုင်းသည် အရှည်အားဖြင့် ၂၀ မိုင်၊ ၂ ဖာလုံ ရှိသော်လည်း လက်ပံတန်း မြို့မှအထွက် ကံကြီးလမ်းမှ ကံတစ်ရာငါးကန်ထိပ်အထိ အရှည် ၁ မိုင်၊ ၆ ဖာလုံကို ၁၈ ပေအကျယ် ကွန်ကရစ်လမ်းပိုင်းအဖြစ်လည်းကောင်း၊ ၎င်းနေရာမှ ဖိုးကတိုးရွာ၊ ချောင်းသုံးဂွရွာ၊ တော်လက် သချောင်းဆုံနှင့် ရေကြည်ရွာ ထိပ်ထိ အရှည် ၁၄ မိုင်၊ ၁ ဖာလုံကို အကျယ် ၁၂ ပေရှိသည့် ချိုင့်ကြီး ချိုင့်ငယ်များနှင့်ပြည့်နှက်နေသော ကတ္တရာလမ်းပိုင်းဖြစ်ပါကြောင်း၊ ရေကြည်ရွာမှ သာရဝေါ နေရာထိ လမ်းအရှည် ၄ မိုင်၊ ၃ ဖာလုံသည် ရွှံ့နွံများ ထူထပ်စွာဖြင့် ဆိုင်ကယ်နှင့်ပင် သွားလာရခက်ခဲသည့် ကျောက်ချောလမ်းပိုင်း ဖြစ်ပါကြောင်း၊ ပြုပြင်ထိန်းသိမ်းရန် လိုအပ်နေသော လမ်းပိုင်းသည် ကတ္တရာ လမ်းပိုင်းနှင့် ကျောက်ချောလမ်းပိုင်း စုစုပေါင်း လမ်းအရှည် ၁၈ မိုင်၊ ၄ ဖာလုံ လမ်းပိုင်း ဖြစ်ပါကြောင်း။
မိုးရာသီဆိုလျှင် သွားလာရခက်ခဲ၍ ဒုက္ခကြီးစွာဖြင့် နေ့စဉ်သွားလာနေရပါကြောင်း၊ နှစ်ကာလ အားဖြင့် ၃၅ နှစ်ကျော်ပြီဖြစ်သည့်အတွက် ပြင်/ထိန်းလုပ်ငန်းများကိုဆောင်ရွက်နိုင်မှု နည်းပါးသည့် အတွက် လမ်းပိုင်းများသည် ဆိုးရွားနေပါကြောင်း၊ လမ်းပိုင်းပြင်/ထိန်းဆောင်ရွက်ရာတွင် သက်တမ်း နုသည့် ဂဝံအမျိုးအစားများကြောင့် နွေရာသီတွင် ဖုန်တစ်ထောင်းထောင်းဖြင့် သွားလာ နိုင်သော်လည်း မိုးရာသီရောက်လျှင် ရွှံ့နွံများဖြစ်၍ လမ်းပိုင်းတွင်ပျက်စီးနေသော ချိုင့်ကြီးချိုင့်ငယ်များ လည်း ပုံမှန်အတိုင်းဆက်လက်တည်ရှိနေပါကြောင်း။
မဟာဗျူဟာလမ်း သို့မဟုတ် လက်ပံတန်း-သာရဝေါလမ်းပိုင်းသည် အရှည်မိုင် ၂၀ မိုင် ၂ ဖာလုံ တွင် ကွန်ကရစ်လမ်းပိုင်းအပါအဝင် ကောင်းသည့်လမ်းပိုင်း ၃ မိုင်ခန့် အသင့်တင့်ကောင်းမွန်သော လမ်းပိုင်း ၄ မိုင်ခန့်ရှိပြီး ညံ့သည့်လမ်းပိုင်းသည် ၁၃ မိုင် ၂ ဖာလုံခန့်ရှိပါကြောင်း၊ ဆိုးရွားသည့်လမ်းပိုင်း များတွင် ကွန်ကရစ်လမ်းအဆုံးမှ ဖိုးကတိုးရွာအထိလည်းကောင်း၊ ဖိုးကတိုးရွာအထွက်မှ ချောင်းသုံးခွ ရွာအဝင်အထိလည်းကောင်း၊ တော်လဿရွာအဝင် မြစ်မခမြစ်ကူးတံတားမရောက်ခင်နှင့် တော်လဿ ရွာအထက်လမ်းပိုင်း ၎င်းမှရေကြည်ရွာအထိလည်းကောင်း၊ ရေကြည်ရွာအထွက်မှ ကျောက်ချောလမ်း ပိုင်းစတင်သည့်နေရာမှ သာရဝေါလမ်းပိုင်းအထိ ဖြစ်ပါကြောင်း၊ မဟာဗျူဟာလမ်းပိုင်း လက်ပံတန်း- သာရဝေါသည် သက်တမ်းအားဖြင့် ၃၅ နှစ်ကျော်လာခြင်း၊ ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့ကို ဆက်သွယ်နိုင်သည့် မဟာဗျူဟာကျသည့် လမ်းတစ်ခုဖြစ်၍ နိုင်ငံတော် အဆင့် အမျိုးသားရေး ကွန်ရက်ကြီးတစ်ခုဖြစ်လာနိုင်သည့်အတွက် ပျက်စီးချို့ယွင်းနေသော အရှည် ၁၄ မိုင် ၄ ဖာလုံအား အကြီးစားပြင်/ထိန်းဆောင်ရွက်ခြင်း သို့မဟုတ် ပြည်ထောင်စုရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းအဖြစ် ဆက်လက်ခင်းကျင်းခြင်းကို ဆောင်ရွက်ရန်အစီအစဉ် ရှိ မရှိ နှင့် ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် စတင်ဆောင်ရွက်ပေးသွားမည်ကို မေးမြန်းခဲ့ပါသည်။
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမျိုးမြင့် က
လက်ပံတန်းမြို့နှင့် ဧရာ၀တီမြစ်ကမ်းပါးရှိ ကျုံလဟာကျေးရွာသို့ ဆက်သွယ်ထားသည့် ၂၀ မိုင် ၂ ဖာလုံအရှည်ရှိသော လက်ပံတန်း -ကျုံလဟာလမ်းဖြစ်ပြီး ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲ သောလမ်းဖြစ်ပါကြောင်း။
လက်ပံတန်း - ကျုံလဟာလမ်း၏ လက်ရှိလမ်းအခြေအနေတွင် ကွန်ကရစ်လမ်း ၁ မိုင် ၆ ဖာလုံ၊ ကတ္တရာလမ်း ၁၄ မိုင် ၁ ဖာလုံ၊ ကျောက်ခင်းလမ်း ၄ မိုင် ၃ ဖာလုံ ဖြစ်ပါကြောင်း၊ ပဲခူးတိုင်း ဒေသကြီးသည် လမ်းမိုင်ပေါင်း ၂၄၃၀ မိုင်ရှိ၍ ကွန်ကရစ်လမ်း၊ ကတ္တရာလမ်းမဖြစ်သေးသည့်လမ်း အနေနှင့် ကျောက်ခင်းလမ်း ၂၇၈ မိုင် ၄ ဖာလုံ၊ အမာခံလမ်း ၂၇၁ မိုင် ၆ ဖာလုံနှင့် မြေသားလမ်း ၃၂၄ မိုင် ဖြစ်ပါကြောင်း။
အဆိုပါလမ်းသည် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ပုံငွေ ဖြင့် လမ်းအနိမ့်အမြင့်ဖြေညှိ၍ ကတ္တရာ ရေပိတ်လွှာလောင်းခြင်း ၁ ဖာလုံ၊ လမ်းအောက် ခံ မြေ(Subgrade)ပြုပြင်၍ ဒု-အခြေခံလွှာခင်းခြင်း ၄ ဖာလုံ လုပ်ငန်းများ ဆောင်ရွက် ခွင့်ပြုထားပြီး ဖြစ်ပါကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်နေသော နေရာများသည် သွားလာမှုအဆင်ပြေချောမွေ့စေရန် လမ်းပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများကိုလည်း ဆောင်ရွက် ပေးသွားမည်ဖြစ်ပါကြောင်း။
ပထမအဆင့်အနေဖြင့် ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ပျက်စီးနေသော လမ်းပိုင်း ၁ မိုင်သည် ကျောက်ခင်းလမ်းဖြင့်ဆောင်ရွက်နိုင်ရန် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေတွင် လျာထားသွားမည် ဖြစ်ပါကြောင်း၊ ကွန်ကရစ်လမ်းခင်းခြင်းသည် နှစ်အလိုက်အဆင့်ဆင့် တိုးမြှင့်လျာထားသွားမည် ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။