နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး အဋ္ဌမနေ့ (၃၀.၉.၂၀၂၆) မေးမြန်းခဲ့သောမေးခွန်းများနှင့်ဖြေကြားချက် အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ
MY EN

(ဂ)- ဦးဉာဏ်ဝင်းထိုက် (ဗိုလ်တထောင်မဲဆန္ဒနယ်)

2026-09-30
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
မေးခွန်း
ဦးဉာဏ်ဝင်းထိုက် (ဗိုလ်တထောင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အိမ်ရာမဲ့များ၏ဘဝရပ်တည်မှုနှင့် လူမှုဖူလုံရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် ကူညီ ဆောင်ရွက်ပေးမည့် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မိမိတို့နိုင်ငံအတွင်းတွင် ၂၀၂၁ ခုနှစ်မတိုင်မီနှင့် ၂၀၂၁ ခုနှစ်နောက်ပိုင်းတွင် စစ်ပွဲများ၊ အကြမ်း ဖက်မှုများ၊ သဘာဝဘေးအန္တရာယ်ဒဏ်များကြောင့် မြို့ကြီးများကို တိမ်းရှောင်လာကြပြီး အဆင်ပြေ သည့်လူများသည် အိမ်များ၊ ခြံများ အပိုင်ဝယ်၍နေကြပြီး အိမ်ငှားတာများရှိပါကြောင်း၊ အဝတ် တစ်ထည်ကိုယ်တစ်ခုနှင့် ကြုံသလိုထွက်ပြေးလာရသည့်လူများသည် ရောက်သည့်နေရာတွင် အဆင် ပြေစွာ နေထိုင်စားသောက်နေကြရင်း အကြောင်းအမျိုးမျိုးကြောင့် အိမ်ရာမဲ့များ ဖြစ်လာကြပါကြောင်း၊ နေ့စဉ်စားဝတ်နေရေးအတွက် ကြုံရာကျပန်းအလုပ်များ၊ ပလုံကောက်တာများ၊ တောင်းရမ်းတာများကို အဓိကထား လုပ်ကိုင်ဖြေရှင်းနေရပါကြောင်း၊ တချို့ဆိုလျှင် နေ့စဉ်တစ်ဝမ်းတစ်ခါးအတွက် ကြုံသလို တရားဝင်ခြင်း၊ မဝင်ခြင်း မစဉ်းစားနိုင်၍ နည်းလမ်းမျိုးစုံသုံးကာ ရှာဖွေစားသောက်ကြရင်း ရာဇဝတ် ပြစ်မှုများကိုပါ ကျူးလွန်ခဲ့ကြခြင်းများရှိခဲ့ပါကြောင်း၊ ဆင်းရဲချမ်းသာ ဘယ်လိုအခြေအနေဖြစ်နေပါစေ အားလုံးသည် မိမိတို့နိုင်ငံသား ပြည်သူများဖြစ်သည့်အတွက် မိမိတို့အားလုံးတွင် တာဝန်ရှိပါကြောင်း။

အိမ်ရာမဲ့တောင်းရမ်းနေသူများကို လူနေမှုအဆင့်အတန်းတစ်ခုအဖြစ် ရပ်တည်ချက် ကောင်းမွန်ပြီး ဘဝအာမခံချက်နှင့်ပြည့်စုံရန်အတွက် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည် ဖြစ်သဖြင့် အိမ်ရာမဲ့များအတွက် ယာယီနေထိုင်ရန်နေရာများ၊ တန်ဖိုးနည်းအငှားအိမ်ရာစီမံကိန်းများ ကျောင်းပညာသင်ပေးတာထက် အသက်မွေးမှုပညာရပ်ကို သင်ကြားပေးပြီး အလုပ်အကိုင်ပါ တစ်ပါတည်း စီစဉ်ပေးရန်နှင့် ကျန်းမာရေးအတွက် ဆေးပစ္စည်းစုံလင်စွာနှင့်  အခမဲ့ဆေးကုသ ပေးမှုကိုလည်း စီမံချက်ချပြီး အကြားအလပ်မချန် ကွက်ပြည့်နင်း၍ ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ကြုံသည့်နေရာတွင် ကြုံသလို နေထိုင်ရတာဖြစ်၍ စားဝတ်နေရေးအတွက်လည်း ကြုံသလို ရှာဖွေစားသောက်ရင်း မသမာသူများနှင့် ချိတ်ဆက်မိသွားပြီး မူးယစ်ဆေးဝါး၏ သားကောင်များ၊ ဒုစရိုက်သမားများ၏ သားကောင်များ၊ အကြမ်းဖက်လုပ်ရပ်များကို လုပ်ခိုင်းရန်အတွက် သားကောင်များ ဖြစ်ကုန်ကြတာလည်း အများကြီးရှိကြပါကြောင်း၊ နိုင်ငံတော်၏ လူ့စွမ်းအားအရင်း အမြစ်များလည်း နစ်နာရပြီး မသမာသူများနှင့်တွေ့မည့်အစား တိုင်းပြည်အတွက် လိုအပ်သည့်နေရာ များတွင် တာဝန်ထမ်းနိုင်အောင်လည်း စီစဉ်ဆောင်ရွက်ပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တချို့ အိမ်ရာမဲ့များသည် ၎င်းဘဝများကို ရုန်းကန်ပြီး ဘဝအသစ်စချင်သူများလည်းရှိနေပါကြောင်း၊ ထို့ကြောင့် အိမ်ရာမဲ့များကို ပစ်ပယ်မထားဘဲ အစိုးရနှင့်ပြည်သူ ပေါင်းစပ်ကူညီပေးသွားရမည် ဖြစ်ပါကြောင်း။ UN ခန့်မှန်းချက်အရ ကမ္ဘာပေါ်တွင် အိမ်ရာမဲ့သူများ ခန့်မှန်း သန်း ၁၅၀ ခန့်ရှိနိုင်ပြီး လူဦးရေ ၁.၆ ဘီလီယံခန့်အား မလုံလောက်သော သို့မဟုတ် အန္တရာယ်ရှိသောအိမ်ရာများတွင် နေထိုင် ရကြောင်း၊ ကမ္ဘာပေါ်တွင် အိမ်ရာမဲ့သူနှင့် တောင်းရမ်းသူများကို လျှော့ချရန်လုပ်သည့်အခါ ဥပဒေနှင့် ကိုင်တွယ်ခြင်းမပြုပဲ အိမ်ရာ၊ အလုပ်အကိုင်၊ လူမှုကာကွယ်စောင့်ရှောက်ရေးနှင့် ကျန်းမာရေး ဝန်ဆောင်မှုများကို ပေါင်းစပ်ဆောင်ရွက်နိုင်ခဲ့၍ အောင်မြင်ခဲ့သည့် နိုင်ငံပေါင်း ၁၀ နိုင်ငံကျော်ခန့် ရှိပါကြောင်း၊  မိမိတို့နိုင်ငံတွင်လည်း တောင်းရမ်းစားသောက်နေသူများအပေါ် ဥပဒေအရ အရေး ယူရန်မလုပ်ဘဲ အကောင်းဆုံးနည်းလမ်းရှာ၍ ၎င်းတို့ဘဝအေးချမ်းတည်ငြိမ်ပြီး အိမ်ရာ၊ အလုပ် အကိုင်၊ လူမှုဖူလုံရေးစနစ်ကောင်းများနှင့် လူနေမှုပတ်ဝန်းကျင်အတွင်း ပြန်လည်ဝင်ရောက်နိုင်စေရန် နွေးထွေး ၍ လူသားဆန်စွာ နည်းလမ်းကောင်းမျိုးစုံသုံးပြီး ဆောင်ရွက်သွားရမည်ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မိမိမေးမြန်းလိုတာက မိမိတို့နိုင်ငံ၏မြို့များမှာရှိသည့် အိမ်ရာမဲ့ တောင်းရမ်းနေသူများ၏ လူနေမှုဘဝ ရပ်တည်ချက်ကောင်းမွန်ကာ ဘဝအာမခံချက်နှင့် ပြည့်စုံရန်အတွက် စနစ်တကျ စီစဉ်ဆောင်ရွက် ပေးပြီး တောင်းရမ်းနေမှုကို အရေးယူရန်မဟုတ်ဘဲ ၎င်းတို့ဘဝများ အေးချမ်းတည်ငြိမ်ပြီး အိမ်ရာ၊ အလုပ်အကိုင်၊ လူမှုဖူလုံရေးစနစ်နှင့် လူနေမှုပတ်ဝန်းကျင်အတွင်း ပြန်လည် ဝင်ရောက်လာနိုင်စေရေး လက်ရှိအစိုးရလက်ထက်တွင် ပံ့ပိုး ကူညီဆောင်ရွက်ပေးသွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး က 

နိုင်ငံတစ်ဝန်းရှိ အိမ်ရာမဲ့တောင်းရမ်းသူတွေအနေနှင့် အသက်အရွယ်ရှိသူ အမျိုးသား၊ အမျိုးသမီးတချို့မှ ၎င်းတို့ဘဝရှင်သန်ရေးအတွက် ကြိုးစားရုန်းကန်လိုစိတ်မရှိခြင်း၊ သမာအာဇီဝ ကျသည့် အလုပ်အကိုင်မျိုးနှင့် စားဝတ်နေရေးအတွက် ရင်ဆိုင်ဖြေရှင်းလိုခြင်းမရှိခြင်း၊ ကလေး သူငယ်နှင့် အသက်အရွယ်အိုမင်းသူများကို စီးပွားရေးအမြတ်ထုတ်လိုသူများက ၎င်းတို့သတ်မှတ်ထား သည့် ငွေကြေး ပမာဏရရှိအောင် တောင်းရမ်းခိုင်းခြင်း၊ တောင်းရမ်းစားသောက်မှုကြောင့် ငွေကြေး အလွယ်တကူရရှိသည်ကိုသိရှိပြီး တောင်းရမ်းစားသောက်ခြင်းကိုသာ တမင်ရွေးချယ်လုပ်ကိုင်နေပြီး အသက်မွေးဝမ်းကျောင်းပြုခြင်းဖြစ်နေပါကြောင်း၊ အဆိုပါ တောင်းရမ်းစားသောက်နေထိုင်သူများ နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရအဖွဲ့တို့အနေဖြင့် လုပ်ငန်းတာဝန်များနှင့်အညီ ပူးပေါင်းဖြေရှင်းဆောင်ရွက်လျက်ရှိပါကြောင်း။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ လုံခြုံရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးတပ်ဖွဲ့မှ လမ်းပေါ်တွင် တောင်းရမ်းစားသောက်နေသူများ၊ အကြောင်း အမျိုးမျိုးကြောင့် လမ်းပေါ်သို့ ရောက်ရှိနေသူ ကလေးသူငယ်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဖွင့်လှစ်ထားရှိသည့် ကမာရွတ်မြို့နယ်ရှိ နာနတ်တော ယာယီထိန်းသိမ်းစောင့်ရှောက်ရေးစခန်းသို့ပို့ပြီး ၎င်းတို့၏ ကိုယ်ရေးရာဇဝင်ကောက်ယူခြင်း၊ ပထမ အကြိမ် ရောက်လာသူများကို ခံဝန်ဖြင့် မိသားစုထံပြန်လည်အပ်နှံခြင်း၊ ဒုတိယအကြိမ် ရောက်လာသူများကို ခံဝန်ဖြင့် မိသားစုထံ ပြန်လည်အပ်နှံခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီး၊ တတိယ အကြိမ် ရောက်ရှိလာလျှင် လိုအပ်သလို အရေးယူဆောင်ရွက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက် ရှိပါကြောင်း။

ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၂၄ ပုဒ်မခွဲ(က) ပုဒ်မခွဲငယ် (၄၈)အရ မိဘမှ ထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်းမရှိသည့် ကလေးသူငယ်များ၊ မိသားစုနှင့် အဆက်အသွယ်မရရှိသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပို့အပ်ပြီး အသက် ၁၈ နှစ် အောက် ယောင်္ကျားလေးများအား ရန်ကုန်တိုင်းဒေသကြီး၊ ငှက်အော်စမ်း လူငယ်သင်တန်းကျောင်းနှင့် သန်လျင်လူငယ်သင်တန်းကျောင်းမှာလည်းကောင်း၊ အသက် ၁၈ နှစ်အောက် မိန်းကလေးများအား လူငယ်ပြုစု စောင့်ရှောက်ရေးစင်တာ (ရွှေပြည်သာ)တွင်လည်းကောင်း လက်ခံစောင့်ရှောက် ပေးလျက်ရှိပါကြောင်း၊ ယာယီစောင့်ရှောက်ထားစဉ်ကာလအတွင်း မိဘအုပ်ထိန်းသူနှင့် အဆက် အသွယ်ရရှိပြီး ပြန်လည်စောင့်ရှောက်နိုင်ပါက စိစစ်၍ စနစ်တကျ လွှဲပြောင်းအပ်နှံပေးလျက် ရှိပါကြောင်း၊ မိဘအုပ်ထိန်းသူမှ ပြန်လည်စောင့်ရှောက်နိုင်ခြင်းမရှိသော ကလေးသူငယ်များအား အဆိုပါကျောင်းများမှာ ကလေးများ၏ ကျန်းမာရေး၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်း ပညာများကို သင်ကြားပေးလျက်ရှိပါကြောင်း၊ မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့တွင်လည်း မန္တလေး မြို့တော်စည်ပင်သာယာရေးဥပဒေ ပုဒ်မ ၅၂ ပုဒ်မခွဲ(န) အရ မိဘမှထိန်းသိမ်း စောင့်ရှောက်နိုင်ခြင်း မရှိသည့် ကလေးသူငယ်များ၊ မိသားစုနှင့် အဆက်အသွယ် မရရှိသည့် အသက် ၁၈ နှစ်အောက် ကလေးသူငယ်များကို လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပို့အပ်ပြီး ၁၀ နှစ်အောက် ကလေး သူငယ်များကို မန္တလေး ကလေးပြုစုရေးဌာနမှာလည်းကောင်း၊ အသက် ၁၈နှစ်အောက် ယောင်္ကျားလေးများအား မန္တလေးလူငယ် သင်တန်းကျောင်းတွင်လည်းကောင်း၊  မိန်းကလေး များအား အမျိုးသမီးကလေးများသင်တန်းကျောင်းမှာလည်းကောင်း လက်ခံစောင့်ရှောက်ပေး လျက်ရှိပါကြောင်း။

လက်ရှိ လူမှုဝန်ထမ်းဦးစီးဌာနတွင် ကလေးပြုစုရေးဌာန ၁ ခုနှင့် လူငယ်သင်တန်းကျောင်း ၅ ကျောင်း၌ လမ်းပေါ်နေ ကလေးသူငယ် ကျား ၇၈ ဦး၊ မ ၄၅ ဦးကို စောင့်ရှောက်ထားရှိပါကြောင်း၊ သင်တန်းကျောင်းများတွင် စောင့်ရှောက်ထားစဉ်ကာလအတွင်း ကလေးများ၏ သင်ယူလက်ခံနိုင်သည့် အခြေအနေပေါ်မူတည်၍ အတန်းပညာ၊ ကျောင်းပြင်ပပညာနှင့် အသက်မွေးဝမ်းကျောင်းပညာ တွေကို သင်ကြားပေးလျက်ရှိရာ ၂၀၂၆-၂၀၂၇ ပညာသင်နှစ်အတွင်း အတန်းပညာ ၅၉ ဦး၊ ကျောင်းပြင်ပပညာ ၂၂ ဦးနှင့် အသက်မွေးဝမ်းကျောင်းပညာ ၄၀ ဦး သင်ကြားလျက်ရှိပါကြောင်း၊ လူနေမှုဘဝရပ်တည်နိုင်ရန်အတွက် အလုပ်အကိုင်ရရှိလိုသူများသည် ပြည်ထောင်စုနယ်မြေ၊ တိုင်းဒေသကြီး ပြည်နယ်များရှိ အလုပ်သမားညွှန်ကြားရေးဦးစီးဌာန၊ အလုပ်အကိုင်နှင့် အလုပ်သမား ရှာဖွေရေးရုံးများတွင် အလုပ်သမားမှတ်ပုံတင်ရန်လိုအပ်ပြီး အလုပ်အကိုင်နှင့် အလုပ်သမားရှာဖွေရေး ရုံးများအနေဖြင့် ပုဂ္ဂလိကပိုင် စက်ရုံ၊ အလုပ်ရုံ၊ ကုမ္ပဏီများ၏ အမှာစာများပါ အသက် ကန့်သတ်ချက်၊ ပညာအရည်အချင်း၊ ကျန်းမာရေးနှင့် လုပ်ငန်းကျွမ်းကျင်မှု စသည့်သတ်မှတ်ချက် များနှင့်အညီ သင့်လျော်သည့် အလုပ်အကိုင်ရရှိရေး ချိတ်ဆက်ဆောင်ရွက်လျက်ရှိပါကြောင်း။

အလုပ်သမားဝန်ကြီးဌာနအနေဖြင့် အလုပ်သမားများ လိုအပ်သည့်လုပ်ငန်းကဏ္ဍအလိုက် ကျွမ်းကျင်မှုများရရှိစေရေး၊ လုပ်သားထုကျွမ်းကျင်မှု ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့်အလမ်း များရရှိရေး၊ အလုပ်အကိုင်တည်မြဲရေးနှင့် လုပ်ခလစာများတိုးမြှင့်ရရှိစေရန် ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်းများကို ရန်ကင်း၊ မြောက်ဒဂုံ၊ မန္တလေး၊ ပုသိမ်၊ စက်စဲ၊ ဘားအံနှင့် ပဲခူးတို့တွင် ဒေသတွင်း လိုအပ်ချက်နှင့်ကိုက်ညီသည့် ကျွမ်းကျင်မှုသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိပါ ကြောင်း၊ အိမ်ရာမဲ့တောင်းရမ်းသူများကို လူမှုဘဝရပ်တည်မှု ကောင်းမွန်စေရေးအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ဌာနဆိုင်ရာများမှ လူမှုရေးအဖွဲ့အစည်းများနှင့်ပူးပေါင်းပြီး ကွင်းဆင်း အသိပညာပေး ဟောပြောခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိရေးအတွက် ချပြရှင်းလင်းခြင်း လုပ်ငန်းများဆောင်ရွက်ပြီး အုပ်ထိန်းသူများကို လေလွင့်တောင်းရမ်းသူများ မရှိစေရေးနှင့် ဝင်ငွေရရှိသည့် လုပ်ငန်းများဆောင်ရွက်နိုင်ရန် အသက်မွေးဝမ်းကျောင်းသင်တန်းများကို ဖွင့်လှစ် ပေးလျက်ရှိပြီး အလုပ်အကိုင်အခွင့်အလမ်း ဖန်တီးပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း။

သို့ဖြစ်ပါ၍ တောင်းရမ်းစားသောက်သူများအား စနစ်တကျ စိစစ်ဆောင်ရွက်ပြီး တည်ငြိမ်သည့် အိမ်ရာ၊ အလုပ်အကိုင်နှင့်လူမှုဖူလုံရေးစနစ်အတွင်း ပြန်လည်ဝင်ရောက်လာနိုင်စေရန် လူငယ်သင်တန်း ကျောင်းများ၊ အိမ်တွင်းမှုအသက်မွေးပညာသင်တန်းကျောင်းများသို့ ပို့ဆောင်ကာ အသက် မွေးဝမ်းကျောင်းပညာရပ်များ သင်ကြားပေးခြင်းနှင့်အတန်းပညာများ သင်ကြားပေးခြင်းတို့ကိုလည်းကောင်း၊ ပုဂ္ဂလိက စက်ရုံ၊ အလုပ်ရုံများနှင့်ချိတ်ဆက်ပြီး အလုပ်အကိုင်ရှာဖွေပေးခြင်း တို့ကိုလည်းကောင်း ပေါင်းစပ်ဆောင်ရွက်ပေးလျက်ရှိပြီး နေ့စားသဘောမျိုးဖြင့် စီးပွားရေးအမြတ်ထုတ်ပြီး တောင်းရမ်း စားသောက်ရန် ခိုင်းစေသူတွေကိုဖော်ထုတ်ပြီး ထိရောက်ဟန့်တားလောက်သည့် ပြစ်ဒဏ်ရရှိရေး ဆောင်ရွက်ခြင်းတို့ကို သက်ဆိုင်ရာပူးပေါင်းအဖွဲ့များဖြင့် ကြပ်မတ်ဆောင်ရွက်လျက်ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်း မေးမြန်ခဲ့ပါသည်။

အိမ်ရာမဲ့ဘဝများကို ယခုလို စောင့်ရှောက်ပေးနေတာဖြစ်သည့်အတွက် ဝမ်းသာပါကြောင်း၊ ဒီထက်ပိုပြီး ဗလငါးတန်ဖွံ့ဖြိုးအောင် ဆက်လက်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊ မရှိနှင့် တောင်းရမ်း ရန်အတွက် ခိုင်းစေနေသည့် လူများ၊ အုပ်စုများ၊ ဂိုဏ်းများကို စုံစမ်းဖော်ထုတ် စစ်ဆေး အရေးယူ ရှင်းလင်းရန် အစီအစဉ် ရှိ၊မရှိကို ဆက်စပ်မေးခွန်း မေးမြန်းခဲ့သည်။

အဖြေ
အဖြေ

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာသန်းစိုး က 

          လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနအနေဖြင့် ကလေးများကို ထိန်းသိမ်းစောင့်ရှောက်ပေးတာ အဓိက ဖြစ်ပါကြောင်း၊ ၎င်းကိစ္စသည် အင်မတန် ကျယ်ပြန့်ပါကြောင်း၊ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၊ စည်ပင်သာယာရေး၊ အလုပ်သမားဝန်ကြီးဌာနများနှင့် အားလုံးပေါင်းစပ်၍ ဆောင်ရွက်မှ အောင်မြင်မည့်ကိစ္စကြီးလည်းဖြစ်ပါကြောင်း၊ ၎င်းမေးခွန်းနှင့် ပတ်သက်ပြီး သက်ဆိုင်ရာဌာနများနှင့် ပြန်လည်ဆွေးနွေးပြီး ဖြေကြားပေးပါမည်ဖြစ်ပါ ကြောင်းဖြင့် ဆက်စပ်မေးခွန်းအားပြန်လည်ဖြေကြားခဲ့ပါသည်။