MY EN

(ဋ)- ဦးသန့်ဇော်(ကွမ်းခြံကုန်းမဲဆန္ဒနယ်)

2026-09-30
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန
မေးခွန်း
ဦးသန့်ဇော် (ကွမ်းခြံကုန်း မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ကွမ်းခြံကုန်းမြို့နယ်၊ တော်ကေး-ပီလခတ်ကျေးရွာချင်းဆက်လမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ပေးရန် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း

မိမိတို့ကွမ်းခြံကုန်းမြို့နယ်သည် တော်လန်းတိုက်နယ်အတွင်းရှိ တော်ကလိပ်ကျေးရွာနှင့် ပီလခတ်ကျေးရွာကိုဆက်သွယ်ထားသည့်တော်ကေး-ပီလခတ်လမ်း ရှိပါကြောင်း၊ ထိုလမ်းသည် ၂.၆ မိုင်ရှည်လျား၍ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်တွင် မြေသားခင်းခြင်းနှင့် ရေပြွန် ၈ စင်း တည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ပါကြောင်း၊အဆိုပါလမ်းကို အသုံးပြု၍ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေးကိစ္စရပ်များကို ဆောင်ရွက်နေသည့် ကျေးရွာများ သည် တော်ကလိပ်ကျေးရွာအုပ်စုတွင် ၁၀ ရွာရှိပြီး ပီလခတ်ကျေးရွာ အုပ်စုတွင် ၄ ရွာရှိပါကြောင်း၊ ၎င်းရွာများ၏စုစုပေါင်း အိမ်ခြေအနေနှင့် ၂,၆၃၆ အိမ်ရှိ၍ လူဦးရေ ၁၂,၀၀၀ ခန့် နေထိုင်လျက်ရှိ ပါကြောင်း၊ အဓိကစီးပွားရေးလုပ်ငန်းများသည် စိုက်ပျိုးရေးလုပ်ငန်း၊ မွေးမြူရေး လုပ်ငန်းနှင့် ရေလုပ်ငန်းများလည်း လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါကြောင်း။

ထို့အပြင် ၎င်းလမ်းသည် ကုန်ထုတ်လုပ်ငန်းအတွက်သော်လည်းကောင်း၊ စိုက်ပျိုးရေးလုပ်ငန်း အတွက်သော်လည်းကောင်း၊ လမ်းပန်းဆက်သွယ်ရေးအတွက်သော်လည်းကောင်း အသုံးပြုရာတွင် ထိုလမ်းမှတစ်ဆင့် ငှက်ကြီးတောင်-တောင်ညိုလမ်းအတိုင်းသွား၍ အနောက်ဘက်ကို သွားလျှင် ဒလ-လက်ခုပ်ကုန်းလမ်းကို ရောက်ရှိမည်ဖြစ်ပါကြောင်း၊ ဒလ-လက်ခုပ်ကုန်းလမ်းမှ တောင်ဘက် ကိုသွားလျှင် လက်ခုပ်ကုန်းတိုက်နယ်နှင့် ဆယ်အိမ်တန်းကမ်းခြေကျေးရွာများကို ရောက်ရှိမည် ဖြစ်ပါကြောင်း၊ အနောက်မြောက်ဘက်တွင် ကွမ်းခြံကုန်းမြို့နှင့် ဧရာဝတီတိုင်းဒေသကြီးတို့ ဆက်သွယ်ထားသည့်လမ်းရှိ၍ ဒေးဒရဲမြို့ကိုလည်း သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ မြောက်ဘက် တွင် ဒလမြို့သို့ ရောက်ရှိ၍ မြန်မာ-ကိုရီးယားချစ်ကြည်ရေးတံတားမှ တစ်ဆင့် ရန်ကုန်မြို့ကို သွားလာနိုင်မည်ဖြစ်ပါကြောင်း၊ အဆိုပါလမ်းသည် ကျောက်ခင်းလမ်းနှင့် မြေသားလမ်းသာရှိသေး သည့်အတွက်ကြောင့် နွေရာသီတွင် ဒေသခံပြည်သူများသည် လမ်းမျက်နှာပြင်ကို ပြင်၍ သွားလာ နိုင်သော်လည်း မိုးရာသီတွင် မိုးရွာသွန်းမှုများပြားသည့်အတွက် လမ်းမျက်နှာပြင်သည် ချိုင့်များ ဖြစ်ပေါ်ခြင်း၊ ရေအိုင်များဖြစ်ပေါ်ခြင်းကြောင့် လမ်းများဆိုးရွားလျက်ရှိပါကြောင်း၊ ထို့ကြောင့် အဆိုပါလမ်းကို အသုံးပြုနေသည့် ပြည်သူများ သွားရေးလာရေး၊ ကျန်းမာရေးနှင့် ပညာရေးကိစ္စ ရပ်များ ဆောင်ရွက်ရာတွင် အဆင်ပြေချောမွေ့စေရန်အတွက်လည်းကောင်း၊ ရေထွက်ကုန်နှင့် စိုက်ပျိုးထွက်ကုန်များ လွယ်ကူစွာပို့ဆောင်နိုင်ရေး အတွက်လည်းကောင်း၊ တခြားမြို့ကြီးများနှင့် ဆက်သွယ်သွားလာနိုင်ရန်အတွက်လည်းကောင်း လမ်းကို အဆင့်မြှင့်တင်ပေးရန် လိုအပ်ပါကြောင်း၊ ထို့ကြောင့် တော်ကေး-ပီလခတ်လမ်းသည် အဆင့်မြှင့်တင်ပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ သံကူကွန်ကရစ်လမ်းအဖြစ် မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း မေးမြန်း ခဲ့ပါသည်။ 

အဖြေ
အဖြေ

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးသိုက်စိုး က

ယခုနှစ်အတွင်း မြေသားလမ်းတာဘောင်ချဲ့ခြင်း လုပ်ငန်းကို ပထမဦးစွာ ဆောင်ရွက်နေ ပါကြောင်း၊  တော်ကေး-ပီလခတ် ကျေးရွာချင်းဆက်လမ်းသည် ၂ မိုင်နှင့် ၂.၆ ဖာလုံရှိပြီး တိုင်းဒေသ ကြီးမှ  စီမံခန့်ခွဲသည့် Class A အဆင့်ရှိသည့်လမ်း ဖြစ်ပါကြောင်း၊ အဆိုပါလမ်းတွင် ကျောက် ချောလမ်း ၁ မိုင် ၂.၅ ဖာလုံ၊ မြေသားလမ်း ၁ မိုင် ဝ.၁ ဖာလုံ ရှိပါကြောင်း၊ ကျောက်ချောလမ်း ၁ မိုင် ၂.၅ ဖာလုံကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မိမိတို့ဆောင်ရွက်ပေးခဲ့ပါကြောင်း၊  မြေသားလမ်း ၁ မိုင် ၀.၁ ဖာလုံကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းကို ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်လျက်ရှိသည့်အခါ မြေသားတာပေါင်ချဲ့ခြင်းလုပ်ငန်းကို ဆောင်ရွက် လျက်ရှိ၍ ရာသီဥတု အခြေအနေပေါ်မူတည်ပြီး ကျောက်ချောလမ်းခင်းခြင်းကို ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ကျေးလက်လမ်းမဟာဗျူဟာအရ ရာသီမရွေးသွားလာနိုင်သောလမ်းများအဖြစ်ကို ဦးစားပေး ဆောင်ရွက်လျက်ရှိ၍ ကျောက်ချောလမ်းအဖြစ် ဆောင်ရွက်ပြီးလျှင် ရာသီမရွေးသွားလာနိုင်သဖြင့် လတ်တလောတွင် ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းသည် ဆောင်ရွက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။