လယ်ဝေးမြို့နယ်၊ ပတ္တာကျေးရွာရှိ ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်သို့ ဆက်သွယ်သောလမ်းအား ပြန်လည်ပြုပြင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့် မေးခွန်း
နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှားချောင်းအုပ်စု၊ ပတ္တာကျေးရွာရှိ ရန်ကုန်-မန္တလေး လမ်းဟောင်း နှင့် လေကြောင်းရန်ကာကွယ်ရေး တပ်အမှတ်(၂၀၃၁)အင်ပင်သာသို့ ဆက်သွယ်ထား သည့် ကတ္တရာလမ်းသည် အရှည်၂ မိုင်ခန့်ရှိပြီး ယခုအခါ အလွန်ပျက်စီး ယိုယွင်းလျက်ရှိကာ မော်တော် ကားများ၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် အလွန်ခက်ခဲကြမ်းတမ်းစွာသွားလာနေရပြီး ချိုင့်ခွက်များနှင့် ပြည့်နှက်နေသည့်လမ်း တစ်လမ်းဖြစ်ပါကြောင်း၊ အဆိုပါလမ်းပိုင်းအား ကျေးရွာ အုပ်စု ၆ အုပ်စုနှင့် ကျေးရွာ ၁၉ ရွာ၊ အိမ်ခြေ ၄၀၆၃ အိမ်၊ လူဦးရေ ၂၀,၀၀၀ ကျော်တို့က အားထားမှီခို နေရသည့်လမ်းပိုင်းဖြစ်ပါကြောင်း၊ ကျောင်းသား/ ကျောင်းသူများ ပညာရေးကိစ္စများ ဆောင်ရွက်ရာ တွင် လည်းကောင်း၊ ဘာသာရေးကိစ္စများ ဆောင်ရွက်ရာတွင်လည်းကောင်း၊ ပြည်သူများ၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးကိစ္စများ လုပ်ကိုင် ဆောင်ရွက်ရာတွင်လည်းကောင်း အဓိကအသုံးပြုနေသည့် လမ်းပိုင်းတစ်ပိုင်းဖြစ်ပါကြောင်း၊ ယခုအခါ ထိုလမ်းပိုင်းသည် ခြောက်သွေ့ရာသီတွင်လည်း ချိုင့်ခွက် များဖြစ်ပေါ်နေရပြီး သွားလာရခက်ခဲကာ ယခုလို မိုးရာသီအချိန်မှာ ပိုမိုပျက်စီးယိုယွင်း နေပြီး အဆင်မပြေမှုများနှင့် ကြုံတွေ့နေရပါကြောင်း၊ ၎င်းလမ်းပိုင်းများအား လေကြောင်းရန် ကာကွယ်ရေးတပ် အမှတ်(၂၀၃၁) အင်ပင်သာမှ ကတ္တရာလမ်းအဖြစ် ခင်းထားသည်ဟု သိရှိရပြီး ကာလကြာရှည်စွာ ပြန်လည်ပြုပြင်မှုမရှိသဖြင့် တစ်စတစ်စ ပိုမိုပျက်စီးယိုယွင်းရခြင်းဖြစ်ပါကြောင်း၊ ၎င်းလမ်းပိုင်းအပေါ်တွင် တောင်သူလယ်သမားများ၏ ကုန်စည်သီးနှံများ ပို့ဆောင်ရာတွင်လည်း အမြဲတမ်းသွားလာအသုံးပြု နေရသည့်လမ်းဖြစ်ပါသဖြင့် အမြန်ဆုံးပြုပြင်ပေးရန် လိုအပ်နေပါ ကြောင်း၊ သို့ဖြစ်ပါ၍ နိုင်ငံတော်အနေဖြင့် ကျေးရွာ ၆ အုပ်စုမှ မိဘပြည်သူ ရဟန်းရှင်ပြည်သူများ မှီခိုအားထားအသုံးပြုလျက်ရှိသည့် ရှားချောင်းကျေးရွာအုပ်စု၊ ပတ္တာကျေးရွာရှိ ရန်ကုန်-မန္တလေး လမ်းဟောင်းနှင့် လေကြောင်းရန် ကာကွယ်ရေးတပ်အမှတ်(၂၀၃၁) အင်ပင်သာသို့ ဆက်သွယ်ထား သော ပျက်စီးယိုယွင်းပြီး ချိုင့်ခွက်များ ပြည့်နှက်နေသည့် ကတ္တရာလမ်းအား ပြန်လည်ပြုပြင် ဆောင်ရွက်ပေးနိုင်ပါရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့်ခုနှစ်တွင် ပြုပြင်ပေးမည်ကို သိရှိလိုပါကြောင်းဖြင့် မေးမြန်းပါသည်။
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးသိုက်စိုး က
ရန်ကုန်-မန္တလေးလမ်းဟောင်းနှင့် လေကြောင်းရန်ကာကွယ်ရေးတပ်အမှတ်(၂၀၃၁) အင်ပင်သာ ကို ဆက်သွယ်ထားသည့်လမ်းသည် လမ်းအရှည် ၃ မိုင်၊ ၂ ဖာလုံရှိသည့် ကတ္တရာလမ်းအမျိုးအစား ဖြစ်ပါကြောင်း၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ စီမံခန့်ခွဲကွပ်ကဲသောလမ်းဖြစ်ပါကြောင်း၊ အင်ပင်သာ ကျေးရွာ၊ ရှားချောင်းကျေးရွာနှင့် ပတ္တာကျေးရွာ စသည့်ကျေးရွာ ၃ ရွာကို ဖြတ်သန်း ဖောက်လုပ်ထားသည့် ကျေးရွာချင်းဆက်လမ်းလည်းဖြစ်ပါကြောင်း။
အင်ပင်သာကျေးရွာ၊ ရှားချောင်းကျေးရွာနှင့် ပတ္တာကျေးရွာသည် လမ်းဦးစီးဌာနပိုင်လမ်းဖြစ် သည့် ရန်ကုန်-မန္တလေး အမြန်လမ်း၏ ချဉ်းကပ်လမ်း (ကုန်ထုတ်လမ်း)ကို အသုံးပြု၍လည်းကောင်း၊ V4 မြို့ပတ်လမ်းမှ လည်းကောင်း၊ ရန်မန်းလမ်းဟောင်းမှလည်းကောင်း လယ်ဝေးမြို့သို့ အချိန်မရွေး ဆက်သွယ်သွားလာနိုင်သည်ကို မိမိတို့ စိစစ်တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ၎င်းလမ်းကို အမြန်ပြုပြင် ထိန်းသိမ်းရန်အတွက် ယခုဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ပြုပြင်ထိန်းသိမ်းခြင်းရန်ပုံငွေ အကန့်အသတ်ဘောင်အတွင်းမှ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။