နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ
MY EN

(က)- ဒေါက်တာရွှေပြည်စိုး [ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်]

2026-09-30
တတိယအကြိမ်
ပို့ဆောင်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာရွှေပြည်စိုး (ဒဂုံမြို့သစ် (ဆိပ်ကမ်း) မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ရန်ကုန်မြို့၌ ယာဉ်ကြောကျပ်တည်းမှုနှင့် လမ်းပိတ်ဆို့မှုအတွက် ယာဉ်ကြောဆိုင်ရာ ကိစ္စများကို သိရှိ လိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

မြန်မာနိုင်ငံတစ်ဝန်း တိုင်းဒေသကြီးပြည်နယ်မြို့ကြီးများ အပါအဝင် အထူးသဖြင့် ရန်ကုန် မြို့တော်ကဲ့သို့ နေရာမျိုး၌ လမ်းများပေါ်တွင် ယာဉ်များပြည့်ကျပ်ပြီး လမ်းများပိတ်ဆို့တတ်သည့် ပြဿနာကို သက်ဆိုင်ရာသို့ ဥက္ကဋ္ဌကြီးမှတစ်ဆင့် မေးမြန်းမည်ဖြစ်ကြောင်း၊ YBS နှင့် ဒေသအလိုက် အခြားမော်တော်ယာဉ်ကြီးကြပ်မှုကော်မတီများအနေဖြင့် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်း အောင် အများပြည်သူများ လုံခြုံစိတ်ချစွာခရီးသွားလာနိုင်ရေး၊ မော်တော်ယာဉ်များ စည်းကမ်းရှိ အောင် မည်သို့သော Traffic System မျိုးဖြင့် ဆောင်ရွက်ရှင်းလင်းပေးမည်ကို မေးမြန်း လိုပါကြောင်း၊

(၁)     မြန်မာနိုင်ငံရဲတပ်ဖွဲ့ ယာဉ်ထိန်းတပ်ဖွဲ့အနေဖြင့် ယာဉ်များ၊ လမ်းများ၊ အဆင်ပြေချော မွေ့စေအောင် တစ်နည်း ခရီးသွားလာမှုကို မလိုအပ်ဘဲ ကြန့်ကြာမှုများ မဖြစ်စေရန် မှန်ကန်မြန်ဆန်သည့်နည်းဖြင့် မည်သည့်စည်းကမ်း၊ မည်သို့စနစ်များသတ်မှတ်၍ တာဝန် ထမ်းဆောင်ပေးနိုင်မည်ကို ပထမဆုံးသိရှိလိုပါကြောင်း၊

(၂)      Bus ကားများအပါအဝင်၊ Taxi၊ အိမ်စီးကား၊ လုပ်ငန်းခွင်ကားစသည့် ယာဉ်တစ်မျိုး မျိုးသည် သတ်မှတ်နေရာတွင်သာရပ်နားရမည် ဖြစ်ပါကြောင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းလိုက်နာအောင် မြို့တော်စည်ပင်သာယာရေး ကော်မတီများ၊ ယာဉ် ထိန်းရဲများအနေဖြင့် မည်သို့တာဝန်ယူ၊ တာဝန်ခံဆောင်ရွက်ပေးနိုင်မည့် အချက် များကို သိရှိလိုပါကြောင်း၊ စည်ပင်သာယာရေးကော်မတီနှင့် ယာဉ်ထိန်းတပ်ဖွဲ့ တို့ အပြန်အလှန်ချိတ်ဆက်ညှိနှိုင်း လုပ်ဆောင်ပေးရန်လည်း တိုက်တွန်း အပ်ပါ ကြောင်း၊

(၃)     ယာဉ်များ နှစ်ထပ်၊ သုံးထပ် ရပ်နားထားပြီး စည်းကမ်းမဲ့မှတ်တိုင်များတွင် အတက် အဆင်း ပြုလုပ်ခြင်း၊ မှတ်တိုင်အတွင်း Bus ကားများ နှစ်ထပ်၊ သုံးထပ် ရပ်ပြီး နေရာလု၊ ငွေရှာ၊ အပြိုင်အဆိုင်လူတင်ပြီး ယာဉ်မောင်းပြိုင်ကြသည့် ပြဿနာကို ဥပဒေနှင့်အညီ မည်ကဲ့သို့ဖြေရှင်းပေးနိုင်မည်ကို သိရှိလိုပါကြောင်း၊

(၄)     နိုင်ငံတကာ စံချိန်စံညွှန်းများအတိုင်း အများပြည်သူနှင့်ဆိုင်သော မော်တော်ယာဉ် မောင်းနှင်သူ Driver ယာဉ်မောင်းများကို ယာဉ်မောင်းလိုင်စင်များသာမကဘဲ အများ ပြည်သူနှင့်ဆိုင်သည့် ယာဉ်တစ်မျိုးမျိုးကို စည်းကမ်းနှင့်တကွကျွမ်းကျင်စွာ မောင်း နှင် တတ်မြောက်ပြီးကြောင်း တရားဝင် Certificate တစ်ခုခုကိုထုတ်ပေးနိုင်ရန် က.ည.န နှင့် ညှိနှိုင်း၍ မည်သည့် သင်တန်း၊ မည်သို့သောထိန်းချုပ်မှုဖြင့် မော်တော် ယာဉ်များကို ထိန်းကျောင်းပေးမည်ဆိုသည့် အချက်အလက်ကို ဒုတိယသိရှိလိုပါ ကြောင်း၊

နိဂုံးချုပ်အနေဖြင့် ဆင်းရဲချမ်းသာမရွေး အများပြည်သူတို့ ခရီးသွားလာရာတွင် လုံခြုံ စိတ်ချ ရပြီး စိတ်ချမ်းမြေ့စွာသွားလာနိုင်ရန်အတွက် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း၊လူစည်းကမ်းသုံးဖက် ညီအချိုးမျှစွာ Smart City မြို့တော်ကြီးအဖြစ်တည်ဆောက်နိုင်ရန်အတွက် သက်ဆိုင်ရာက မည်သို့ မည်ပုံ စီမံလုပ်ဆောင်နေသည်ကို သိရှိလိုပါကြောင်းမေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ပို့ဆောင်ရေးဝန်ကြီးဌာန ၊ ဒုတိယဝန်ကြီး၊ ဦးအောင်မြိုင် က

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာရွှေပြည်စိုး၏ ကြယ်ပွင့်ပြမေးခွန်းအပေါ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရ အဖွဲ့ရုံးတို့နှင့် ပေါင်းစပ်ပြီး ပြန်လည်ဖြေကြားမည်ဖြစ်ပါကြောင်း၊ ရန်ကုန်မြို့အတွင်းတွင် ယာဉ်ကြောကျပ်တည်းမှု နှင့်လမ်းပိတ်ဆို့မှုများ မဖြစ်စေရေးအတွက်ကို ယာဉ်သွားလာမှု ထိန်းချုပ်ရေး ဗဟိုစင်တာ (Traffic Control Center) ဖွင့်လှစ်ပြီး လမ်းဆုံ ၁၅၄ နေရာ၌ E Police Camera ၁၉၈ လုံး၊ IM Camera ၄၁၃ လုံး၊ Dome Camera ၅၃ လုံး စုစုပေါင်း CCTV Camera ၆၆၄ လုံး တပ်ဆင်ချိတ်ဆက်ပြီး စောင့်ကြည့် ထိန်းချုပ်ဆောင်ရွက်လျက်ရှိပြီး မီးပွိုင့်များနှင့် အဝိုင်းပတ်များတွင် နေ့စဉ်နံနက် ၀၆:၀၀ နာရီ မှ ညနေ ၆:၀၀ နာရီအထိ ယာဉ်ကြောရှင်းလင်းရေး ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊

E-Police Camera အား အကြမ်းဖျင်းတင်ပြရလျှင် ၁၉၈ လုံးမှာ မီးနီဖြတ်မောင်းခြင်းများကို အဓိကထားစစ်ဆေးပါကြောင်း၊ IM Camera ဖြစ်သည့် Intelligent Monitoring System အနေဖြင့် ၄၁၃ လုံးသည်  ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဖောက်ဖျက်မှုကို အဓိကထားစစ်ဆေးပါကြောင်း၊ ဥပမာ ခါးပတ် ပတ်ထားမှုရှိ မရှိ၊ ယာဉ်ကြောပြောင်းပြန်မောင်းနှင်ခြင်း ရှိ မရှိ၊ ယာဉ်နံပါတ်ပြား တို့အား ဖတ်ရှုခြင်းတို့ကို ဆောင်ရွက်ပါကြောင်း၊ Dome Camera ၅၃ လုံး အနေဖြင့် ၃၆၀ ဒီဂရီ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ယာဉ်ကြောပိတ်ဆို့မှုများကို အဓိကထားစစ်ဆေးပြီး မီးနီ၊ မီးစိမ်း သတ်မှတ်ပေးသည့် စက္ကန့်များကို အပိုင်း ၄ ပိုင်းမှ အပိုင်း ၆ ပိုင်းထိ ပြောင်းလဲပေးနိုင်သည်ကို တင်ပြအပ်ပါကြောင်း၊ ထို့အပြင် Bus ကားများအပါအဝင် မော်တော်ယာဉ်များ စနစ်တကျရပ်နား နေနိုင်ရေးအတွက် Bus ကားမှတ်တိုင်များတွင် Bus Shelter များ၊ ကပ်တုံးများတွင် ဆေးဝါ၊ ဆေးနက်များ၊ အဝါရောင်မျဉ်းကွက် အမှတ်အသားများရေးဆွဲပေးခြင်း၊ ရန်ကုန်မြို့တော်အတွင်း Taxi၊  ကိုယ်ပိုင်ယာဉ်များရပ်နားနိုင်ရန်အတွက် Car Parking များဆောင်ရွက်ခြင်း၊ ယာဉ်ရပ်နားခွင့် မရှိသောနေရာများတွင် အဖြူ-အနီ ဆေးလိုင်းရေးဆွဲခြင်းစသည့် လမ်းညွှန်များ၊ လမ်းအမှတ်အသား များကိုလည်းဆောင်ရွက်ပေးထားပါကြောင်း၊ ဆက်လက်၍ လိုအပ်သည့်နေရာများ၌လည်း ထပ်မံ ဆောင်ရွက်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့အပြင် ရုံးတက်ချိန် မနက် ၀၈:၀၀ နာရီမှ ၁၀:၀၀ နာရီ နှင့် ရုံးဆင်းချိန် ညနေ ၄:၀၀ နာရီ မှ ၆:၀၀ နာရီ ကြားထဲ အချိန်ထိကို ယာဉ်ထိန်းအင်အားအသုံးပြု တာဝန်ချထားဆောင်ရွက်လျက်ရှိပါကြောင်း၊ ယခုနေရာတွင်လည်း တင်ပြလိုသည်မှာ နိုင်ငံတော် အကြီးအကဲ၏ လမ်းညွှန်မှာကြားချက်အရ နည်းဥပဒေများ၊ ညွှန်ကြားချက်များနှင့်အညီ လမ်းညွှန် များ၊ လမ်းအမှတ်အသားများ၊ အချက်ပြတပြေးညီဖြစ်စေရေး ဗဟိုကြီးကြပ်ရေးအဖွဲ့ကို ပို့ဆောင်ရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးဦးစီး၍ ဖွဲ့စည်းထားပြီး တိုင်းဒေသကြီး ပြည်နယ်များတွင်လည်း တိုင်း ဒေသကြီး ပြည်နယ်ကြီးကြပ်ရေးအဖွဲ့များ ဆက်လက်ဖွဲ့စည်း ဆောင်ရွက်လျက်ရှိသည်ကို တင်ပြ အပ်ပါကြောင်း၊

 

 ယာဉ်များ နှစ်ထပ်၊ သုံးထပ်ရပ်နားထားပြီး စည်းကမ်းမဲ့အတက်အဆင်း ပြုလုပ်ခြင်း၊ နေရာ လုခြင်း၊ ငွေရှာခြင်း၊ အပြိုင်အဆိုင်မောင်းနှင်ခြင်းများအတွက် YBS ယာဉ်များကို ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ ယခုထက်ပို၍ လိုက်နာမှုရှိစေရန်အတွက်ကို  ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC) နှင့် ယာဉ်ထိန်းရဲပါဝင်သည့် ခရိုင်ပူးပေါင်း စစ်ဆေးရေး အဖွဲ့ ၁၁ ဖွဲ့၊ မှတ်တိုင် ၁၀ မှတ်တိုင်နှင့် Intelligent Transportation System (ITS) နည်းပညာ အသုံးပြုပြီး GPS စနစ်အပါအဝင် CCTV များ တပ်ဆင်ပြီး စောင့်ကြည့်လျက်ရှိရာ စစ်ဆေးရေးအဖွဲ့ ၂ ဖွဲ့ ထပ်မံတိုးချဲ့ဖွဲ့စည်းပြီး စစ်ဆေးအရေးယူ ဆောင်ရွက်လျက်ရှိ သည်ကို တင်ပြ အပ်ပါကြောင်း၊ထို့အပြင်မှတ်တိုင်များတွင် စနစ်တကျမရပ်ခြင်း၊ ယာဉ်နှစ်ထပ်ရပ်ခြင်း၊ မီးနီ ဖြတ်မောင်းခြင်း၊ ဆက်ဆံရေး မပြေပြစ်ခြင်း၊ မြို့တော်အင်္ဂါရပ်နှင့်မညီခြင်း၊ ယှဉ်ပြိုင်ကျော်တက် မောင်းနှင်ခြင်း၊ ဘေးတံခါးဖွင့်မောင်းနှင်ခြင်း၊ အတက်အဆင်းခရီးသည်ပါသော်လည်း ရပ်တန့်မပေး ခြင်း စသည့်ပြစ်မှုများအား YRTC ပို့ဆောင်ရေးဌာန၊ YBO Control Centerမှာ Telematics Device CCTV များဖြင့် စောင့်ကြည့်ပြီး ပြစ်ဒဏ်များချမှတ်ကာ အရေးယူဆောင်ရွက်လျက်ရှိပါကြောင်း၊

ယာဉ်ကြောပိတ်ဆို့မှုလျော့ပါးစေရေးအတွက်ကို မြန်မာ့မီးရထားအနေဖြင့် ရန်ကုန်မြို့ပတ် လမ်းပိုင်း ၂၉.၅ မိုင်တွင် အဓိကကျသောနေရာ ၂၆ ခု၌ ကားလမ်းကူးခုံးကျော်တံတားများ တည်ဆောက်ထားရှိပြီး၊ ရထားလမ်းကူး Level Crossing ၂၅ ခုကို  အလိုအလျောက်ဂိတ်ပိတ်စနစ် (Automatic Barrier Machine Level Crossing) တပ်ဆင်ခြင်း၊ လူကူးခုံးကျော်တံတား အဟောင်း များပြုပြင်ခြင်း၊ တံတား အသစ်များတည်ဆောက်ခြင်း၊ နေ့စဉ်ရန်ကုန်မြို့ပတ်နှင့် ဆင်ခြေဖုံးနေရာ တွင် ရထားစင်းရေ ၃၉ စင်း ပြေးဆွဲပေးလျက်ရှိပြီး ခရီးသည်စီးနင်းမှုများပြားလာပါက ထပ်မံတိုးချဲ့ ပြေးဆွဲသွားမည်ဖြစ်သည်ကိုတင်ပြအပ်ပါကြောင်း၊ ထို့အပြင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတွင် လက်ရှိမှတ်ပုံတင်ထားသည့် မော်တော်ယာဉ်မောင်းသင်တန်းကျောင်း ၅၇ ကျောင်း တွင် သင်တန်းတက်ရောက်သူများအား သင်ရိုးညွှန်းတမ်းစာစောင် ၉ မျိုးဖြင့် သင်ကြားပို့ချပြီး မော်တော်ယာဉ်ကျွမ်းကျင်စွာ မောင်းနှင်တတ်မြောက်ကြောင်းလက်မှတ် Certificate အား ထုတ်ပေး လျက်ရှိပါကြောင်း၊ အဆိုပါ Certificate တင်ပြပြီး ယာဉ်မောင်းလိုင်စင်ဖြေဆိုရန် လျှောက်ထား လာပါက ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတွင် ဖွင့်လှစ်သည့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း ပညာပေးသင်တန်းတက်ရောက်စေခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို ရေးဖြေ ဖြေဆိုစေခြင်းနှင့် လက်တွေ့ယာဉ်မောင်း စစ်ဆေးခြင်းများကို ဖြေဆိုအောင်မြင်ပြီးမှသာ ယာဉ်မောင်းလိုင်စင်ထုတ်ပေးဆောင်ရွက်လျက်ရှိပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) အနေဖြင့် YBS  ယာဉ်မောင်း  ၆,၆၂၆ ဦးအား သတ်မှတ်ချက်နှင့်အညီ စိစစ်ပြီး YBS ယာဉ်မောင်းလုပ်ကိုင်ခွင့် Smart Card ကတ်များ ထုတ်ပေး နိုင်ရေးအတွက် “င”ယာဉ်မောင်းလိုင်စင်ရရှိပြီးသူ ယာဉ်မောင်းများအား ရန်ကုန်ဘတ်စ်ကား အများနှင့်သက်ဆိုင်သည့်ကုမ္ပဏီလီမိတက်(YPBC)မှ ကြီးမှူးဖွင့်လှစ်သည့် YBS မော်တော် ယာဉ် ကြီးမောင်းသင်တန်းကျောင်းတွင် စာတွေ့ ၈ ရက်၊ လက်တွေ့ ၁၅ ရက်မှ ၁ လ တက်ရောက် စေပြီး မူးယစ်ဆေးဝါးစစ်ဆေးမှု အောင်မြင်ပြီးသူ၊ သင်တန်းဆင်း လက်မှတ်ရရှိပြီးသူများကိုသာ YBS ယာဉ်မောင်းလုပ်ကိုင်ခွင့် Smart Card ကတ်များထုတ်ပေးခဲ့ကြောင်း၊ ထို့ကြောင့် ရန်ကုန်မြို့တော် အား Smart City မြို့တော်ကြီးအဖြစ် အကောင်အထည်ဖော်နိုင်ရေး အထောက်အကူဖြစ်စေရန် လမ်းညွှန်များ၊ လမ်းအမှတ်အသားများနှင့် အချက်ပြမီးပွိုင့်များမှာ အဆင့်မြင့် Controller များ တပ်ဆင်ခြင်း၊ လူကူး မျဉ်းကြား၊ မသန်စွမ်းသူများ သွားလာနိုင်ရေး ပလက်ဖောင်းများ၊ စက်ဘီး လမ်းများ၊ စက်လှေကားပါသော လူကူးခုံးကျော်တံတားများ၊ Underpass  များ  တည်ဆောက်ပေး ထားပြီး ရန်ကုန်မြို့ယာဉ်သွားလာမှု ထိန်းချုပ်ရေးဗဟိုစင်တာ (Traffic Control Center)၌ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန(လမ်း၊ တံတား)နှင့်၊အမှတ်(၁) အဆင့်မြင့် ဆက်သွယ်ရေးတပ်ရင်း၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ရန်ကုန်တိုင်းဒေသကြီးတို့ ပူးပေါင်းပြီး IT နည်းပညာ အသုံးပြုပြီး Road Safety, Traffic Management နှင့် လုံခြုံရေးဆိုင်ရာများကို ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဆောင်ရွက်လျက်ရှိသည်ကို တင်ပြ အပ်ပါကြောင်း၊

ဆက်လက်ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် လည်း အများပြည်သူ ဆင်းရဲ ချမ်းသာမရွေး ခရီးသွားလာရာတွင် လုံခြုံစိတ်ချပြီး စိတ်ချမ်းမြေ့စွာသွားလာနိုင်ရန်အတွက် ယာဉ် စည်းကမ်း၊ လမ်းစည်းကမ်း၊ လူစည်းကမ်းများကို ညီညွတ်မျှတစေရန် ခရီးလမ်းပန်းဆက်သွယ်ရေး အဆင်ပြေစေမှု လျင်မြန်စေရန်နှင့် နိုင်ငံတကာနည်းတူ Smart City မြို့တော်ကြီး အဖြစ် တည်ဆောက်နိုင်ရန်အတွက်ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့၊ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးစီမံကိန်းဦးစီးဌာန၊ ရန်ကုန်တိုင်းဒေသ ကြီး ၊ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှု ကော်မတီတို့ပူးပေါင်းပြီး ဆက်လက်ဆောင်ရွက် သွားမည် ဖြစ်ကြောင်း ရှင်းလင်းဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဒေါက်တာရွှေပြည်စိုး [ဒဂုံမြို့သစ်(ဆိပ်ကမ်း)မဲဆန္ဒနယ်] က ဆက်စပ်၍ 

  လုံခြုံရေးကင်မရာဖြင့်စောင့်ကြည့်မှုများ ထိန်းချုပ်ရေးစင်တာ မှ ယာဉ်စည်းကမ်း ဖောက်ဖျက်မှုကို အချက်အလက် ရယူမှုများကို ဒုတိယဝန်ကြီးထံမှသိရ၍ ကျေးဇူးတင်ဝမ်းသာပါ ကြောင်း၊ စောင့်ကြည့်ကင်မရာအဖြင့် မလုံလောက်သေးဘဲ အခြားသောမည်သည့် နည်းလမ်း၊ မည်သည့် စနစ်များဖြင့် ထပ်မံတိုးချဲ့လုပ်ဆောင်ပေးနိုင်မည်ကိုလည်းသိရှိလိုပါကြောင်း၊ ယာဉ် ရပ်နားစခန်း များအဖြစ် ကားပါကင်ကို နိုင်ငံတကာမြို့ကြီးများကဲ့သို့ ခေတ်မီအထပ်မြင့် ပါကင်များ တည်ဆောက်ပေးရန်၊ Bus ကားမှတ်တိုင်များမှာလည်း Bus ကားယာဉ် ၃ စီးစာအကျယ်အဝန်း ခေတ္တရပ်နားနေရာ ဧရိယာထားရှိပေးရန် အချိန်စေ့သည်နှင့် မှတ်တိုင်မှ ပြန်လည်ထွက်ခွာနိုင်ရန် Bus ကားဧရိယာအတွင်း Taxi များ မရပ်ရန်နှင့် ဈေးမရောင်းရန် အကြံပြု လိုပါကြောင်း ပြောကြား ခဲ့ပါသည်။