MY EN

(ည)-ဒေါက်တာဌေးဝင်း(အင်္ဂပူမဲဆန္ဒနယ်)

2026-09-29
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဒေါက်တာဌေးဝင်း (အင်္ဂပူ မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ထူးကြီး-ရွှေကျင်လမ်းမှ အင်္ဂပူမြို့နယ်အပိုင် ထူးကြီး-ကညွှတ်ကုန်းလမ်းမှာ ပျက်စီးနေပါသဖြင့် မည်သည့် ဘဏ္ဍာရေးနှစ်တွင် ပြုပြင်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်နှင့် မြန်အောင်မြို့နယ်နှစ်ခု ဆက်သွယ်ထားသည့် ထူးကြီး-ရွှေကျင်လမ်းသည် ၁၄ မိုင်ရှည်လျားပြီး လမ်းအကျယ် ၁၈ ပေ ကျယ်ဝန်းပြီး လမ်းပခုံးများနှင့် ပြည့်စုံစွာတည်ဆောက်ထားသောလမ်းဖြစ်ပါကြောင်း၊ အင်္ဂပူမြို့ နယ်၊ ထူးကြီးဒေသတွင် ၁၅ အုပ်စုနှင့် မြန်အောင်မြို့နယ်မှ ရွှေကျင်ဒေသထိ ၁၅ အုပ်စု စုစုပေါင်း ကျေးရွာအုပ်စု ၃၀ အုပ်စုနှင့် လူဦးရေ တစ်သိန်းခွဲကျော် မှီခိုအားထားရသည့် စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေးတို့အတွက် အားကိုးအားထားပြုရသောလမ်းဖြစ်ပြီး ၂၀၁၂-၂၀၁၃ ခုနှစ် ကာလကကျောက်ချောခင်းလမ်းအဖြစ် ခင်းခြင်းတည်ဆောက်ပေးခဲ့ခြင်း ဖြစ်သည့်အတွက် သက်တမ်း၁၅ နှစ်ခန့် ကြာရှည်ပြီဖြစ်ပါ ကြောင်း၊ အဆိုပါလမ်းပေါ်ရှိ အင်္ဂပူမြို့နယ်ပိုင် လမ်းပိုင်းဖြစ်သည့် ထူးကြီးမှကညွှတ်ကုန်း လမ်းပိုင်း သည် ၅ မိုင် ၁.၀၃ ဖာလုံရှည်လျားပြီး အကျယ် ၁၈ ပေ ပျက်စီးယိုယွင်းလျက် ရှိပြီး မိုးတွင်းတွင် သွားလာ၍မရဖြစ်နေပါကြောင်း၊ ထူးကြီး-ကညွှတ်ကုန်းလမ်းပိုင်းတွင် ထူးကြီးမြို့တွင်း လမ်း ပိုင်း ၄.၂၁ ဖာလုံသည် ကွန်ကရစ်လမ်းဖြစ်ပြီး ထူးကြီးမြို့အထွက်မှ ဂျိတ်တောကျေးရွာအထိ လမ်း အရှည် ၂.၇၅ ဖာလုံအား ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းဦးစီးဌာနမှ ကျောက်ချောခင်းလမ်းအဖြစ် ခင်းပေးခဲ့ပါကြောင်း၊ လမ်းပခုံး များလည်း ပြည့်စုံသည့်အတွက် ကားကြီးများရှောင်တိမ်း၍ရပါကြောင်း၊ ကျန်ရှိသော ထူးကြီး-ကညွှတ်ကုန်းလမ်းပိုင်း၏ ၄ မိုင်၊ ၂.၀၇ ဖာလုံသည် ပျက်စီးလျက်ရှိပြီး မိုးတွင်းအခါ သွားလာ၍ မရပါကြောင်း၊ သို့ဖြစ်ပါ၍ ကျန်ရှိနေသော အင်္ဂပူမြို့နယ်ပိုင် လမ်းပိုင်းဖြစ်သည့် ထူးကြီး-ကညွှတ် ကုန်းလမ်းပိုင်း အရှည် ၄ မိုင် ၂.၀၇ ဖာလုံအား ကျောက်ချောခင်းလမ်းအဖြစ်ပြုပြင် ဆောင်ရွက် ပေးရန်နှင့် လမ်းပခုံးများပါ ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ/ မရှိနှင့် အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ပဆင-ထူးကြီး-ရွှေကျင်လမ်းသည် ဟင်္သာတ-ဆုံကုန်း-မြန်အောင်လမ်းပေါ်ရှိ ထူးကြီးမြို့မှစတင်၍ ကညွှတ်ကုန်းကျေးရွာသို့ ဆက်သွယ်ထားသော စုစုပေါင်း အရှည် ၅ မိုင် ၁ ဖာလုံရှိသည့် ဧရာဝတီတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လမ်းဖြစ်ပါကြောင်း၊ လက်ရှိလမ်း အခြေအနေ မှာ ကွန်ကရစ်လမ်း ၄ ဖာလုံ၊ ကျောက်ခင်းလမ်း၄ မိုင် ၅ ဖာလုံဖြစ်ပါကြောင်း၊ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ တိုင်းဒေသကြီးပြင်ဆင် ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့် ပျက်စီးနေသော လမ်းအရှည် ၃ ဖာလုံအား ချောင်းကျောက်ဖြင့် ပြုပြင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ၎င်းလမ်းအား ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ ဧရာဝတီတိုင်း ဒေသကြီးအစိုးရ အဖွဲ့၏ ငွေလုံးငွေရင်း ဖြည့်စွက်ရန်ပုံငွေတွင် ပျက်စီးမှုများပြားသော လမ်းအရှည် ၅ ဖာလုံကိုလည်း ကျောက်ခင်း လမ်းအသစ်အဖြစ် ဆောင်ရွက်ပေးရန် လျာထားပါကြောင်း၊ ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်မှစ၍ ကျန်ရှိသော လမ်းပိုင်းများကို ကျောက်ခင်းလမ်းအသစ်အဖြစ် ဆောင်ရွက်ရန် နှစ်အလိုက် ရန်ပုံငွေလျာထားသွားမည် ဖြစ်ပါကြောင်း ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်ပြီး ဖြေကြားခဲ့ပါသည်။