နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး သတ္တမနေ့ကျင်းပ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး သတ္တမနေ့ (၂၉.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ
MY EN

(ဆ)- ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်)

2026-09-29
ဆောက်လုပ်ရေးဝန်ကြီးဌာန
မေးခွန်း
ဦးဉာဏ်ဝင်းထိုက် (ဗိုလ်တထောင် မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

Smart City ဖြစ်စေရန် တန်ဖိုးသင့်အိမ်ရာများတည်ဆောက်ပေးခြင်း၊ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး လုပ်ငန်းအားအကျိုးတူလုပ်ကိုင်ရန် အငှားမြေများချထားပေးခြင်းနှင့်ကားလမ်းမပေါ်တွင်‌ဈေး ရောင်းချ နေသူများကို စနစ်တကျ ရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိသိရှိလိုခြင်း နှင့် စပ်လျဉ်း သည့် မေးခွန်း

နိုင်ငံတစ်ခု Smart City ဖြစ်ရန်အချက်တွေထဲမှ တစ်ချက်အပါအဝင်ဖြစ်သည့် နိုင်ငံသားတိုင်း အိုးပိုင်၊ အိမ်ပိုင်နှင့်နေထိုင်မှုဆိုသည့်အတိုင်း အိုးပိုင်၊ အိမ်ပိုင်မရှိသည့် ပြည်သူများအတွက် တန်ဖိုး သင့် အငှားအိမ်ရာများတည်ဆောက်နေရာချထားပေးပြီး အလုပ်အကိုင်အတွက် တစ်နိုင်တစ်ပိုင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး MSMEs လုပ်ငန်းများကို ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းလုပ်ကိုင် စေရန် အငှားမြေများ ချထားပေးခြင်းနှင့် Smart City နှင့်ဆီလျော်သည့် ကားလမ်းများပေါ်တွင် ဈေးရောင်းချနေသူများကို စနစ်တကျရှင်းလင်းပေးရန် အစီအစဉ် ရှိ မရှိအား မေးမြန်းသွား မည်ဖြစ်ကြောင်း၊

နိုင်ငံတစ်ခုဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်သည့် နေရာတွင် မြို့များကို Smart City ဖြစ်ရန် လုပ်ဆောင်ရန် လိုအပ်မည် ဖြစ်သကဲ့သို့ Smart City ဖြစ်ရန်အတွက် လုပ်ရမည့်အချက်များထဲ တွင်လည်း နိုင်ငံသားတိုင်း အိုးပိုင်၊ အိမ်ပိုင်နှင့် နေထိုင်ရန်ဆိုသည့် အချက်လည်းပါနေပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း အနှစ်ချုပ် အစီရင်ခံစာအရ အိုးပိုင်၊ အိမ်ပိုင်မရှိ၍အိမ်ငှားပြီး၊ကျူးပြီးနေရသည့် ပင်စင်စားဝန်ထမ်းများနှင့် ပြည်သူများက၁၁.၇ ရာခိုင်နှုန်း ရှိသဖြင့် နိုင်ငံလူဦးရေ၏ ၁၀ပုံ ၁ ပုံကျော်ခန့်ရှိနေပါကြောင်း၊ နိုင်ငံတွင်း၌ ဖြစ်ပေါ်ခဲ့သည့် ၂၀၀၈ ခုနှစ်၊ နာဂစ်ဖြစ်စဉ်၊ ၂၀၁၉ ခုနှစ်၊ ကိုဗစ် ဖြစ်စဉ်၊ ၂၀၂၁ ခုနှစ် အကြမ်းဖက်ဖြစ်စဉ်၊ ရေကြီး မှုနှင့် ငလျင်ဖြစ်စဉ်များကြောင့် အိုးပိုင်၊ အိမ်ပိုင်မရှိလို့ ငှားနေ၊ ကျူးနေသူများ ပိုများလာခြင်း ဖြစ်ပါကြောင်း၊ နိုင်ငံတွင် မြေလွတ်၊ မြေရိုင်းများရှိနေသောကြောင့် အိုးပိုင်၊ အိမ်ပိုင်မရှိသူများကို မြို့များတွင် တန်ဖိုးသင့်နှစ်ရှည် အငှားအိမ်ရာများ လုံလုံလောက်လောက်ဆောက်လုပ်ပေး၍ အလုပ်အကိုင်အတွက် ထိုအိမ်ရာများအနီးအနားတွင် မွေးမြူရေး၊ စိုက်ပျိုးရေး၊ စက်မှုဇုန် အသေးစား MSMEs လုပ်ငန်းများကို ဖော်ထုတ်ဆောင်ရွက်ပေးသင့်ပါကြောင်း၊ နယ်များတွင်ဆိုလျှင် လည်း အိမ်ရာမဲ့ပြည်သူများ အတွက်နေရန် နှင့် အလုပ်အကိုင်အတွက် မြေအငှားချထားပေးပြီး နယ်မြေ ဒေသ အလိုက်လုပ်နိုင်သည့် မွေးမြူရေး၊ စိုက်ပျိုးရေး၊ စက်မှုကုန်ထုတ်အသေးစား MSMEs လုပ်ငန်း များကို ကုမ္ပဏီများနှင့်  ချိတ်ဆက်အကျိုးတူ နှစ်ရှည်အငှားချထားပေးသင့်ပါကြောင်း၊

ထိုသို့ စနစ်တကျဆောင်ရွက်နိုင်မည်ဆိုလျှင် နိုင်ငံအတွင်း၌ အိမ်ပိုင်ယာပိုင်မရှိသူများ ကင်းစင် သွားမည်ဖြစ်ပြီး နိုင်ငံတွင်ရှိသည့် ပြည်သူများအတွက်လည်း စားသုံးမှုဖူလုံရန် အသား၊ ငါး၊ အသီးအရွက်နှင့် အခြားစားနပ်ရိက္ခာ လိုအပ်ချက်များကိုလည်း တစ်ဖက်တစ်လမ်းမှဖြည့်တင်း ဆောင်ရွက် ပေးနိုင်မည်ဖြစ်သကဲ့သို့ Smart City အတွက်လည်း အထောက်အကူပြုပေးနိုင်မည် သည့်အတွက် ဆောင်ရွက်ပေးသင့်ပါကြောင်း၊ Smart City ဖြစ်ရန်အတွက် အမြင်မတင့်တယ်သည့် ရန်ကုန်မြို့အပါအဝင်အခြားမြို့ကြီးများတွင်၊ လမ်းဆုံလမ်းခွများ၊ လူစည်ကား သည့်နေရာများတွင် ကားများကြားထဲ သွားလာ၍ အသက်အရွယ်မျိုးစုံဈေးရောင်းချနေသူများ တစ်နေ့တစ်နေ့ ပိုမို များပြား နေပါကြောင်း၊ ၎င်းတို့၏ စားဝတ်နေရေးအတွက်ဟု ဆိုနိုင်သော်လည်း ကားများကြား ထဲတွင် အန္တရာယ်တစ်ခုခုဖြစ်လျှင့် ကားပိုင်ရှင်များနှင့် ဈေးရောင်းသူတွေကြား နှစ်ဦးနှစ်ဖက်လုံး နစ်နာမည်ဖြစ်သည့်အတွက် ကားလမ်းမပေါ်တွင် ဈေးရောင်းချနေသူများကို စနစ်တကျနှင့် အမြန်ဆုံး ရှင်းလင်းသွားရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ ထို့အတွက်မိမိမေးမြန်းလိုသည်မှာ နိုင်ငံ တစ်ခု Smart Cityဖြစ်ရန်အချက်များထဲမှ တစ်ချက်အပါအဝင်ဖြစ်သည့် နိုင်ငံသားတိုင်း အိုးပိုင်၊ အိမ်ပိုင်နှင့် နေထိုင်ရန်ဆိုသည့်အတိုင်း အိုးပိုင်၊ အိမ်ပိုင်မရှိသည့် ပြည်သူများ အတွက် တန်ဖိုးသင့် အငှား အိမ်ရာများ တည်ဆောက်နေရာချထားပေးပြီး အလုပ်အကိုင်အတွက် တစ်နိုင်တစ်ပိုင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးဇုန် MSMEs လုပ်ငန်းများကို ကုမ္ပဏီများနှင့်အကျိုးတူပူးတွဲလုပ်ကိုင်စေရန် အငှားမြေချထားပေးခြင်းနှင့် Smart City နှင့်မဆီလျော်သည့် ကားလမ်းများပေါ်၌ ဈေးရောင်းချ နေသူ များကို စနစ်တကျရှင်းလင်း ပေးရန် အစီအစဉ် ရှိ မရှိအား မေးမြန်း ခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

မေးခွန်းတွင် မေးခွန်းများသည့်အတွက် ဖြေကြားချက်အနည်းငယ်ရှည်မည်ဖြစ်ပါကြောင်း၊ ထို့အပြင် မိမိဖြေကြားချက် မလုံလောက်သေးပါက မိမိတို့ဝန်ကြီးဌာနသို့လာရောက်ပြီး ထပ်ဆင့် ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်ပါကြောင်း၊ အဆိုပါမေးခွန်းတွင်ပါရှိသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် မြို့ကြီးများတွင် Smart City ဖြစ်နိုင်ရေးအတွက် မြို့ပြလူဦးရေနှင့် လက်ရှိမြေ အသုံးချမှုပုံစံကိုအခြေခံပြီး မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံ Town Plan များရေးဆွဲခြင်း၊ Town Plan အရ မြို့မြေတိုးချဲ့နိုင်ရန် မြေအသုံးပြုခွင့်တောင်းခံခြင်း၊ အခြေခံ အဆောက်အအုံနှင့် အိမ်ရာ စီမံကိန်းများအကောင်အထည်ဖော်တည်ဆောက်ခြင်းတို့ကို ရေရှည်လုပ်ငန်းများအဖြစ် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များက ဆောင်ရွက်ရတာဖြစ်ပါကြောင်း၊ဆောက်လုပ်ရေး ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးနှင့်နေပြည်တော်မြို့တို့ကိုသာမက တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များ၏ အဆိုပြုချက်အရ ဒေသအသီးသီးရှိ မြို့ကြီးများ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှု အတွက်စနစ်ကျသော မြို့ပြဖွံ့ဖြိုးရေးစီမံကိန်းပုံစံ Town Plan များကိုရေးဆွဲပေးလျက်ရှိပါ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဇယား(၂)၊ အပိုဒ်(၈) အရ မြို့ရွာနှင့်အိုးအိမ်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင် သာယာရေးကို တိုင်းဒေသကြီးပြည်နယ်အစိုးရအဖွဲ့များက မိမိတို့ဒေသအလိုက်တာဝန်ယူ၍ ပြည်သူ များ၏ နေရေးအတွက် အိမ်ရာစီမံကိန်းများနှင့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် စက်မှုဇုန်၊ စိုက်ပျိုးရေးဇုန်၊ မွေးမြူရေးဇုန်များကိုအကောင်အထည်ဖော်နိုင်ရန် မြေလွတ်၊မြေရိုင်းများစီမံ ခန့်ခွဲရေး ဥပဒေ၊ လယ်ယာမြေအခြားသုံးစွဲခွင့်ဥပဒေ၊ စက်မှုဇုန် ဥပဒေ၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ဥပဒေ တို့နှင့်အညီ မြေအသုံးပြုခွင့်တောင်းခံဆောင်ရွက်သွားရမည် ဖြစ်ပါကြောင်း၊

အိမ်ရာမဲ့များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအမံဖြင့် သက်ဆိုင်ရာခရိုင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီများက အိမ်ရာမဲ့သူများကို စာရင်း ကောက်ယူပြုစုပြီး အမှန်တကယ်အိမ်ရာလိုအပ်ချက်အပေါ်မူတည်၍ သင့်လျော်သည့် မြေနေရာကို Town Plan တွင်ထည့်သွင်းလျာထားရေးဆွဲပြီး မူဝါဒတောင်းခံ၍ အိမ်ရာစီမံကိန်းများ အကောင် အထည် ဖော်ဆောင်ရွက်ပေးရမည် ဖြစ်ပါကြောင်း၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်အပါအဝင် မြို့ကြီးများတွင်ရှိသော နိုင်ငံ့ဝန်ထမ်းများ၊ အငြိမ်းစားများနှင့် အိမ်ငှားနေထိုင်လိုသူပြည်သူများ အတွက်အိမ်ငှားခ သက်သာသော ပြည်သူ့အငှားအိမ်ရာစီမံကိန်းနှင့် တန်ဖိုးနည်း၊ တန်ဖိုးမျှတ အရောင်းအိမ်ရာ စီမံကိန်းများကို တိုင်းဒေသကြီး ပြည်နယ်အစိုးရအဖွဲ့များ၏ အစီအမံဖြင့် လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီး ဌာန၊ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၏ အစီအစဉ်ဖြင့် လည်းကောင်း တည်ဆောက်ပေး၍ ငှားရမ်းခြင်း၊ ရောင်းချခြင်းများ ဆောင်ရွက်ပေးလျက်ရှိပါ ကြောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးရေးဦးစီးဌာနမှ လူဦးရေထူထပ်ပြီး အိမ်ရာလိုအပ်ချက်များပြားသည့် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများရှိ ပြည်သူများအတွက် အိမ်ရာစီမံကိန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၁ ခုနှစ်မှ ၂၀၂၆ ခုနှစ်အတွင်း တန်ဖိုးနည်း ၊ တန်ဖိုးသင့်အရောင်းအိမ်ရာ အိမ်ခန်းပေါင်း ၇,၈ဝဝ ကျော်ကို ဆောင်ရွက်ပေးခဲ့ပါကြောင်း၊ ၂၀၂၁ ခုနှစ် မှ ၂၀၂၆ ခုနှစ်အတွင်း အိမ်ရာဝယ်ယူနေထိုင်ရန် အခက်အခဲရှိသောသူများအတွက် သက်သာ သောနှုန်း ထားဖြင့် ငှားရမ်းနေထိုင် နိုင်သည့် ပြည်သူ့အငှားအိမ်ရာ အခန်းပေါင်း ၅,၃၁၆ ခန်းနှင့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားအိမ်ရာ နေပြည်တော် တွင် လည်းရှိပါကြောင်း၊ အိမ်ခန်းပေါင်း ၅၂ဝ ခန်းတို့ကိုဆောက်လုပ်ပြီးစီး၍ နေရာချထားပေးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေး နှစ်အတွင်း ပြည်သူ့အငှားအိမ်ရာစီမံကိန်းများအဖြစ် ရန်ကုန်မြို့တွင် အိမ်ခန်းပေါင်း ၄၀၀ ခန်း၊ မန္တလေးမြို့တွင် အိမ်ခန်းပေါင်း ၁၅၆ ခန်း စုစုပေါင်း အိမ်ခန်း ၅၅၆ ခန်းအား ထပ်မံဆောင်ရွက် လျက်ရှိပြီး ငှားရမ်းနေထိုင်လိုသူများ အနေဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရ အဖွဲ့များသို့ အိမ်ခန်းများလျှောက်ထားနိုင်ပါကြောင်း၊ ပြည်သူ့အငှားအိမ်ရာများကို နေရာချ ထားရာ တွင် မိမိတို့ ဖော်ပြထားသည့်အတိုင်း  ပြည်သူများကို ၃၄ ရာခိုင်နှုန်း၊ ဝန်ထမ်းတွေကို ၃၈ ရာခိုင်နှုန်း၊ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများကို ၂၈ ရာခိုင်နှုန်းနှင့် မူဝါဒချပြီး ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊

မေးခွန်း၏ ဒုတိယပိုင်းဖြစ်သည့် မြို့ကြီး များ၌ အလုပ်အကိုင် အခွင့်အလမ်းအတွက် စက်မှု၊ စိုက်ပျိုး၊မွေးမြူရေးဇုန်များ အကောင်အထည်ဖော်ပေးရန်ကိစ္စနှင့်စပ်လျဉ်း၍ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ ပြည်သူများ၏ အလုပ်အကိုင်အခွင့်အလမ်း အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမှ ဆောင်ရွက်ပေးထားသော စက်မှုဇုန် စုစုပေါင်းဧက ၁၂,၀၀၀ ဧကကျော်ရှိသည့်အပြင် ညောင်နှစ်ပင် စိုက်ပျိုးရေး၊ မွေးမြူရေးဇုန် ဧရိယာ ၁၀,၀၆၂ ဧက၊ တွံတေး၊ ကော့မှူး၊ တိုက်ကြီးမွေးမြူရေး ဇုန်ဧရိယာ ၃,၈၂၂ ဧက၊ သီလဝါ စိုက်ပျိုးရေး၊ မွေးမြူရေးဇုန်၊ ရွှေမယင်း ငါးမွေးမြူရေးကန်တို့ကို လည်းဆောင်ရွက်ပေးခဲ့ပြီးဖြစ်ပါကြောင်း၊ မန္တလေးတိုင်း ဒေသကြီးအတွင်း၌လည်း စိုက်ပျိုး၊ မွေးမြူ ရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့က ကုမ္ပဏီ အသင်းအဖွဲ့များ နှင့် အကျိုးတူပေါင်းစပ်၍ ပြင်ဦးလွင်ခရိုင်တွင် စိုက်ပျိုး၊ မွေးမြူရေးဇုန်ဧက ၂၀၀၊ တံတားဦးခရိုင်နှင့် မြင်းခြံခရိုင်တို့တွင် မြို့သာမွေးမြူရေးဇုန် ၃,၂၀၃ ဧကအား အကောင်အထည်ဖော် ဆောင်ရွက်ပေး လျက်ရှိပါကြောင်း၊ ထို့အပြင် ကျေးလက်နှင့်နယ်မြို့များတွင် နေစရာနှင့်အလုပ်အကိုင်အတွက် အငှားမြေယာများ ဆောင်ရွက်ပေးရန်နှင့်စပ်လျဉ်း၍ စိုက်ပျိုး၊ မွေးမြူရေးဆောင်ရွက်ရန်အတွက် မြေယာလိုအပ်သူများ၊ လုပ်ကွက်ငယ် တောင်သူလယ်သမားများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆက်နွယ်သော စီးပွားရေးလုပ်ငန်းများအတွက် သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ် မြေလွတ်၊ မြေလပ်၊ မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ လုပ်ထုံးလုပ်နည်းနှင့်အညီ မြေအသုံးပြုခွင့် တင်ပြ တောင်းခံဆောင်ရွက်နိုင်ပါကြောင်း၊

မေးခွန်း၏တတိယပိုင်းဖြစ်သည့်မြို့ကြီးများ၏ကားလမ်းများပေါ်တွင်ကြုံသလို ဈေးရောင်းချ နေသူများ၏ စားဝတ်နေရေးအတွက် တိုင်းဒေသကြီးနှင့်ပြည်နယ်အစိုးရအဖွဲ့များ၏ စည်ပင်သာယာ ရေးအဖွဲ့များက သတ်မှတ်နေရာများတွင် ဈေးရုံများ၊ အခွန်လွတ်ဈေးများ၊ ရပ်ကွက်ဈေးများ တည်ဆောက်၍ ၎င်းနေရာများတွင် ရောင်းချနိုင်ရေး စီမံဆောင်ရွက်ပေးခြင်းဖြင့် အလုပ်အကိုင် အခွင့်အလမ်းရရှိမည်ဖြစ်ပြီး တစ်ဖက်တွင်လည်း စည်းကမ်းမဲ့ ကျူးကျော်ရောင်းချခြင်းများကို စည်ပင်သာယာရေးဥပဒေများနှင့်အညီ ပညာပေးခြင်း၊ ရှင်းလင်းဖယ်ရှားခြင်းဖြင့် စနစ်တကျ သန့်ရှင်းသပ်ရပ်သည့် မြို့များဖြစ်စေရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ် အစိုးရအဖွဲ့များနှင့် ညှိနှိုင်းပေါင်းစပ်၍ ဖြေကြားလိုပါကောင်း၊ အဖွင့်တွင် မိမိ ပြောသကဲ့သို့ သီးခြားဆွေးနွေးလို၍  အကြောင်းအရာရှိလျှင် လည်း  ဌာနကို အချိန်မရွေး လာရောက်ပြီး  ဆွေးနွေး နိုင်ပါ ကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။

မေးခွန်း
မေးခွန်း

ဦးဉာဏ်ဝင်းထိုက်(ဗိုလ်တထောင်မဲဆန္ဒနယ်) က ဆက်စပ်မေးခွန်းမေးမြန်းခဲ့ပါသည်။

ဒုတိယဝန်ကြီးတင်ပြသည့် အထဲတွင် ဝန်ထမ်းများ၊ အငြိမ်းစားများအတွက် အငှားအိမ်ရာ များ ရှိသည်ဟု ဖော်ပြထားသည့်အတွက် များစွာဝမ်းသာရပါကြောင်း၊ သို့သော်လည်း မိမိတို့ ယခုအချိန်ထိ ရန်ကုန်တိုင်းဒေသကြီးတွင် ကျူးနေ သည့်ပြည်သူများ ၂၀၀,၀၀၀ ကျော်ခန့်ရှိကြောင်း၊ များချင်လည်းများမည်၊ နည်းချင်လည်းနည်းပါလိမ့်မည်၊ ခန့်မှန်းခြေ ၂၀၀,၀၀၀ ကျော်ဝန်းကျင် ရှိသည်ဟု သိထားပါကြောင်း၊ ထိုကျူးများကို မည်သို့ရှင်းလင်း၍ နေရာချထားပေး မလဲဆိုသည့် အစီအစဉ်ကိုလည်း သိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့် က

ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် တိုင်းဒေသကြီးအစိုးရနှင့် ဆက်စပ်ပြီး ဆောင်ရွက်ရ မည် ဖြစ်ပါကြောင်း၊ ထပ်မံ၍ အဆိုပါ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ စီမံကိန်း အသေးစိတ် အချက်အလက်များနှင့် ပတ်သက်၍ လွှတ်တော်ကိုယ်စားလှယ်ကြီး သိအောင် ရှင်းလင်းပြသနိုင်ရန် အတွက် မိမိတို့ရုံးသို့ လာရောက်ဆွေးနွေးရန် ဖိတ်ခေါ်အပ်ပါကြောင်း၊ရှင်းပြစရာ စာအုပ်များ တစ်ထပ်ကြီး  နှင့် စီမံကိန်းများ လည်းတစ်ထပ်ကြီးရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။