ရန်ကုန်မြို့အတွင်းရှိဘတ်စ်ကားမှတ်တိုင်များနှင့်ရှေ့နောက်ကြော်ငြာဆိုင်းဘုတ်လုပ်ပိုင်ခွင့်စာချုပ်အားမည်သို့ပြန်လည်စိစစ်၍ ဥပဒေနှင့်အညီ မည်ကဲ့သို့ အရေးယူဆောင်ရွက်ရန် အစီအစဉ် ရှိ/ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
နိုင်ငံတော်နှင့် ပြည်သူ့ဘဏ္ဍာနစ်နာစေမည့် မမျှတသောပွင့်လင်းမြင်သာမှုမရှိသည့် နှစ်ရှည် မူပိုင်ခွင့် (Monopoly) များကိုသာ စိစစ်ရန်တောင်းဆိုခြင်းဖြစ်ပါကြောင်း၊ ၂၀၁၈ ခုနှစ်၊ NLD အစိုးရ လက်ထက်တွင် FMI Decaux Company ကို YCDC တင်ဒါမှ ရွေးချယ်ခဲ့သည်ဟု Company ၏ Official Announcement တွင် ဖော်ပြထားပါကြောင်း၊ စာချုပ်ချုပ်သည့်သက်တမ်းမှာ နှစ် ၂၀ ရှိပါကြောင်း၊ ၎င်းစာချုပ်က သီးသန့် Exculsive Contract ဖြစ်ပါကြောင်း၊ ထို့ကြောင့် (Street Furniture) လမ်းဘေးကပရိဘောဂနှင် စပ်လျဉ်းပြီး ဘတ်စ်ကားမှတ်တိုင်ရှေ့နောက်က Advertising Panel လို့ပြောခြင်းဖြစ်ပါကြောင်း၊ နှစ် ၂၀ ၎င်းတို့ချည်းသီးသန့် တခြားသူမလုပ်ရဆိုသည့် Contract ဖြစ်ပါကြောင်း၊ FMI Decaux ရင်းနှီးမြှုပ်နှံမှု၊ တည်ဆောက်မှု Operation and Maintenance တို့ကို အသိအမှတ်ပြုပြီး အများပိုင်ပစ္စည်း၏ လက်ရှိနှင့် အနာဂတ် Market Value ကို မှန်ကန်စွာသတ်မှတ်ပြီး မြန်မာပြည်သူများနှင့် ရန်ကုန်မြို့တော်ဘက်က ရသင့်ရထိုက်သည့်အကျိုးအမြတ်များ မနစ်နာစေရေး အတွက် Contract တန်ဖိုးသတ်မှတ်မှုကို ပြန်လည် စိစစ်သင့်ပါကြောင်း။
ထို့ကြောင့် (၁)နိုင်ငံတကာတွင် အများပိုင်ကြော်ငြာနေရာများကို မည်ကဲ့သို့တန်ဖိုး သတ်မှတ်ပြီး လုပ်ကိုင်ခွင့်ပေးနေကြတာကို နှိုင်းယှဉ်ကြည့်စေလိုပါကြောင်း၊ ဘန်ကောက်မြို့တွင် ဘတ်စ်ကားမှတ်တိုင် ၆၉၁ ခုနှင့် ကြော်ငြာနေရာ ၁၁၇၀ ခုကို ၁၀ နှစ်တာလုပ်ပိုင်ခွင့် ပေးသည်ကို ဘန်ကောက်မြို့အနေနှင့် အသုံးပြုခွင့်အခအဖြစ် တစ်နှစ်ကို ထိုင်းဘတ် သန်း ၅၀ခန့် (မြန်မာ ကျပ် ၆.၄၅ ဘီလီယံခန့်) ရရှိသည်ဟု ဘန်ကောက်မြို့တော်မှတ်တမ်းတွင် ဖော်ပြထားပါကြောင်း၊ YCDC ကဘာမှမရပါကြောင်း၊ စင်္ကာပူတွင် ၂၀၂၃ ခုနှစ်မှာ Road Assets Advertising Tender မှာပါဝင်ယှဉ်ပြိုင်သည့်သူ ၄ ဦး၊ အဆိုပြုချက် ၇ ခုရှိခဲ့ပြီး စင်္ကာပူမှာ လည်း ၁၀ နှစ်ပဲ Concession အတွက် စင်္ကာပူအစိုးရက Concession Fee စင်္ကာပူ ဒေါ်လာ သန်း ၂၇၀ ခန့် (မြန်မာကျပ်ငွေ ၉၄၅ ဘီလီယံခန့်) ဖြစ်ပါကြောင်း၊ (၂) လက်ရှိ ရန်ကုန်မြို့၏စာချုပ်ကို မေးမြန်းလိုပါကြောင်း၊ အဆိုပါ နှစ် ၂၀ စာချုပ်တွင် ဘတ်စ်ကားစောင့်မှတ်တိုင် ၅၀၀ ခုနှင့် City Information Panels (CIPs) ၅၀၀ ခု ပါဝင်ပြီး ၎င်းပစ္စည်းများကို ဒီဇိုင်း၊ တည်ဆောက်၊ လုပ်ကိုင်ထိန်းသိမ်းပေးရသည့် (Build-Operate-Maintain) ပုံစံဖြစ်ပါကြောင်း၊ ၎င်းစီမံကိန်းအတွက် ဆိုင်းဘုတ်ထောင်ခြင်း၊ ဘတ်စ်ကားမှတ်တိုင်ဆောက်ခြင်း FMI Decaux ၏ထုတ်ပြန်ချက်အရ စီမံကိန်းတစ်ခုလုံးကို ကြော်ငြာလုပ်ငန်းမှ ထောက်ပံ့မည့်ပုံစံဖြစ်ပြီး Yangon City နှင့် ပြည်သူများအတွက် ကုန်ကျစရိတ်မရှိဘူးလို့ ဖော်ပြထားပါကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ် YCDC တင်ဒါ၌ ကုမ္ပဏီဘယ်နှစ်ခု ဝင်ပြိုင်ပြီး ကုမ္ပဏီတစ်ခုချင်းစီမှ တင်သွင်းသည့် Financial Bid နှင့် လုပ်ငန်းဆိုင်ရာ အဆိုပြုချက်များ ဘယ်လိုရှိခဲ့ပါကြောင်းနှင့် ရွေးချယ်သည့်နေရာတွင် မည်သည့် Evaluation Criteria များကို အသုံးပြုခဲ့ပြီး ဘတ်စ်ကားစောင့်မှတ်တိုင်တစ်ခုနှင့် City Information Panel တစ်ခုချင်းစီ၏ တစ်နှစ်တာကြော်ငြာအသုံးပြုခွင့်တန်ဖိုးကို မည်သို့တွက်ချက်ခဲ့ပြီး လက်ရှိ FMI Decaux ၏ ကြော်ငြာလုပ်ငန်းမှ တစ်နှစ်လျှင် စုစုပေါင်းကြော်ငြာဝင်ငွေ မည်မျှရရှိနေပါပြီး ၎င်းထဲမှ YCDC က တစ်နှစ်ကို အမှန်တကယ် မည်မျှရရှိ၍ အနှစ် ၂၀ စာချုပ်အတွင်း ကြော်ငြာဈေးကွက် တန်ဖိုးနှင့် လုပ်ငန်းဝင်ငွေတိုးလာပါက YCDC ရရှိမည့်အကျိုးအမြတ်လည်း လိုက်ပြီးတိုးလာ နိုင်အောင် CPI ၊ ငွေဖောင်းပွမှု၊ ကြော်ငြာဈေးကွက်တန်ဖိုး ဒါမှမဟုတ် Actual Advertising Revenue အပေါ်မူတည်တဲ့ Review/ Escalation Clause ပါဝင်ပါကြောင်း၊ (၃)နောက်ဆုံးအနေဖြင့် အရေးကြီးဆုံးမေးမြန်းလိုသည်မှာ လက်ရှိစာချုပ်ကို ဥပဒေရေးရာ၊ ဘဏ္ဍာရေး၊ လက်ရှိဈေးကွက် တန်ဖိုးနှင့် အများပိုင်ပစ္စည်းရဲ့ အနာဂတ်တန်ဖိုးအားလုံးကို ထည့်သွင်းပြီး ပြန်လည်သုံးသပ်ပေးရန် အစီအစဉ်ရှိပါသလား၊ သို့ဖြစ်ပါ၍အဆိုပါ လုပ်ပိုင်ခွင့်စာချုပ်အား မည်သို့ပြန်လည်စိစစ်၍ ဥပဒေနှင့် အညီ မည်ကဲ့သို့ ဆက်လက်အရေးယူ ဆောင်ရွက်သွားရန် အစီအစဉ် ရှိ၊ မရှိ မေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ၊ကောင်စီဝင်၊ဦးဝင်းမိုးခိုင်က
ရန်ကုန်မြို့တော်အတွင်း အများပြည်သူ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများတွင် ဘတ်စ်ကား လိုင်းများ ပြေးဆွဲခြင်းလုပ်ငန်းသည် ပြည်သူများ အသုံးပြုမှုများသော သယ်ယူပို့ဆောင်ရေး လုပ်ငန်းတစ်ခုဖြစ်ပြီး အသုံးပြုသူပြည်သူများ တိုးမြင့်လာသည့်အလျောက် ဘတ်စ်ကားလိုင်းများကိုလည်း တိုးချဲ့ဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါ ဘတ်စ်ကားများပြေးဆွဲသော လမ်းကြောင်းတစ်လျှောက် ဘတ်စ်ကားမှတ်တိုင်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ တည်ဆောက် ပေးလျက်ရှိပါ ကြောင်း၊ ဘတ်စ်ကားမှတ်တိုင်များတည်ဆောက်ရာတွင် ပြောင်းလဲလာသောခေတ်နှင့်အညီ ဖြစ်စေရန် ဘတ်စ်ကားစီးခရီးသည်များ အဆင်ပြေစွာနားခိုနိုင်ပြီး မြို့တော်အင်္ဂါရပ်နှင့်အညီ လှပတင့်တယ်မှုကို အထောက်အကူပြုစေရန်အတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အရေအတွက်တိုးတက် လာသော ဘတ်စ်ကားများ ပြေးဆွဲသည့်လမ်းကြောင်းများအတိုင်း ဘတ်စ်ကားမှတ်တိုင်များ တိုးချဲ့ဆောင်ရွက် ရန် လိုအပ်သဖြင့် ဌာနတစ်ခုတည်းဆောင်ရွက်ခြင်းမဟုတ်ဘဲ ဘတ်စ်ကားမှတ်တိုင်လုပ်ငန်း ဆောင်ရွက်လိုသည့် ကုမ္ပဏီများရှိသဖြင့် စံချိန်စံညွှန်းနှင့်အညီ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပါကြောင်း။
ပထမဦးစွာ ဘတ်စ်ကားမှတ်တိုင်ဆောင်ရွက်ရန် ဇုန် ၃ ဇုန်သတ်မှတ်ပြီး Down Town ဧရိယာနှင့် အနီးတစ်ဝိုက်ဖြစ်သော ဇုန် (C) ကို ခေတ်မီဘတ်စ်ကားမှတ်တိုင်များ တည်ဆောက်ရန် အတွက် ၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်တွင် နိုင်ငံတော်ပိုင်သတင်းစာများ၌ ကြော်ငြာပြီး တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ပါကြောင်း၊ ထိုသို့တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါလက်ခံစိစစ်ရေး ကော်မတီမှ စိစစ်ကာ FMI Decaux Co.,Ltd မှ တင်ဒါအောင်မြင်ခဲ့သဖြင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သို့ တင်ဒါခွင့်ပြုချက်ရယူပြီး ဘတ်စ်ကားမှတ်တိုင် (Street Furniture Items) တည်ဆောက်ခြင်းနှင့် ကြော်ငြာတပ်ဆင်ခြင်းလုပ်ငန်း ဆောင်ရွက်ခွင့်စာချုပ်ကို ၂၀.၁.၂၀၁၈ ရက်တွင် ချုပ်ဆိုခဲ့ပါကြောင်း၊ လုပ်ငန်းဆောင်ရွက်ခွင့်စာချုပ်သက်တမ်းသည် တည်ဆောက်ရေးကာလ ၃ နှစ်အပါအဝင် ၂၃နှစ် ဖြစ်ပါကြောင်း၊ ထို့အတူ Down Town ဧရိယာပြင်ပရှိ ဇုန် ၂ဇုန်ကို ၂၀၁၉ ခုနှစ်တွင် ဆက်လက်တင်ဒါ ခေါ်ယူဆောင်ရွက်ခဲ့ရာ Myanmar Ganad Advertising Co.,Ltd နှင့် Zenith Power Co.,Ltd တို့ တင်ဒါအောင်မြင်ခဲ့ပြီးဘတ်စ်ကားမှတ်တိုင်နှင့် ကြော်ငြာတပ်ဆင်ခြင်း လုပ်ငန်းကို လုပ်ငန်းလုပ်ကိုင် ခွင့်စာချုပ် ချုပ်ဆို၍ လုပ်ကိုင်ခွင့်ပြုခဲ့ပါကြောင်း။
အဆိုပါကုမ္ပဏီ ၃ ခုအနက်မှ Zenith Power Co.,Ltd ဟာ ၎င်းတို့၏ ဘဏ္ဍာရေးဆိုင်ရာ အခက်အခဲများနှင့် ကိုဗစ် ၁၉ ကပ်ရောဂါဖြစ်ပွားလာခြင်းတို့ကြောင့် လုပ်ငန်းဆက်လက်ဆောင်ရွက် နိုင်ခြင်းမရှိသဖြင့် စာချုပ်ပါစည်းကမ်းချက်များနှင့်အညီ ၁.၇.၂၀၂၂ ရက်တွင် စာချုပ် ဖျက်သိမ်းခဲ့ပါ ကြောင်း၊ ၎င်းကုမ္ပဏီလုပ်ငန်းဆောင်ရွက်ခွင့်ရရှိသည့် ဇုန်အတွင်းရှိ မြို့နယ်များရှိ ဘတ်စ်ကား မှတ်တိုင်များကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ ဆက်လက် တည်ဆောက် ပြုပြင်ထိန်းသိမ်းလျက်ရှိပြီး ကျန်ရှိသည့် လုပ်ငန်းလုပ်ကိုင်ခွင့်ရရှိသော ကုမ္ပဏီနှစ်ခုသည် လုပ်ငန်း များဆက်လက်ဆောင်ရွက်လျက်ရှိကာ နိုင်ငံတော်သို့ ပေးသွင်းရမည့်အခွန်အခများကိုလည်း စာချုပ်ပါသတ်မှတ်ချက်များနှင့်အညီ မပျက်မကွက် ပေးသွင်းလျက်ရှိပါကြောင်း။
သို့ဖြစ်ပါ၍ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘတ်စ်ကားမှတ်တိုင် တည်ဆောက်ခြင်း၊ ကြော်ငြာတပ်ဆင်ခြင်းလုပ်ငန်းကို FMI Decaux Co.,Ltd တစ်ခုတည်းကိုသာ လုပ်ကိုင်ခွင့်ပြုထားခြင်းမရှိပါကြောင်းနှင့် ဘတ်စ်ကားမှတ်တိုင်တည်ဆောက်ခြင်းလုပ်ငန်း လုပ်ကိုင်ခွင့် ပြုထားသောကုမ္ပဏီများကိုလည်း စာချုပ်ပါသတ်မှတ်ချက်များ၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အညီ ကြပ်မတ်ဆောင်ရွက်လျက်ရှိပြီး FMI Decaux Co.,Ltd အနေနဲ့လည်း တစ်စုံတစ်ရာ ဖောက်ဖျက်ကျူးလွန်ခြင်းမရှိပါ၍ ၎င်းကုမ္ပဏီကို အရေးယူဆောင်ရွက်သွားရန်မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။