အင်းစိန်မြို့နယ်၌ အိမ်ရာကွက်ဖော်ပြီး အဆောက်အဦများ ဆောက်လုပ်ရောင်းချခြင်းနှင့် ဂရန် မြေကွက်များ ရောင်းချခြင်းသည် မည်သည့်ဌာနမှ ခွင့်ပြုထားသည်ကို သိရှိလိုခြင်းနှင့် စပ်လျဉ်း သည့်မေးခွန်း
အင်းစိန်မြို့နယ်၏ အခြေအနေကို ပုံစံပြုပြီး ရန်ကုန်တိုင်းအတွင်း ပြည်သူများလိုလား နေသည့် အခြေအနေကို မေးမြန်းတင်ပြသွားမည် ဖြစ်ပါကြောင်း၊ ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ် အကြောင်းအရာသန်းခေါင်စာရင်းအရ ရန်ကုန်တိုင်းတွင် လူဦးရေ ၇.၃၇ သန်း ရှိသည်ကို သိရပြီး ထိုကဲ့သို့ လူဦးရေထူထပ်စွာနေထိုင်ခြင်းသည် ရန်ကုန်တိုင်းအတွင်း အလုပ်အကိုင် အခွင့်အလမ်း များစသည့် အကြောင်းကြောင်းကြောင့် ဒေသအသီးသီးမှ ပြည်သူများ လာရောက် အခြေချနေ ထိုင် ကြခြင်းဖြစ်ပါကြောင်း၊ ထိုသို့ အခြေချနေထိုင်သူများသည် အများစုမှာ အိမ်ငှားရမ်းနေထိုင်ကြပြီး အနည်းစုမှာ မိမိတို့ဒေသ၌ ရှိသမျှရောင်းချ၍ မြေကိုဝယ်ယူကာ နေထိုင်ကြသူများ ဖြစ်ပါကြောင်း၊ စားဝတ်နေရေးဟူသော အရေး ၃ ပါးအနက် နေရေးကိစ္စကို စိတ်ချမ်းမြေ့စွာဖြင့် နေထိုင်လို ကြပါ ကြောင်း၊ မိမိတို့ ဝယ်ယူနေထိုင်သောမြေကို အငှားဂရန်လျှောက်ထားရာတွင် စည်းကမ်းချက်နှင့် မညီညွတ်၍ လျှောက်ထားခွင့်မရှိဖြစ်နေခြင်း၊ အငှားဂရန်မရှိ၍ မည်သည့်အချိန်တွင် လာရောက် ဖျက်သိမ်းခံရမည်ကို အထူးစိုးရိမ်နေကြပါကြောင်း၊ စားဝတ်နေရေးအတွက် မိမိကိုယ်တိုင် တာဝန် ယူပြီး နိုင်ငံတော် အပိုင်း ဝန်ထုပ်ဝန်ပိုးမဖြစ်စေရေး မိမိဝယ်ယူထားသောမြေကွက်ကို ဒဏ်ငွေ အသီးသီး ကျခံစေပြီး တိုက်ခန်းများ ဆောက်လုပ်ရောင်းချကာ ဘဝရပ်တည်ရေးအတွက် ဖြေရှင်း နေကြသူ ပေါင်း ၆၀၀ ကျော်ခန့် အင်းစိန် မြို့နယ်တွင် ရှိပါကြောင်း၊
ရန်ကုန်တိုင်းအတွင်း၌ မြေပါမစ်မူရင်း အမည်ပေါက်မဟုတ်၍ ဂရန်ချထားပေးနိုင်ခြင်း မရှိသည့် အမှုတွဲပေါင်း ၇,၄၀၀ ကျော်အား ဆိုင်းငံ့ထားခံရပြီး နိုင်ငံသားပြည်သူများအတွက် ဆောင်ရွက်ပေးနိုင်သည့် နည်းလမ်း၊ တာဝန်ယူဆောင်ရွက်ပေးနိုင်မည့်သူမရှိ၍ ပြည်သူများအခက် အခဲ ပေါင်းစုံ ရင်ဆိုင်နေရပါကြောင်း၊ အငှားဂရန်မရှိ၍ ဆောက်လုပ်ခွင့်မရရှိခြင်း၊ လူနေထိုင်ခွင့်မရှိ၍ လျှပ်စစ်မီးဖြတ်တောက်မှုများကြောင့် မိမိဆောက်လုပ်ထားသော အဆောက်အဦကို နေ့စဉ် ငေးမော ၍ အခြားနေရာတွင်သာ ငှားရမ်းနေထိုင်ကြပြီးစားဝတ်နေရေးကို ဖြေရှင်းနေကြပါကြောင်း၊ နိုင်ငံသား ပြည်သူများ၏ ရင်ထဲတွင် ဪ ၎င်းတို့ တစ်ဦးချင်းပိုင်ဆိုင်သည့် မြေနေရာမှာ စည်းကမ်းနှင့်မညီ၍ ဂရန်မရှိခြင်းကြောင့် နေထိုင်ခွင့်မရရှိသော်လည်း အင်းစိန်မြို့နယ် တွင်ရှိသည့် 9-Avenue Villa၊ Palm Hill Villa၊ OASIS Villa၊ Royal Taw Win Villa တို့မှာတော့ မြေငှားဂရန်များ ရောင်းချနေခြင်း၊ အဆောက်အဦများဆောက်လုပ်ကာ ကြော်ငြာရောင်းချနေခြင်း၊ ရေ၊ မီးအတွက် လျှပ်စစ်မီးများ ရှိနေသည်ကို တွေ့ရှိရာတွင် ၎င်းတို့လည်း လုပ်ငန်းရှင်ကြီးများကဲ့သို့ ဆောင်ရွက် နိုင်မည့် နည်းလမ်းကိုလည်း သိရှိလိုကြပါကြောင်း၊ ထို့ကြောင့်အင်းစိန်မြို့နယ်အတွင်းရှိ အိမ်ရာ ကွက်များ ဖော်ဆောင်ပြီး အဆောက်အဦများ ဂရန်မြေကွက်များ၊ ကြော်ငြာ ရောင်းချနေသော ကုမ္ပဏီများက ဆောက်လုပ်ခွင့် ဂရန်ခွဲစစ်ရောင်းချခွင့်များကို မည်ကဲ့သို့ခွင့်ပြုထားသည်ကို သိရှိ လိုပါ ကြောင်းမေးမြန်းခဲ့ပါသည်။
နေပြည်တော်ကောင်စီ ၊ ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ 9-Avenue Villa အား I Green Construction Co., Ltd မှ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲခြံစည်းရိုးကာရံသဖြင့် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော်စည်ပင်သာယာရေးဥပဒေအရ တရားစွဲဆိုအရေးယူထားပါကြောင်း၊ မြို့ပြမြေ စီမံခန့်ခွဲမှုဌာနတွင်လည်း မြေကွက်ခွဲစိတ်လျက်ရှိပါကြောင်းနှင့် မြေပြင်တွင် အဆောက် အအုံများဆောက်လုပ်ခြင်း မရှိပါကြောင်း၊ အင်းစိန်မြို့နယ်၊ ဖော့ကန်ရပ်ကွက်ရှိ Palm Hill Villa အားI Green Construction Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခွင့်ပြုချက်မရှိဘဲ ခြံစည်းရိုးကာရံသဖြင့် ၂၀၁၈ ခုနှစ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ဥပဒေ အရ တရားစွဲဆို အရေးယူထားပါကြောင်း၊ မြေကွက် ၂.၉၂၈ ဧကတွင် အဆောက်အဦ ၈ လုံး တင်ပြ ထားသဖြင့် လုပ်ထုံး လုပ်နည်းနှင့်အညီ စိစစ်ရာ မြေကွက်ခွဲစိတ်ပြီး မြေကွက်တစ်ကွက်ချင်းစီ အလိုက် တင်ပြလာမှသာ ဆောင်ရွက်ပေး၍ရမည်ဖြစ်ကြောင်း အမှုတွဲပိတ်သိမ်းခွင့်တွင် ထည့်သွင်း အကြောင်းကြားထားပါ ကြောင်းနှင့် မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ်ထားခြင်း မရှိပါကြောင်း၊ အင်းစိန်မြို့နယ်၊ ဒညင်းကုန်းရပ်ကွက်ရှိ OASIS Villa အား I Green Construction Co.,Ltd မှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ မုဒ်ဦးနှင့် အကာအရံများသာ ဆောင်ရွက်ထားပါကြောင်းနှင့် မြေပြင်တွင် အဆောက်အအုံများဆောက်လုပ်ထားခြင်း မရှိပါ ကြောင်း အင်းစိန်မြို့နယ်၊ မြို့သစ်(ဂ)ရပ်ကွက်ရှိ Royal Taw Win Villa မြေပြင်စစ်ဆေးချက်အရ Royal Ponnami Residences အား Max Co.,Ltd နှင့် ရွှေတောင်ကုမ္ပဏီလီမိတက်တို့မှ အကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ခြံစည်းရိုးကာရံခွင့်တင်ပြထားခြင်းနှင့် စပ်လျဉ်း၍ စိစစ် ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြေပြင်တွင် အဆောက်အအုံများ ဆောက်လုပ် ထားခြင်း မရှိပါကြောင်း။ အဆိုပါ အိမ်ရာစီမံကိန်းများအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ၊ မြို့ပြမြေ စီမံခန့်ခွဲမှုဌာနနှင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ)တို့မှ စိစစ်ဆောင်ရွက်လျက် ရှိပါကြောင်းနှင့်အဆောက်အအုံ ဆောက်လုပ်ခွင့်ပြုမိန့်အား ထုတ်ပေးထားခြင်း မရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။