မလှိုင်မြို့နယ်၊ မြို့ဦးကွက်သစ်ရပ်ကွက်နှင့် နယ်မြေ ၁၀၊ ၁၁၊ ၁၄ တို့အတွက် စက်ရေတွင်းတူးခြင်း၊ ရေစုကန်ဆောက်ခြင်း၊ ရေစုပ်ပန့် တပ်ဆင်ခြင်းနှင့် ရေပိုက်လိုင်းသွယ်ခြင်းများ အားမည်သည့် ဘဏ္ဍာရေး နှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မလှိုင်မြို့နယ်သည် မြန်မာနိုင်ငံအလယ်ပိုင်း၊ မိုးခေါင်ရေရှားဒေသတွင် ပါဝင်ပြီး မြေမျက်နှာ သွင်ပြင်အမျိုးအစားမှာ ဆပ်ပြာမြေ၊ ကြပ်တည်းမြေ၊ ကျောက်စရစ် ရောမြေအမျိုးအစားဖြစ်ပြီး မြို့ဧရိယာ ၃.၃၅ စတုရန်းမိုင်နှင့် ကျေးရွာအုပ်စုဧရိယာ ၄၂၅.၃၅ စတုရန်းမိုင် ကျယ်ဝန်းပြီး မြို့နယ်လူဦးရေ စုစုပေါင်း ၁၈၀,၀၀၃ ဦးရှိပါကြောင်း၊ မြို့ဦးကွက်သစ် ရပ်ကွက်၊ နယ်မြေ ၁၀၊ ၁၁၊ ၁၄ တို့တွင် အိမ်ခြေအိမ်ထောင်စု ၉၂၉ စုနှင့် လူဦးရေ ၄,၃၃၁ ဦး နေထိုင်လျက်ရှိပြီး မြို့ဦးကွက်သစ် ရပ်ကွက်သည် လွန်ခဲ့သောနှစ်ပေါင်း ၄၀ ကျော်ကာလမှာ စတင် တည်ရှိခြင်း၊ နယ်မြေ ၁၀၊ ၁၁၊ ၁၄ တို့မှာ လွန်ခဲ့သောနှစ်ပေါင်း ၇၀ ကျော်သက်တမ်းရှိနေပြီဖြစ်ပြီး လက်ရှိအချိန်အထိ မြေအောက်ရေ အများစုမှာ ဆပ်ပြာမြေ၊ ကျောက်စရစ်ရောမြေ အများစု ဖြစ်သောကြောင့် အငန်ဓာတ်နှင့် အခါး ဓာတ်များ လွန်ကဲစွာပါရှိသဖြင့် သောက်သုံးရေအဖြစ် အသုံးပြု၍မရရှိဘဲ မြို့ပေါ်ရှိ အခြား နေရာ များမှ ရေများကို ခက်ခဲစွာဝယ်ယူအသုံးပြုနေ ကြရပါ ကြောင်း၊ ၂၀၂၅ ခုနှစ်၊ မြို့ဦးကွက်သစ်ဓမ္မာရုံ၌ တူးဖော်ခဲ့သော အနက်ပေ ၂၀၀ ရှိ ရေတွင်းမှ ရေချိုများထွက်ရှိသဖြင့် ဓမ္မာရုံပတ်ဝန်းကျင်နှင့် လူနေအိမ်များသို့ ဖြန့်ဝေပေးသော်လည်း လုံလောက်မှု မရှိသဖြင့် အဆိုပါဓမ္မာရုံဝင်းအတွင်း၌ မြို့ဦးကွက်သစ်နှင့် နယ်မြေ ၁၀၊ ၁၁၊ ၁၄ မှ ပြည်သူလူထု ၄,၃၃၁ ဦး သောက်သုံးရေရရှိရေးအတွက် အနက်ပေ ၆၀၀ နှင့် အချင်း ၆ လက်မ စက်ရေတွင်း တူးဖော်ခြင်း၊ ရေစုကန်တည်ဆောက်ခြင်းနှင့် ရေစုပ်ပန့်၊ ရေပိုက်လိုင်းများ တပ်ဆင်သွယ်တန်း ပေးခြင်းတို့အား အနီးစပ်ဆုံး မည်သည့် ဘဏ္ဍာရေး နှစ်တွင်ဆောင်ရွက်ပေးနိုင်မည်ကို သိရှိလို ပါကြောင်းမေးမြန်းပါသည်။
နေပြည်တော်ကောင်စီ၊ကောင်စီဝင်၊ ဦးဝင်းမိုးခိုင် က
မလှိုင်မြို့သည် ရပ်ကွက်ကြီး(၄)ခုနှင့် ထန်းတောရပ်ကွက်၊ တိုးချဲ့ကွက်သစ်ဟူ၍ ၆ ရပ်ကွက် ရှိပြီး စည်ပင်သာယာမှ မြို့ရေပေးဝေနိုင်မှုမှာ အမှတ်(၂)၊ အမှတ်(၃)၊ အမှတ်(၄)ရပ်ကွက်များသို့ ပေးဝေလျက်ရှိပြီး ယခုတင်ပြသည့် မြို့ဦးကွက်သစ်ရပ်ကွက်နှင့် နယ်မြေ ၁၀၊ ၁၁၊ ၁၄ တို့သည် အမြင့်ပိုင်းတွင် တည်ရှိသောကြောင့် လက်ရှိရေမပေးဝေနိုင်ခြင်း ဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ မြို့ဦး ကွက်သစ်ရပ်ကွက်နှင့် နယ်မြေ ၁ဝ၊ ၁၁၊ ၁၄ တို့အတွက် သန့်ရှင်းသော သောက်သုံးရေရရှိနိုင်ရန် ၆ လက်မ စက်ရေတွင်းတူးဖော်ခြင်း၊ ရေစုကန် တည်ဆောက်ခြင်း၊ ရေစုပ်ပန့်တပ်ဆင်ခြင်းနှင့် ရေပိုက် လိုင်း သွယ်တန်းခြင်းလုပ်ငန်းများအား ဆောင်ရွက်မည်ဆိုပါက ယခုလက်ရှိဒေသ ပေါက်ဈေးနှုန်း ဖြင့် တွက်ချက်ပါက ခန့်မှန်းကုန်ကျငွေ ကျပ် ၂၉၈.၆ သန်း ကုန်ကျမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်တွင် တင်ပြတောင်းခံ၍ ဘဏ္ဍာငွေခွင့်ပြုချက်ရရှိပါက ဆောင်ရွက်ပေး သွားမည်ဖြစ်ပါ ကြောင်း ဖြေကြားခဲ့ပါသည်။