နောက်ဆုံးရသတင်းများ
တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ကျင်းပ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌဦးခင်ရီ တတိယအကြိမ်ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေးဆဋ္ဌမမြောက်နေ့သို့ လာရောက်လေ့လာသည့်မြန်မာနိုင်ငံလုံးဆိုင်ရာထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ၊ သာသနာနုဂ္ဂဟအသင်းနှင့် နေပြည်တော်မသန်စွမ်းသူများအသင်းတို့အားတွေ့ဆုံ ပြည်သူ့လွှတ်တော် အစည်းအဝေးကျင်းပမှုကို လာရောက်လေ့လာ တတိယအကြိမ် ပြည်သူ့လွှတ်တော်ပုံမှန်အစည်းအဝေး ဆဋ္ဌမနေ့ (၂၈.၉.၂၀၂၆) အစည်းအဝေးမှတ်တမ်း အကျဉ်းချုပ် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီ တတိယအကြိမ် ပြည်သူ့လွှတ်တော် တတိယပုံမှန်အစည်းအဝေး ပဥ္စမမြောက်နေ့သို့ လာရောက်လေ့လာသည့် နေပြည်တော်အမျိုးသမီးများနှင့် ကလေးသူငယ်များဘဝမြှင့်တင်ရေးအသင်းအား တွေ့ဆုံ
MY EN

(စ)- ဦးရယ်ဒမ်းတန်(နော်မွန်းမဲဆန္ဒနယ်)ကိုယ်စား၊ ဦးဆင်ဆုန်း(ခေါင်လန်ဖူးမဲဆန္ဒနယ်)

2026-09-28
လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
မေးခွန်း
ဦးဆင်ဆုန်း (ခေါင်လန်ဖူး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဦးရယ်ဒမ်းတန်(နော်မွန်းမဲဆန္ဒနယ်)ကိုယ်စားဦးဆင်ဆုန်း(ခေါင်လန်ဖူးမဲဆန္ဒနယ်)

ကချင်ပြည်နယ်၊ကဆန်ချောင်းမှရေအားလျှပ်စစ်ဓာတ်အားပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းအားမည်သည့်အချိန်တွင်စတင်မည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

နောင်မွန်းမြို့နယ်သည် ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင်တည်ရှိပြီးမြန်မာနိုင်ငံ၏ မြောက်ဘက်အစွန်ဆုံးတွင် တည်ရှိသောမြို့နယ်ဖြစ်ပါကြောင်း၊ မြန်မာ့တောတောင်အထွဋ် ခါကာဘိုရာဇီတောင်၊ ရေခဲတောင်တည်ရှိရာမြို့လည်းဖြစ်ပါကြောင်း၊ ပန်နန်းတင်မြို့အပါအဝင် မြို့ပေါ်ရပ်ကွက် ၆ခု၊ ကျေးရွာအုပ်စု ၁၃ အုပ်စုနှင့် ကျေးရွာပေါင်း ၄၁ ရွာရှိသော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ လူဦးရေအားဖြင့် ၂၀၂၅-၂၀၂၆ ခုနှစ်တွင် စုစုပေါင်း ၈,၄၀၃ဦးနေထိုင်ကြပြီး မြို့ပေါ်တွင် လူနေနည်းပါး ပြီး ကျေးရွာများတွင် အနေများသော မြို့နယ်ဖြစ်ပါကြောင်း၊  အစိုးရဌာနဆိုင်ရာ ၂၅ ဌာန ရုံးစိုက်ရာ မြို့ဖြစ်သော်လည်း မြို့ကြီးများနှင့် အလှမ်းဝေးသော ကုန်းတွင်း ပိတ်ဒေသဖြစ်သောကြောင့် အစစအရာရာ ခက်ခဲသောမြို့နယ်တစ်မြို့နယ်ဖြစ်ပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသော်လည်း ငြိမ်းချမ်း သော မြို့နယ်တစ်ခုဖြစ်ပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်ဓာတ်အားရရှိရေးသည်ဒေသတစ်ခုလုံး၏ လူမှုစီးပွားရေးတိုးတက်ရန်အတွက် အခြေခံအကျဆုံးဖြစ်ပြီး ယနေ့အထိမြို့ပေါ်ရပ်ကွက်များတွင် တစ်ရက်လျှင် ၃ နာရီသာ ဒီဇယ် အင်ဂျက်စက်ဖြင့် မီးပေးနိုင်ပြီး ကျေးရွာအုပ်စုများကို မီးပေးနိုင်ခြင်း မရှိပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်စွမ်းအင်ဝန်ကြီးဌာန၊ ရေအားလျှပ်စစ်အကောင်အထည်‌ဖော်ရေးဦးစီး ဌာနမှ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတည်ဆောက်နိုင်ရန် ကွင်းဆင်းစူးစမ်းလေ့လာရေးအဖွဲ့ တစ်ဖွဲ့သည် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတွင် ကွင်းဆင်းလေ့လာခဲ့ပါကြောင်း၊ရေအရင်းအမြစ်စူးစမ်း တိုင်းတာရေး အဖွဲ့၏ အစီရင်ခံစာအရ ကဆန်ချောင်းမှ ရေအားလျှပ်စစ်ထုတ်လုပ်ရန် အကြံပြုခဲ့ သော်လည်း လက်ရှိအချိန်အထိ အကောင်အထည်ဖော်မှုမရှိသေးပါကြောင်း၊ ထို့ကြောင့် နောင်မွန်း မြို့နယ်တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်း ၃၇ကျောင်းရှိပြီး လက်ရှိတက်ရောက် နေသော ကျောင်းသူ ကျောင်းသား စုစုပေါင်း ၂,၇၅၂ဦးရှိပါကြောင်း၊ နောင်မွန်းဒေသသည် တောင်ပေါ်ဒေသတစ်ခု ဖြစ်သည့်နည်းတူ အများပြည်သူတို့ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာဆည်းပူး လေ့လာရာတွင် အလွန်ခက်ခဲမှုများ ကြုံတွေ့နေရပါကြောင်း၊ ထို့ကြောင့် လျှပ်စစ်မီးကို လုံလုံလောက်လောက် ရရှိမည်ဆိုလျှင် ကျောင်းသူကျောင်းသားများအတွက်သာမက ပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တိုးတက်လာမည် ဖြစ်ပါကြောင်း။ 

သို့ဖြစ်ပါ၍ ဒေသတစ်ခုလုံး၏ လူမှု စီးပွားဘဝဖွံ့တိုးတက်ရေးအတွက် မရှိမဖြစ်လိုအပ်သော ကဆန်ချောင်းမှ ရေအားလျှပ်စစ်ဓာတ်အား ပေးစက်ရုံတည်ဆောက်ရေးစီမံကိန်းအား ဆောလျင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရန် အစီအစဉ်ရှိ/ မရှိ နှင့် ရှိပါက မည်သည့်အချိန်တွင် စတင် ဆောင်ရွက်နိုင်မည်ကို သိရှိလိုပါကြောင်း မေးမြန်းပါသည်။

အဖြေ
အဖြေ

လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးအေးကျော် က

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်းမြို့နယ်သည် ရပ်ကွက် (၅) ရပ်ကွက်ရှိပြီး အိမ်ခြေ ၃၅၉ အိမ်၊ အိမ်ထောင်စု ၃၅၂ စုခန့်နှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းကို လက်ရှိ ၁၅၀ ကေဗွီအေ မီးစက် ၁ လုံးဖြင့် မြို့ပေါ်ရပ်ကွက်များကို နေ့စဉ် ညနေ ၆ နာရီမှ ည ၉ နာရီအချိန်ထိ     ၃ နာရီခန့် မီးသုံးသူ ၄၄၀ ဦးခန့်အား လျှပ်စစ်မီးဖြန့်ဖြူးပေးလျက်ရှိပါကြောင်း၊ နောင်မွန်းမြို့နယ်တွင် လျှပ်စစ်မီးအပြည့်အဝရရှိရေးအတွက် နောင်မွန်းမြို့၏ အနောက်ဘက် ၁၁ မိုင်ခန့်အကွာမှာရှိသည့် ကဆန်ချောင်းမှ အသေးစားရေအားလျှပ်စစ်ထုတ်ယူနိုင်ရန် ရေအားလျှပ်စစ်အကောင်အထည်ဖော်ရေး ဦးစီးဌာနမှ ပဏာမစူးစမ်းတိုင်းတာရေးအဖွဲ့က ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလအတွင်းမှာ အသေးစိတ် ကွင်းဆင်းတိုင်းတာစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါကြောင်း၊ စစ်ဆေးတွေ့ရှိချက်အရ ရေဆင်းဧရိယာ ၁၄၅ စတုရန်းကီလိုမီတာရှိပြီး စက်တပ်ဆင်အင်အား ၁,၈၀၀ ကီလိုဝပ်မှ ၂,၀၀၀ ကီလိုဝပ်အထိ ထုတ်လုပ်နိုင်မည်ဖြစ်ပါကြောင်း ။ 

နောင်မွန်းမြို့နယ်၏ ဓာတ်အားလိုအပ်ချက်မှာ ၇၀၀ ကီလိုဝပ်ဖြစ်သည်အတွက် ကဆန်ချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်းလုပ်ငန်း ဆောင်ရွက်မည်ဆိုပါက နောင်မွန်းမြို့နယ်မှာ ၂၄ နာရီ ဓာတ်အားအပြည့်အဝ ရရှိနိုင်မည်ဖြစ်ပါကြောင်း၊ နယ်မြေလုံခြုံရေး အခြေအနေအရ တည်ဆောက်ရေးလုပ်ငန်းသုံးပစ္စည်းများ သယ်ယူရန်အခက်အခဲရှိနေခြင်း၊ ရင်းနှီးမြှုပ်နှံလိုသူ ဒေသခံ ပုဂ္ဂလိကလုပ်ငန်းရှင်များ မရှိသေးခြင်းကြောင့် ကဆန်ချောင်း အသေးစားရေအားလျှပ်စစ်စီမံကိန်း လုပ်ငန်းများ လတ်တလော တည်ဆောက်ပေးရန် အစီအစဉ်မရှိသေးပါကြောင်းနှင့် နယ်မြေအခြေအနေ ကောင်းမွန်ပြီး ဒေသခံပုဂ္ဂလိကလုပ်ငန်းရှင်များက မိမိဒေသ လျှပ်စစ်ဓာတ်အားရရှိရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆောင်ရွက်မည်ဆိုပါက အသေးစားလျှပ်စစ်လုပ်ငန်းဖြစ်သည့်အတွက်ကြောင့် ကချင်ပြည်နယ် အစိုးရအဖွဲ့၏အစီအစဉ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားနိုင်မည်ဖြစ်ပါကြောင်း ဖြေကြား ခဲ့ပါသည်။