ကြာအင်းဆိပ်ကြီးမြို့ပေါ် TB(18)လုံးအတွက် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးနိုင်ရေး ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ယခင်က ကြာအင်းဆိပ်ကြီးမြို့နယ်အတွက် လျှပ်စစ်ဓာတ်အားကို မြဝတီမြို့ ၂၃၀ ကေဗွီ ၂၀၀ အမ်ဗွီအေ ဓာတ်အားခွဲရုံကတစ်ဆင့်ရယူပြီး မြဝတီမြို့မှ ကော့ကရိတ်မြို့ထိ ၁၇.၃၁ မိုင်၊ ကော့ကရိတ် မြို့မှာ ကြာအင်းဆိပ်ကြီးမြို့ထိ ၄၁.၃၈ မိုင်အကွာအဝေးကို လျှပ်စစ်ဓာတ်အားရယူရန် ကြာအင်း ဆိပ်ကြီးမြို့ လျှပ်စစ်ဓာတ်အားခွဲရုံကို တည်ဆောက်ခဲ့ရပါကြောင်း၊ ၃၁-၁၂-၂၀၁၉ ရက်မှ စတင်၍ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက် ၆ ခုနှင့် ကျေးရွာပေါင်း ၄၃ ရွာကို လျှပ်စစ်ဓာတ်အား စတင် ဖြန့်ဖြူးခဲ့ပါကြောင်း၊ ၇-၇-၂၀၂၃ ရက်မှစတင်ပြီး ကြာအင်းဆိပ်ကြီးလျှပ်စစ်ဓာတ်အားခွဲရုံ ဖျက်ဆီး ခံခဲ့ရပါကြောင်း၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး ဓာတ်အားလိုင်း ဖျက်ဆီးခံခဲ့ ရပါကြောင်း၊ ထိုကာလအတွင်း ကြာအင်းဆိပ်ကြီးမြို့သည် မွန်ပြည်နယ်၊ ကျိုက်မရော မြို့နယ်(ကဒါ) လျှပ်စစ် ဓာတ်အားခွဲရုံမှပေးထားသည့် ချောင်းနှစ်ခွ ကျေးရွာဓာတ်အားလိုင်း မှတစ်ဆင့် သွယ်ယူပြီး ကြာအင်းဆိပ်ကြီးမြို့ လျှပ်စစ်ဓာတ်အားမီးလင်းရေး ဆောင်ရွက်ခဲ့ပါကြောင်း၊ ၉-၁၁-၂၀၂၃ ရက်မှစ၍ ချောင်းနှစ်ခွ ဓာတ်အားလိုင်းဖျက်ဆီးခံခဲ့ရပါကြောင်း၊ ထိုအချိန်မှစ၍ ကြာအင်းဆိပ်ကြီး တစ်မြို့နယ်လုံး လျှပ်စစ်ဓာတ်အား လုံးဝပြတ်တောက်ခဲ့ပါကြောင်း၊ ယခုအခါမှာဆိုရင် ကြာအင်းဆိပ်ကြီး မြို့ မိဘပြည်သူများက အမှောင်ထဲမှာနေရတာကိုငြီးငွေ့ပြီး လျှပ်စစ်မီးအလင်းရောင်ကို ပြန်လည် တမ်းတနေကြပါကြောင်း။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်(ကဒါ) ဓာတ်အားခွဲရုံမှပေးထားသည့် ချောင်းနှစ်ခွကျေးရွာ ဓာတ်အားလိုင်းမှတစ်ဆင့် ကြာအင်းဆိပ်ကြီးမြို့ကို ဆက်သွယ်ထားသည့် လျှပ်စစ်ဓာတ်အားလိုင်းကို အမြန်ဆုံးပြန်လည်ပြုပြင်ပြီး ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ထရန်စဖော်မာ ၁၈ လုံးအတွက် လျှစ်စစ်ဓာတ်အား အမြန်ဖြန့်ဖြူးပေးနိုင်ရေး စီစဉ်ဆောင်ရွက်ပေးရန် အစီအစဉ် ရှိ၊မရှိ သိရှိလိုပါကြောင်း မေးမြန်း ခဲ့ပါသည်။
လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ ဦးအေးကျော် က
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာရှိသည့် မြို့ပေါ်ရပ်ကွက် ၆ ရပ်ကွက်၊ ဌာနဆိုင်ရာနှင့် ကျေးရွာ ၆၃ ရွာမှ ဓာတ်အားသုံးစွဲသူ ၁၁,၂၄၂ ဦးကို ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီးဓာတ်အားခွဲရုံမှ ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာ ၁၂၃ လုံးဖြင့် ဓာတ်အားဖြန့်ဖြူး ပေးခဲ့ပါကြောင်း၊ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ ၃၀ ရက်မှာ ၆၆ ကေဗွီ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးဓာတ်အားလိုင်း တာဝါတိုင်အမှတ် ၄၅၊ ၄၆ နှင့် ၄၇ တို့အား မိုင်းခွဲ ဖျက်ဆီးခံခဲ့ ရခြင်းကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းမှာ ဓာတ်အားပြတ်တောက်ခဲ့ရပါကြောင်း၊ ၆၆ ကေဗွီ တာဝါတိုင်များ ဖျက်ဆီးခံခဲ့ရမှုကြောင့် ၆၆/၁၁ ကေဗွီ ၁၀ အမ်ဗွီအေ ကြာအင်းဆိပ်ကြီး ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးနိုင်မှု မရှိသည့်အတွက် မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ၃၃/၁၁ ကေဗွီ ၅ အမ်ဗွီအေ ကျိုက်မရော(ကဒါ)ဓာတ်အားခွဲရုံမှ ဓာတ်အားဖြန့်ဖြူးပေးထားသည့် ၁၁ ကေဗွီ ဓာတ်အားလိုင်း၏ ချောင်းနှစ်ခွကျေးရွာ၊ ဘုရားကုန်းကျေးရွာမှတစ်ဆင့် ဓာတ်အားရယူပြီး ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်မှာ ကြာအင်းဆိပ်ကြီးမြို့ပေါ်နှင့် ဌာနဆိုင်ရာရုံးများသို့ ဓာတ်အားဖြန့်ဖြူး ပေးနိုင်ခဲ့ပါကြောင်း၊ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်မှာ မွန်ပြည်နယ်၊ ချောင်းနှစ်ခွကျေးရွာ၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီး မွန်ပြည်နယ်အတွင်းမှာရှိသည့် ၁၁ ကေဗွီဓာတ်အားလိုင်း ၂ မိုင် ခန့် ထိခိုက်ပျက်စီးခဲ့ခြင်းကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်မှစ၍ ချောင်းနှစ်ခွ ကျေးရွာ အပါအဝင် ကြာအင်းဆိပ်ကြီးမြို့ပေါ်ရပ်ကွက်များနှင့် ဌာနဆိုင်ရာရုံးများ ဓာတ်အားပြတ်တောက် ခဲ့ပြီး တည်ဆောက်ထားသည့် ၁၁ ကေဗွီဓာတ်အားလိုင်း၊ ၄၀၀ ဗို့ဓာတ်အားလိုင်းများနှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများ၏ ပျက်စီးမှုများအား နယ်မြေအခြေအနေအရ ယနေ့အထိ စစ်ဆေး နိုင်ခဲ့ခြင်းမရှိသေးပါကြောင်း။
သို့ဖြစ်ပါ၍ မွန်ပြည်နယ်အတွင်းမှာရှိသည့် ၁၁ ကေဗွီဓာတ်အားလိုင်းများပြုပြင်ခြင်းနှင့် ကရင် ပြည်နယ်ဘက်ခြမ်းမှာရှိသည့် ၁၁ ကေဗွီဓာတ်အားလိုင်း ၁၇ မိုင်၊ ကြာအင်းဆိပ်ကြီးမြို့ပေါ်ရှိ ၄၀၀ ဗို့ ဓာတ်အားလိုင်း ၅ မိုင်နှင့် ၁၁/၀.၄ ကေဗွီ ထရန်စဖော်မာများအား နယ်မြေအခြေအနေပေါ်မူတည်ပြီး စစ်ဆေးပြုပြင်ခြင်းလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်းနှင့် စစ်ဆေးဆောင်ရွက် ပြီးသည့်အခါမှာ ကြာအင်းဆိပ်ကြီးမြို့ ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။