ရေတာရှည်မြို့နယ်၊ မြို့နယ်ပြည်သူ့ဆေးရုံကို အထူးကုဆရာဝန်ကြီးများပါဝင်သော စံကိုက်ခုတင် ၅၀ ဆေးရုံအဖြစ်သို့ တိုးမြှင့်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
ရေတာရှည်မြို့နယ်၊ ပြည်သူ့ဆေးရုံကြီးကို ၁၉၅၆ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး မြေဧရိယာ အကျယ်အဝန်း ၅.၈ ဧကရှိပါကြောင်း၊ ယခုအခါ ဆေးရုံကြီးတွင် အတွင်းလူနာဦးရေ ၅၀ ဦးခန့် နေ့စဉ်နှင့်အမျှ တက်ရောက်ကုသခံယူလျက်ရှိပါကြောင်း၊ ရေတာရှည်မြို့နယ်တွင် လူတန်းစား ပေါင်းစုံ၏ ကျန်းမာရေးအတွက် အထူးကုဆရာဝန်ကြီးများနှင့် ပြသရန် လိုအပ်ပါက အခက်အခဲများ ဖြစ်ပေါ်လျက်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ အထူးကုဆရာဝန်ကြီးများပါဝင်သော စံကိုက်ခုတင် ၅၀ ဆေးရုံကြီးအဖြစ် တိုးမြှင့်ပေးပါက မြို့ပေါ်နှင့် ကျေးလက်နေအခြေခံပြည်သူများအတွက် ကျန်းမာ ရေးကိစ္စရပ်များတွင် များစွာ အထောက်အကူဖြစ်စေမည်ဟု ကျိုးကြောင်းဖော်ပြ၍ ရေတာရှည် မြို့နယ်၊ စံကိုက်ခုတင် ၅၀ ဖြစ်မြောက်ရေးကော်မတီမှ ပထမအကြိမ် လွှတ်တော်တွင် ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌသို့ တင်ပြခဲ့ရာ ပြည်သူ့လွှတ်တော်ရုံးမှ ၁၀.၃.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၂/ပသ(အဖရ)/၂၀၁၅-၀၁၈ ဖြင့် ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ပေးပို့ခဲ့ပါ ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနမှလည်း ၂၂.၄.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ရမခ(က)၂၀၁၅(၁၃၉၂)/ ၇၆၃၀ ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ စံကိုက်ခုတင် ၅၀ ဆံ့ဆေးရုံအဆင့်သို့ တိုးမြှင့်ပေးရန် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် စီစဉ်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အကြောင်းပြန်ကြားခဲ့ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ရုံးမှလည်း ၂၆.၄.၂၀၁၅ ရက်စွဲပါစာအမှတ်၊ ၃/၄၃၇(၂၁-ပသ)/အဖရ (၂၀၁၅) ဖြင့် ကျိုးကြောင်းဖော်ပြ၍ ပြည်သူ့လွှတ်တော်ရုံးသို့ တင်ပြခဲ့သော်လည်း အကြောင်း အမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိပါသဖြင့် ပြန်လည်အကောင်အထည်ဖော် ဆောင်ရွက်ပေး ရန် အစီအစဉ် ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်ကဲ့သို့ဆောင်ရွက်ပေးမည်ကို သိရှိလို ကြောင်း ရေတာရှည် မြို့နယ်ပြည်သူလူထုကိုယ်စား မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က
ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်တွင် ၂၅ ခုတင်ဆံ့မြို့နယ်ဆေးရုံ ၁ ရုံ၊ ဆွာတိုက်နယ် ဆေးရုံ၊ မြို့လှတိုက်နယ်ဆေးရုံနှင့် ရေနီတိုက်နယ်ဆေးရုံ စုစုပေါင်းဆေးရုံ ၄ ရုံ ရေတာရှည်မြို့နယ် အတွင်း၌ ဖွင့်လှစ်ထားရှိခြင်းဖြစ်ပါကြောင်း၊ ရေတာရှည်မြို့နယ်အနေဖြင့် တောင်ငူပြည်သူ့ ဆေးရုံကြီးနှင့် ၁၇ မိုင်၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးနှင့် မိုင် ၆၀ ခန့်ကွာဝေးပါကြောင်း၊ ပြီးခဲ့ သည့် ၃ နှစ်တ်ကာလအတွင်း ရေတာရှည်မြို့နယ်ဆေးရုံ၏ တစ်ရက်ပျမ်းမျှ အတွင်းလူနာဦးရေသည် ၂၁ ဦးရှိသည့်အတွက် ဆေးရုံခွင့်ပြုခုတင်ရာခိုင်နှုန်းကို ပြည့်မီခြင်းမရှိသေးသည်ကို တွေ့ပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် လတ်တလော ခုတင် ၅၀ ဆေးရုံအဖြစ် တိုးမြှင့်ပေးရန် မလိုအပ်သေးဟု ဆုံးဖြတ်ထားသည့်အတွက် နောင်ခုတင်တိုးမြှင့်မှုရာခိုင်နှုန်းဆက်လက်တိုးလာလျှင် မိမိတို့ စောင့်ကြည့် ပြီး ဦးစားပေးအစီအစဉ်နှင့် ဆေးရုံခုတင်တိုးမြှင့်ခြင်းကို ဆောင်ရွက်ပေးနိုင်မည်ဖြစ်ပါကြောင်း။
ကိုယ်စားလှယ်တော်ကြီးတင်ပြသည့် ၂၀၁၅ ခုနှစ်၊ ပထမအကြိမ်လွှတ်တော်သက်တမ်းကာလ အတွင်း ၂၀၁၅ ခုနှစ်တွင် ခုတင် ၅၀ အဖြစ် တိုးမြှင့်ရေးကို ဆောင်ရွက်ခဲ့ပြီး ကျန်းမာရေးဝန်ကြီး ဌာနမှ ခွင့်ပြုပြီးသားဖြစ်သည်ဟု မိမိအနေဖြင့် ယခုမှသိရပါကြောင်း၊ သို့သော် မိမိတို့မှတ်တမ်းထဲ တွင် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော်ကာလအတွင်း ဆက်လက် ဆောင်ရွက်နိုင်ခြင်း မရှိသည့် အတွက် ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆက်လက်ဆောင်ရွက်ရန် ကတိကဝတ်စာရင်းထဲတွင် ပါရှိနေခြင်းမရှိခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ပြန်လည်စိစစ်ပြီး ဆက်လက်ဆောင်ရွက်ရန် ရှိပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။