MY EN

(ည)-ဦးခင်မောင်မြင့်(တိုက်ကြီးမဲဆန္ဒနယ်)

2026-09-28
ကျန်းမာရေးဝန်ကြီးဌာန
မေးခွန်း
ဦးခင်မောင်မြင့် (တိုက်ကြီး မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

ဖလုံဘူတာကျေးရွာအုပ်စုမှ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ပေးရန် အစီအစဉ် ရှိ မရှိ သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း 

တိုက်ကြီးမြို့နယ်အတွင်းရှိဖလုံဘူတာကျေးရွာအုပ်စုသည် ကျေးရွာခွဲ ၁၅ ရွာ၊ အိမ်ခြေ ၁,၇၅၉ အိမ်နှင့်လူဦးရေ ၇,၃၆၆ ဦး ရှိပြီး ကျေးလက်ကျန်းမာရေးဌာနခွဲတစ်ခုရှိပါကြောင်း၊ ဖလုံဘူတာ ကျေးရွာအုပ်စုနှင့် ထိစပ်လျက်ရှိ ကင်းမထီးကျေးရွာအုပ်စု၊ ဖလုံကံကုန်းကျေးရွာအုပ်စု၊ ဖလုံရွာမ ကျေးရွာအုပ်စု၊ ကွမ်းခြံကုန်းကျေးရွာအုပ်စု ၄အုပ်စု တို့မှာ အိမ်ခြေ ၁,၈၉၆အိမ်၊ လူဦးရေ ၆,၇၄၉ ဦးခန့်ရှိပါကြောင်း၊ ဖလုံဘူတာကျေးရွာသည် တိုက်ကြီးမြို့နယ်ဆေးရုံနှင့် ၁၂ မိုင်ကွာဝေးပြီး ဥက္ကံတိုက် နယ်ဆေးရုံနှင့် ၁၀ မိုင်ခန့်ကွာဝေးသော ကျေးရွာအုပ်စုဖြစ်ပါကြောင်း၊ အဆိုပါကျေးရွာအုပ်စုများမှ ကျေးလက်နေ ပြည်သူများအတွက် ကျန်းမာရေးဌာနခွဲမှ သားဖွားဆရာမ တစ်ဦးတည်းဖြင့် ကျန်းမာရေးစောင့်ရှောက်မှု လုံလောက်စွာမရရှိကြောင်း။

သို့ဖြစ်ပါ၍ ဖလုံဘူတာကျေးရွာအုပ်စုမှ ကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက် ကျန်းမာရေးဌာနအဖြစ် အဆင့် တိုးမြှင့်ပေးရန် အစီအစဉ် ရှိ၊မရှိ နှင့် အစီအစဉ်ရှိပါက ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်ရန်အတွက် လုံလောက်သည့်မြေဧရိယာအား မြေစာရင်းပုံစံ ၁၀၅၊ ၁၀၆ ကို ကျေးလက်ကျန်းမာရေးဌာနအမည်ဖြင့် ဆောင်ရွက်ထားပြီးဖြစ်ပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဒေါက်တာအေးထွန်း က

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန ၄ ဌာန၊ ကျေးလက်ကျန်းမာရေးဌာန ၄ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၃၇ ဌာနနှင့် မိခင်နှင့် ကလေး ကျန်းမာရေးဌာန ၁ ဌာနဖွင့်လှစ်ပြီး ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိတာဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဖလုံဘူတာကျေးရွာအုပ်စုမှာ ကျေးရွာ ၁ဝ ရွာ၊ အိမ်ခြေ၁,၆၉၈ အိမ်နှင့်လူဦးရေ ၇,၄၆၈ ဦးရှိပါကြောင်း၊ ဖလုံဘူတာကျေးလက်ကျန်းမာရေးဌာနခွဲသည် ကံကုန်းကျေးလက်ကျန်းမာရေးဌာနအောက်မှာရှိပြီး ကျေးရွာပေါင်း၁၇ ရွာ၊ အိမ်ခြေ‌ပေါင်း ၂,၅၆၀ နှင့် လူဦးရေ ၁၀,၅၅၀ ဦးကို သားဖွားဆရာမ ၁ ဦးနှင့် ကျန်းမာရေးမှူး(၄) ၁ ဦးတို့မှ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိတာဖြစ်ပါကြောင်း၊ ထိုကျေးရွာများအနက် ဖလုံဘူတာကျေးရွာမှ ၁၀ မိုင်ခန့်ဝေးသည့် ကင်းမထီး(အထက်)၊ ကင်းမထီး(အလယ်)၊ ကင်းမထီး(အောက်)ကျေးရွာများသည် မိုးရာသီတွင် လမ်းခရီးကြမ်းတမ်းပြီး သွားလာရေးခက်ခဲကြောင်း မိမိတို့ စိစစ်တွေ့ရှိရပါကြောင်း။

ဖလုံဘူတာကျေးရွာသည် ဗဟိုအချက်အချာကျပြီး ဥက္ကံတိုက်နယ်ဆေးရုံနှင့် ၈ မိုင်ခန့်၊ တိုက်ကြီးမြို့နယ်ပြည်သူ့ဆေးရုံနှင့်၁၅ မိုင်ခန့်ကွာဝေးသည့်အတွက်ကြောင့်  လူနာထပ်ဆင့်ပို့ဆောင် ရေးအတွက် လမ်းပန်းဆက်သွယ်မှု ဆောင်ရွက်၍ရသည့်အနေအထားမှာရှိပါကြောင်း၊ထို့ကြောင့် ဖလုံဘူတာကျေးရွာတွင် ကျေးရွာအုပ်စု ၁ဝအုပ်စုအထိ သွားလာလုပ်ကိုင်နိုင်ပြီး အုပ်ချုပ်ရေးအရလုံခြုံမှုရှိကြောင်း၊ လူဦးရေသိပ်သည်းမှုများပြီး ကျောထောက်နောက်ခံကျေးရွာများရှိ၍ ကျန်းမာရေး စောင့်ရှောက်မှုကို လက်ခံအသုံးပြုအားကောင်းသော ကျေးရွာတစ်ရွာဖြစ်ကြောင်း စိစစ်တွေ့ရှိရသည့် အတွက် ဖလုံဘူတာကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာန ဆောက်လုပ်ပေးရန်အတွက် ကျန်းမာရေး ဦးစီးဌာနက မူအားဖြင့်သဘောတူပြီး ဆက်လက်ဆောင်ရွက်ပေးသွားမှာဖြစ်ပါကြောင်း၊ ကျေးလက် ကျန်းမာရေးဌာန ဆောက်လုပ်ရန်အတွက် ပေ ၁၅၀ ပတ်လည်မြေနေရာကို ကျေးလက်ကျန်းမာရေး ဌာနအမည်ပေါက် ပုံစံ၁၀၅၊ ၁၀၆ ရရှိရေး ဆောင်ရွက်နေဆဲဖြစ်ပါကြောင်း၊ အခြေခံအားဖြင့် ကျန်းမာရေးဝန်ကြီးဌာနပိုင်အဖြစ် ဂရန်အမည်ပေါက် (သို့မဟုတ်) အနိမ့်ဆုံးအနေဖြင့် ပုံစံ ၁၀၅၊ ၁၀၆ ရှိရမည်ဖြစ်ရာ အဆိုပါမြေယာပိုင်ဆိုင်မှုရရှိပါက ဖလုံဘူတာကျေးလက်ကျန်းမာရေးဌာနခွဲအား ကျေးလက်ကျန်းမာရေးဌာနအဖြစ် အဆင့်မြှင့်တင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။