လယ်ပြင်စုကျေးရွာတွင်ကျေးလက်ကျန်းမာရေးဌာနခွဲဖွင့်လှစ်ပေးရန်အစီအစဉ်ရှိမရှိသိရှိလိုခြင်းနှင့် စပ်လျဉ်းသည့်မေးခွန်း
မှော်ဘီမြို့နယ်တွင် ရပ်ကွက်ကျေးရွာအုပ်စုပေါင်း ၄၃ အုပ်စုရှိပြီး ကျေးရွာခွဲပေါင်း ၁၉၅ ရွာရှိပါကြောင်း၊ လယ်ပြင်စုကျေးရွာမှာ မိုးကြိုးပစ်ကျေးရွာအုပ်စုထဲမှာပါပြီး ကျေးရွာနေ ပြည်သူ လူထုအများစုက လယ်ယာစိုက်ပျိုးရေးဖြင့် အသက်မွေးဝမ်းကျောင်း ပြုနေသည့်သူများ ဖြစ်ပါ ကြောင်း၊ ကျေးလက်ကျန်းမာရေးဌာနခွဲ တင်ပြတောင်းခံရသည့်အကြောင်း အရင်းမှာ-
(၁) ကျန်းမာရေးစောင့်ရှောက်မှုပေးရန် အလှမ်းကွာဝေးလို့ဖြစ်ပါကြောင်း၊ မှော်ဘီပြည်သူ့ ဆေးရုံနှင့် ၁၅ မိုင်ဝေးပြီး ရေကျော် ကျေးလက်ကျန်းမာရေးဌာနနှင့် ၅ မိုင်ဝေးပါ ကြောင်း၊ မင်းရွာကျေးလက်ကျန်းမာရေးဌာနခွဲနှင့် ၂ မိုင်ခန့်ဝေးပါကြောင်း။
(၂) မိုးတွင်းကာလတွင် ၎င်းလမ်းမှာ မြေကြီးလမ်းဖြစ်သည့် အတွက်ကြောင့် သွားလာ ရေးခက်ခဲပါကြောင်း။
(၃) ကျေးရွာအုပ်စုအတွင်းတွင် အိမ်ထောင်စုလူဦးရေ များပြားသည့် ကျေးရွာဖြစ်ပါ ကြောင်း ဆက်လက်ပြီး မိုးကြိုးပစ်ကျေးရွာမှာပါသည့် လယ်ပြင်စုကျေးရွာအပါအဝင် ကျေးရွာ ၃ရွာသာမက ဘေးပတ်ဝန်းကျင်အနီးမှာရှိသည့် ကျေးရွာပေါင်း ၈ ရွာ၊ လူဦးရေပေါင်း ၂,၀၀၀ ကိုလည်း ကျန်းမာရေးအကာအကွယ်ပေးနိုင်မှာဖြစ်ပါကြောင်း၊ လက်ရှိ ကျေး လက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်ရန်အတွက်ကိုလည်း ဆောက်လုပ်ရန် မြေနေရာ ရွာပိုင်မြေ ၀.၂၃ ဧကလည်း ရှိပြီးဖြစ်ပါကြောင်း။
ထို့ကြောင့် မှော်ဘီမြို့နယ်အတွင်းမှာရှိသည့် လယ်ပြင်စုကျေးရွာတွင် ကျေးလက်ကျန်းမာရေး ဌာနခွဲ ဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊မရှိ ကိုသိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ဒုတိယဝန်ကြီး၊ဒေါက်တာအေးထွန်း က
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် တိုက်နယ်ကျန်းမာရေးဌာန ၁ ဌာန၊ ကျေးလက် ကျန်းမာရေးဌာန ၄ ဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲ ၂၇ ဌာန နှင့် မိခင်နှင့် ကလေးကျန်းမာရေး ဌာန ၁ ခု ဖွင့်လှစ်ပြီး ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာနခွဲ အသစ်ဖွင့်လှစ်ရန် အဆိုပြုသည့် လယ်ပြင်စုကျေးရွာ လူဦးရေ ၅၂၆ ဦး၊ အိမ်ခြေ ၆၉ အိမ်ရှိပြီး ရေကျော်ကျေးလက် ကျန်းမာရေးဌာနအောက်တွင် ပါဝင်သည်ကိုတွေ့ရှိရပါကြောင်း၊ လယ်ပြင်စုကျေးရွာသည် အနီးဆုံး ကျန်းမာရေးဌာနဖြစ်သည့် ရွှေလှေကြီးကျေးလက် ကျန်းမာရေးဌာနအောက်ရှိ မင်းရွာ ကျေးလက် ကျန်းမာရေးဌာနခွဲနှင့် ၁ မိုင်ခွဲခန့်၊ မှော်ဘီမြို့နယ်၊ ပြည်သူ့ဆေးရုံနှင့် ၅ မိုင်ခန့်၊ ရေကျော် ကျေးလက် ကျန်းမာရေးဌာနနှင့် ၅ မိုင်ခန့် အကွာမှာရှိပြီး မိုးရာသီတွင် သွားလာရေးခက်ခဲမှုရှိသည်ကို စိစစ်တွေ့ရှိရပါကြောင်း၊ လယ်ပြင်စုကျေးရွာတွင် ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ် ပေးနိုင်ခဲ့မည်ပါက ရေကျော်ကျေးလက်ကျန်းမာရေးဌာနအောက်မှာရှိကျေးရွာ ၆ ရွာဖြစ်သည့် မိုးကြိုးပစ်ကျေးရွာ၊ ဥတိုကျေးရွာ၊ တောင်လယ်ပြင်ကျေးရွာ၊ မြောက်လယ်ပြင်ကျေးရွာ၊ ပေါက်ကုန်း ကျေးရွာနှင့် ကျီးပင်ဆိပ် ကျေးရွာနှင့် ရွှေလှေကြီးကျေးလက်ကျန်းမာရေးဌာနအောက်မှာရှိတဲ့ ကျေးရွာ ၅ ရွာ ရေပေါ်သဲ့ကျေးရွာ၊ လှည်းကူးစုကျေးရွာ၊ ကံကုန်းကျေးရွာ၊ ဘိုးတရာစု ကျေးရွာ၊ သုံးအိမ်တန်းကျေးရွာ စုစုပေါင်းကျေးရွာ ၁၁ ရွာမှာရှိတဲ့ လူဦးရေပေါင်း ၃,၀၂၈ ဦးနှင့် အိမ်ခြေ ၇၂၆ ကို ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်မည် ဖြစ်ကြောင်း။
လယ်ပြင်စုကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ၁ ခု ဖွင့်လှစ်သင့်ကြောင်း ကို ကျန်းမာရေး ဝန်ကြီးဌာနအနေဖြင့် သဘောထားမှတ်ချက်ရရှိပြီးဖြစ်ပါကြောင်း၊ ထို့ကြောင့် မိုးကြိုးပစ်ကျေးရွာ အုပ်စု၊ လယ်ပြင်စုကျေးရွာမှာ ကျီးပင်ဆိပ်ကွင်းအမှတ်(၂၇၅-က) ဦးပိုင်အမှတ် N-3၊ ဧရိယာ ၀.၃၄ ဧက ရှိသည့် မြေလွတ်မြေရိုင်းအနက်မှ အလျား(၂၀ဝ x အနံ ၅၀)ပေ ၀.၂၃ ဧက အားရယူပြီး ကျေးလက် ကျန်းမာရေးဌာနခွဲ အဆောက်အဦဆောက်လုပ်ရန် လျာထားဆောင်ရွက် ပြင်ဆင်နေခြင်းဖြစ်ပါကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနပိုင်အဖြစ် ဂရန်အမည်ပေါက် သို့မဟုတ် အနိမ့်ဆုံးအနေဖြင့် ပုံစံ၁၀၅၊ ၁၀၆ ရှိရန်လိုအပ်သည့်တွက် မြေစာရင်းဦးစီးဌာနမှတစ်ဆင့် ဗဟိုမြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီသို့ တင်ပြလျှောက်ထားပြီး ပုံစံ ၁၀၅၊ ၁၀၆ ရရှိရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါမြေယာပိုင်ဆိုင်မှုရရှိပါက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ လယ်ပြင်စုကျေးရွာမှာ ကျေးလက်ကျန်းမာရေးဌာနခွဲ ဖွင့်လှစ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့ပါသည်။