မိုင်းရယ်မြို့နယ်၊မန်မုံတိုက်နယ်ဆေးရုံတွင်ကျန်းမာရေးဝန်ထမ်းများထပ်မံခန့်ထားဖြည့်ဆည်းပေးရန်မည်သည့်ဘဏ္ဍာရေးနှစ်တွင်ဆောင်ရွက်ပေးမည်ကိုသိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း
မိုင်းရယ်မြို့နယ်၊ မန်မုံကျေးရွာအုပ်စု၊ မန်မုံတိုက်နယ်ဆေးရုံတွင် နေ့စဉ် ပြင်ပလူနာနှင့် အတွင်းလူနာများကို ကုသပေးနေရသော တိုက်နယ်ဆေးရုံတစ်ခုဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေးဆိုင်ရာကိစ္စအဝဝအတွက် တိုက်နယ်ဆေးရုံတွင်သာ လာရောက်ကုသမှုခံယူနေကြ ရပါကြောင်း၊ အဆိုပါမန်မုံတိုက်နယ်ဆေးရုံတွင် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှစ၍ ဝန်ထမ်းအများစု ထွက်ခွာသွားပြီး လက်ရှိ ဆေးဘက်ကျွမ်းကျင်(၄) ဓာတ်ခွဲ ၁ဦးသာ ကျန်ရှိပါကြောင်း၊ သို့ဖြစ်ပါ၍ မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံတွင် ခွင့်ပြုအင်အား ၁၉ ဦးအနက် ဝန်ထမ်းဖွဲ့စည်းပုံအရ လိုအပ်လျက်ရှိနေသော ဆရာဝန်၊ သူနာပြုနှင့် ဝန်ထမ်းအင်အား ထပ်မံခန့်ထားဖြေရှင်းပေးပါရန် အစီအစဉ် ရှိ၊ မရှိနှင့် ရှိပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာအေးထွန်း က
ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ဆေးရုံတိုင်း၊ အထူးသဖြင့် တိုက်နယ်ဆေးရုံတိုင်းတွင် ဆရာဝန်အနည်းဆုံးရှိစေရေးအတွက် မူဝါဒချမှတ်၍ ကြိုးပမ်းဆောင်ရွက် ဖြည့်သွင်းပေးလျက် ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ် ပြည်သူ့ဆေးရုံတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး ဒေါက်တာကျော်ပြည့်ဖြိုးအောင်မှ တာဝန်ယူကုသပေးလျက်ရှိပါကြောင်း၊ ရှမ်းပြည်နယ်၊ မိုင်းရယ် မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံကို ၁၄-၇-၂၀၂၆ ရက်တွင် ဆေးဘက်ကျွမ်းကျင်(၄) ဓာတ်ခွဲ ၁ ဦး၊ အထက်တန်းသူနာပြု ၁ ဦး၊ သူနာပြု ၂ ဦး တို့ဖြင့်သာလျှင် စတင်၍ ပြန်လည် ဖွင့်လှစ်ဆောင်ရွက် ခဲ့ခြင်းဖြစ်ပါကြောင်း၊ လိုအပ်နေသည့် ဆရာဝန်ဖြည့်သွင်းပေးနိုင်ရေးအတွက် အမြန်စီစဉ်ဆောင်ရွက် သည့်အတွက် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကုသရေးဦးစီးဌာန၏ ၁၈-၉-၂၀၂၆ ရက်စွဲပါစာဖြင့် လားရှိုး မြို့၊ ပြည်သူ့ဆေးရုံကြီးမှ လက်ထောက်ဆရာဝန် ဒေါက်တာရဲနိုင်ဦးကို တာဝန်ချထားခဲ့ရာ ပြီးခဲ့သည့် ၂၂-၉-၂၀၂၆ ရက်မှစ၍ မိုင်းရယ်မြို့နယ်၊ မန်မုံတိုက်နယ်ဆေးရုံမှာ တိုက်နယ်ဆရာဝန်အဖြစ် စတင် တာဝန်ထမ်းဆောင်နေပြီဖြစ်ပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။