MY EN

(ဍ)- ဦးတင်ထွေး(အုတ်ဖိုမဲဆန္ဒနယ်)

2026-09-25
တတိယအကြိမ်
ဆောက်လုပ်ရေးဝန်ကြီးဌာန
Q&A Image
ပါဝင်ဆွေးနွေးသူများ -
မေးခွန်း
ဦးတင်ထွေး (အုတ်ဖို မဲဆန္ဒနယ်) ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ

အုတ်ဖိုနှင့် မိုးညိုမြို့နယ်များ ဆက်သွယ်ထားသည့် မြစ်မခမြစ်ကူးတံတား(တက်ဆွဲ)အား မည်သည့် ဘဏ္ဍာရေးနှစ်တွင် တည်ဆောက်ပေးမည်ကို သိရှိလိုခြင်းနှင့်စပ်လျဉ်းသည့်မေးခွန်း

အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်တဲ့ အုတ်ဖိုမြို့ပေါ်ကနေ မိုးညိုမြို့တို့ကို ဆက်သွယ်တဲ့အနေအထားသည် ၁၆ မိုင်ရှိပြီး မင်းလှမြို့နယ်ကနေတစ်ဆင့် မိုးညိုမြို့နယ်ကို သွားမည်ဆိုလျှင် ၃၁ မိုင်ရှိကာ အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်လိုက်မည် ဆိုလျှင် နီးကပ်စွာနှင့် နွေ၊ မိုး၊ ဆောင်း ရာသီမရွေးသွားလာနိုင်မည့် တံတားတည်ဆောက်ပေးမည် ဆိုလျှင် မြန်ဆန်စွာခရီးရောက်မှာပဲ ဖြစ်ပါကြောင်း၊ အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်ဆောင်ရွက်မည့်တံတား တည်ဆောက်မည့်မြေပုံလျာထားချက်အကြမ်းလေးပဲ ဖြစ်ပါကြောင်း၊ အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်လိုက်မည်ဆိုလျှင် အုတ်ဖို-မြစ်မခ မြစ်ကူးတံတား(တက်ဆွဲ)ရဲ့ မြေပြင်ဆိုင်ရာအချက်အလက်တွေဖြစ်ပြီး ဒီချောင်းရဲ့အမည်၊ မြစ်ရဲ့အမည်က မြစ်မခမြစ်လို့ ခေါ်ဝေါ်ကြပါကြောင်း။

အကျိုးပြုကျေးရွာများအနေနဲ့က အုတ်ဖိုမြို့ပေါ်မှာဆိုရင် မြို့ပေါ် ၆ ရပ်ကွက်နှင့် ကျေးရွာအုပ်စု  ၁၆ အုပ်စု အကျိုးပြုမှာဖြစ်ပြီး မိုးညိုမြို့နယ်တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု ၁၀ အုပ်စုလောက်ကို အကျိုးပြုနိုင်မှာ ဖြစ်ပါကြောင်း၊ မြေပြင်ဆိုင်ရာအခက်အခဲများ ရှိတဲ့အပိုင်းက နွေရာသီနှင့် ဆောင်းရာသီမှာပဲ ဒေသလက်လုပ်တံတားပြုလုပ်ပြီး ဖြတ်သန်းကူးပြီး သွားလာနိုင်တဲ့အခြေအနေဖြစ်သော်လည်းပဲ မိုးရာသီမှာတော့ မင်းလှဘက်မှပတ်ပြီး မိုင်ပေါင်း ၃၀ ကျော် သွားရောက်နေရတဲ့အခြေအနေ ဖြစ်ပါကြောင်း၊ ပြီးခဲ့တဲ့ သမ္မတကြီးဦးသိန်းစိန်ကာလ နိုင်ငံတော်ဒုတိယသမ္မတဖြစ်တဲ့ ဒုတိယ သမ္မတကြီး ဦးဉာဏ်ထွန်းသည် ကျွန်တော်တို့မြို့နယ်ကို ၃-၆-၂၀၁၅ ရက်တွင် လာရောက်စဉ်မှာ အုတ်ဖိုမြို့နယ်မှာရှိတဲ့ မြို့နယ်ပြည်သူများ၏တင်ပြချက်အရ မြစ်မခမြစ်ကူးတံတား တည်ဆောက်ရေး လမ်းညွှန်မှာကြားခဲ့တဲ့အတွက် ကျွန်တော်ကိုယ်တိုင် ပထမအကြိမ် ပြည်သူ့လွှတ်တော် ပုံမှန် အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်းအနေနဲ့ တင်ပြခဲ့ပြီး ယနေ့အထိ အကောင် အထည်ဖော်ဆောင်ရွက်လာနိုင်ခဲ့ခြင်း မရှိသေးတာကိုလည်း ကျွန်တော့်အနေနဲ့ ထူးခြားစွာနဲ့တင်ပြလိုပါကြောင်း။

အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်တဲ့ မြစ်မခမြစ်ကူးတံတား(တက်ဆွဲ)ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်ခန့်က တံတားအထူးအဖွဲ့(၆)ကနေ မြေစာရင်းတိုင်းတာခြင်း၊ ဒီဇိုင်း ရေးထုတ်ခြင်းစတာတွေကို ဘတ်ဂျက်ရေးဆွဲပြီး ပြည်ထောင်စုအစိုးရအဖွဲ့ကို နိုင်ငံတော်သမ္မတရုံး(၁)ကို တင်ပြခဲ့ပါကြောင်း၊ တင်ပြခဲ့သော်လည်းပဲ တက်ဆွဲလမ်းပိုင်းနှင့် အမာခံကျောက်များအဖြစ် အဆင့်မြှင့် တင်ဆောင်ရွက်နိုင်ခဲ့ပါကြောင်း၊ မြစ်မခမြစ်ကူးတံတားသည် ကျွန်တော်တို့မြို့နယ်အတွက် အမှန်တကယ် လိုအပ်လျက်ရှိပြီး ယင်းတံတားကြီး တည်ဆောက်ပြီးစီးပါက အုတ်ဖိုမြို့နယ်မှာ ကျေးရွာအုပ်စု ၃၀ နှင့် မိုးညိုမြို့နယ်မှာ ၁၀ အုပ်စု စုစုပေါင်း လူဦးရေ ၃၀၀,၀၀၀ ခန့် အကျိုးပြု မှာဖြစ်ပါကြောင်း။

သို့ဖြစ်ပါ၍ ကျွန်တော်တို့ အုတ်ဖို မြို့နယ်နှင့် မိုးညိုမြို့နယ်ကို ဆက်သွယ်တဲ့ မြစ်မခမြစ်ကူးတံတား(တက်ဆွဲ)ကို နိုင်ငံတော်က တည်ဆောက်ပေးရန် အစီအစဉ် ရှိ မရှိနှင့် ဆောင်ရွက်ပေးရန်အစီအစဉ်ရှိပါက မည်သည့် ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်က

          ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်နှင့် မိုးညိုမြို့နယ် တို့အား ဆက်သွယ်မည့် မြစ်မခမြစ်ကူး တံတား(တက်ဆွဲ)တည်ဆောက်ရန် လျာထားသည့်မြေနေရာ သည် အုတ်ဖိုဘက်ကမ်းမှာ ပဲခူးတိုင်း ဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော အရှည် ၇ မိုင်၊ ၄ ဖာလုံရှိ အုတ်ဖို-ကျက်ဆူတော-တက်ဆွဲ လမ်း တာဘောင်အဆုံးမှာရှိပြီး မိုးညိုဘက်ကမ်း တွင်လည်း ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့် ခွဲရေးဦးစီးဌာနပိုင် မြစ်မခမြစ်(အနောက်ဘက်) ကမ်းပတ်တာ၏ထိပ်မှာ တည်ရှိနေပါကြောင်း။

မြစ်မခမြစ်သည် နွေရာသီတွင် မြစ်ကမ်းပါးနှစ်ဖက်အကျယ်က ၂ဝဝ ပေခန့်သာရှိပြီး ၃၁-၇-၂ဝ၂၆ ရက်မှာ မိုးရာသီအတွင်းမှာ မြေပြင်ကွင်းဆင်းချက်အရ အုတ်ဖိုဘက်ကမ်းမှာ အုတ်ဖို-ကျက်ဆူတော- တက်ဆွဲလမ်းတာဘောင်အဆုံးမှ မိုးညိုဘက်ကမ်းတွင် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနပိုင် မြစ်မမြစ်၏ အနောက်ဘက်ကမ်းတာပတ်လမ်းအထိ ပေ ၂,၁ဝဝ ခန့် ရေပြင်ကျယ်ကြီး ဖြစ်နေပါကြောင်း၊ မြစ်မခမြစ်သည် ၎င်းပေ ၂,၁၀၀ ခန့်အကျယ်အတိုင်း နှစ်စဉ်ဇွန်လမှ အောက်တိုဘာ လအထိ တစ်နှစ်လျှင် ၅ လခန့် ရေတွေစီးဆင်းနေပါတယ်။ ရေစီးဆင်းလာမှုကို မထိခိုက်စေရန်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ မြစ်ရေကိုကာကွယ်ရန် တည်ဆောက် ထားသော ကမ်းပတ်တာကိုလည်း ထိခိုက်မှုမရှိစေရေးအတွက် တံတားကို ပေ ၂,၆ဝဝ ခန့် တည်ဆောက်ရမည်ဖြစ်ပါကြောင်း၊ အရှည် ၇ မိုင်၊ ၄ ဖာလုံရှိသည့် အုတ်ဖို-ကျက်ဆူတော-တက်ဆွဲလမ်းသည်လည်း  ကွင်းဆင်းစစ်ဆေးသည့် ၃၁-၇-၂၀၂၆ ရက်တွင် မြေသားလမ်းအပိုင်း ၃ မိုင်သည် မော်တော်ယာဉ် ငယ်များ မောင်းနှင်၍မရကြောင်း၊ မိုးညိုဘက်ကမ်းတွင်လည်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနပိုင်လမ်းဖြစ်သော တောင်ဇင်း- ကံစု-တက်ဆွဲလမ်း ၃ မိုင်၊ ၂ ဖာလုံသည်လည်း မိုးရာသီတွင် မော်တော်ယာဉ်ငယ်များသာ သွားလို့ ရကြောင်း၊ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ စီမံခန့်ခွဲသော လက်ပံတန်း-မိုးညို- နတ်တလင်း လမ်း၏ မိုင်တိုင် ၃၁/၅ ကိုလည်း ချိတ်ဆက်သွားမည်ဖြစ်ပြီး မိုးညိုဘက်ကမ်းတွင် ဆည်မြောင်း နှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၏ ကမ်းပတ်တာအား ချဉ်းကပ်လမ်းအဖြစ် အသုံးပြု၍မရပါကြောင်း၊  လက်ရှိလည်း တာဘောင်တွေသည် ရေကျော်ပြီးပြန်လည်ပြုပြင်နေရတဲ့ အခြေအနေရှိပြီး အဲဒီနေရာကိုထပ်လုပ်မည်လျှင် ၆.၅ ဖာလုံ၊ ပေ ၄,၃၀၀ ရှိသည့် လမ်းအသစ်ကိုလည်း ထပ်ဖောက်ရမှာဖြစ်ပါကြောင်း။ 

တံတားအရှည် ၂,၆၀၀ ပေခန့် ရှိသည့် မြစ်မခမြစ်ကူးတံတား(တက်ဆွဲ)သည် မြစ်ကူးတံတားကြီးအဆင့်အဖြစ် တည်ဆောက်ရမည် ဖြစ်ပါသဖြင့် လတ်တလောတည်ဆောက်ရန် အစီအစဉ်မရှိသေးပါကြောင်း ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် ညှိနှိုင်းပေါင်းစပ်၍ ပြန်လည်ဖြေကြားခဲ့ပါသည်။

ဦးတင်ထွေး(ဝေါမဲဆန္ဒနယ်)မှ ဆက်စပ်မေးမြန်းခဲ့ပါသည်- 

မြို့နယ်အတွက် တိုင်းတာစစ်ဆေးမှုတွေ၊ အခြေခံအချက်အလက်တွေ ရယူပြီးတော့မှ ဆောင်ရွက်နေတဲ့အစီအစဉ် တွေကိုလည်း သိရှိရပြီး လတ်တလောမှာ အစီအစဉ်မရှိသေးဘူးဆိုသည့် အခြေအနေကို ဖြေကြားသွားကြောင်း၊ မြို့နယ်အနေနဲ့ ကျေးရွာချင်းဆက် မြို့ကိုတက်ဆိုသည့် ဆောင်ပုဒ်နှင့်အညီ တစ်မြို့နယ်နှင့်တစ်မြို့နယ် ကူးသန်းသွားလာသည့်အခြေအနေများမှာ အခက်အခဲတွေများစွာ ရင်ဆိုင်နေရသည့် အတွက် သင့်လျော်သည့်ဘဏ္ဍာရေးနှစ်မှာ ဆောင်ရွက်ပေးနိုင်ခြင်းရှိ မရှိ မေးမြန်းခဲ့ပါသည်။

အဖြေ
အဖြေ

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ ဦးမျိုးမြင့်က

            ဒီတံတားဆောက်ရန် တံတားတစ်ခုတည်းနှင့်မပြီးသလို တံတားကြီးကကြီးသလို ဆက်စပ်လမ်းတွေကလည်း အများကြီးလုပ်ပေးရမှာဖြစ်ပြီး မြန်မာ ပြည်ထဲမှာလည်းလမ်း၊ တံတားတွေအများကြီးလုပ်ပေးနေပါကြောင်း၊ ကျွန်တော်တို့က နှစ်စဉ် လုပ်ရမည့် ဟာတွေကို ချိန်ပြီးတော့ နိုင်ငံတော်အဆင့်ကိုတင်ပြပြီး အကုန်ဆောင်ရွက်နေပါကြောင်း၊ ဘယ်နှစ်မှာ ထည့်မည်၊ ဘယ်နှစ်မှာပါလာမည်ဆိုတာက သေချာပြောလို့မရဖြစ်နေပါကြောင်း ပြန်လည်ဖြေကြားခဲ့ပါသည်။